Friday, July 13, 2012

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲ


၂၀၁၂-ခု၊ ဇူလိုင်လ (၇) ရက် နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)၊ ရမ္မာဝတီတပ်ရင်း အမှတ်စဉ် (၁/၂၀၁၂) အခြေခံစစ်သင်တန်းဆင်းပွဲကို

 ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေ တပ်မဟာ (၇) ဧရိယာတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ အခမ်းအနားကို နေ့လည် (၁၂) နာရီတွင် စတင်ကာ အခမ်းအနားမှူးအဖြစ် ရမ္မဝတီတပ်ရင်း ဒု-တပ်ရင်းမှူး ခိုင်အောင်ဇံဖြူမှ ဆောင်ရွက်ခဲ့သည်။ ၎င်းအခမ်းအနားမစတင်မှီ သင်တန်းဆင်းရဲဘော်များ ကျိန်တွယ်သစ္စာပြုခြင်းအစီအစဉ်ကိုပထမဆုံး ပြုလုပ်သည်။ အခမ်းအနားကို မဟာမိတ်များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင်ဥက္ကဌ ဖဒိုအောင်မောင်အေး၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ဘားအံခရိုင်အတွင်းအရေးမှူး စောအားတို၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇)၊ တပ်ရင်း (၂၁) မှ တပ်ရင်းမှူးကိုယ်စား ဒု-တပ်ရင်းမှူး ဗိုလ်မှူး မိုးစက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) မှ ရဲဘော်များ တက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒု-ဥက္ကဌခိုင်စိုးနိုင်အောင်နှင့် တကွ (ALP) ဂုဏ်ထူးဆောင်ဗဟိုကော်မတီ ခိုင်စံထွန်းအောင်အပါအဝင် ရခိုင်အမျိုးသမီးအစည်းအရုံးမှ မဲဆောက်ရုံးတာဝန်ခံ စောသန္တာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) အရာရှိအရာခံ အကြပ်တပ်သားများ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မျိုးချစ်ပြည်ချစ် ရခိုင်လူငယ်များ၊ စသည်ဖြင့် လူပေါင်း (၁၅၀) ကျော်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒု-ဥက္ကဌ ခိုင်စိုးနိုင်အောင်မှ သင်တန်းသားရဲဘော်များနှင့် ရမ္မာဝတီတပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများအား အမှာစကားပြောကြားခဲ့သည်။ ထို့အတူ မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဘားအံခရိုင်ဥက္ကဌ ဖဒိုအောင်မောင်အေး၊ ဘားအံခရိုင် အတွင်းရေးမှူး စောအားတိုနှင့် ဒု-တပ်ရင်းမှူး ဗိုလ်မှူးမိုးစက်တို့မှလည်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်းလက်မှတ်အား (KNU)  (၂၄) တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူးမိုးစက်မှ လည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) တပ်ခွဲမှူးဟောင်း ခိုင်မြတ်စိုးမှလည်းကောင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် သင်တန်းမှူး ခိုင်ဇော်မင်းမှလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကို သင်တန်းသားရဲဘော်များသို့ အသီးအသီးပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းကာလ တလျှောက်တွင် ဆုရရှိသော ရဲဘော်များအားလည်း ဆုများကို ပေးအပ်ခဲ့သည်။ ဆုများကို ပေးအပ်ရာတွင် ဘန်ကောက်လူငယ်များမှလည် ဆုရရဲဘော်များအား ထပ်မံဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။ အခမ်းအနားကို နေ့လည် ၂ နာရီတွင်အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

No comments: