Friday, February 26, 2010


ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့
Friday, 26 February 2010 18:30 ကိုထွေး
E-mail Print
ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းကြကြောင်း သိရသည်။

[၂၀၀၉ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် NLD၏ ၂၁ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)]

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် NLD၏ ၂၁ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
ရန်ကုန် အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီ သံတမန် များသည် အမေရိကန် သံတမန်များနှင့် အတူ ရန်ကုန်ရှိ NLD ရုံးသို့ သွားရောက်ပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့နှင့် ၁ နာရီ ကျော် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဥရောပ ပါလီမန်က ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ သူတို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲပေါ့၊ ကျနော်တို့ကို ထောက်ခံ အားပေး နေပေမယ့် ပါတီ သဘောထားက ဘယ်လို ပြက်ပြက် ထင်ထင် ရှိတယ် ဆိုတာ သိရင် သူတို့ဘက်က ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့ အနေ အထားနဲ့ လာတာပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

ယခုနှစ်အတွင်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်၍ “ဆုံးဖြတ်ရန် အချိန် မကျသေး” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏မူကို NLD က ကိုင်စွဲထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သူက ရှင်းပြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ စုံညီ တွေ့ဆုံပြီးမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် CEC တွေ့ဆုံရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရန် ပိုမို အရေးကြီးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

NLD သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင်ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။ ထိုကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

EU သံတမန်များသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတို့ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

UWSA ခေါင်းဆောင် စစ်အစိုးရနှင့် တွေ့မည်
Thursday, 25 February 2010 19:20 ရန်ပိုင်
E-mail Print
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့သို့ ယနေ့ ရောက်ရှိလာကြောင်း တရုတ် မြန်မာ နယ်စပ် အရေး စောင့်ကြည့်သူများက ပြောသည်။

[၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)]

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)
တပ်အသွင် ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်သူဟု စစ်အစိုးရက ယူဆထားသည့် ဦးပေါက်ယူချန်းသည် ဆွေးနွေးပွဲ တက်ရောက်ရန် ဖိအားပေး ခံနေရသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“အရင်က ( ဦးပေါက်ယူချန်း) ကျန်းမာရေး မကောင်းလို့ မတွေ့နိုင်ဘူးလို့ ပြောထားတာ အခု တရုတ်က ဖိအားပေးလို့ သွားတယ်လို့ ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဦးစိန်ကြည်က ဧရာဝတီကို ပြောသည်။

တန့်ယန်းတွင် ဦးပေါက်ယူချန်းနှင့် တွေ့မည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် မကြာသေးမီက ယူနန်ပြည်နယ်သို့ သွားရောက်၍ UWSA ကို ဖိအားပေးရန် တရုတ်အစိုးရကို အကူအညီ တောင်းခံခဲ့သည်ဟု အတည် မပြုနိုင်သည့် နယ်စပ်သတင်းများ အရ သိရသည်။

သို့သော်လည်း စစ်သည် အင်အား ၃၀၀၀၀ ၀န်းကျင် ရှိသည်ဟု ယူဆရသည့် UWSA တပ်ဖွဲ့ အသွင်ပြောင်းရေးကို ဦးပေါက်ယူချန်း တဦးတည်း သဘောဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း တရုတ် မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော်ခေါင်းဆောင်များက အပစ်ရပ်အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) အဖွဲ့မှ ဥက္ကဋ္ဌ ဦးလွယ်မောင်း နှင့် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးကြီး လှမြင့်တို့သည် အင်္ဂါနေ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် ဆွေးနွေးခဲ့ကြောင်း ဦးစိန်ကြည်က ပြောသည်။ သို့သော်လည်း မည်သည့် ရလဒ်ထွက်ပေါ်ခဲ့သည်ကို မသိရသေးပေ။

ရှမ်းပြည်နယ် အခြေစိုက် မိုင်းလား တပ်ဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မကြာမီ တွေ့မည်ဟု သိရသည်။

ပြီးခဲ့သည့် လကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရြဲမင့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များကို မြစ်ကြီးနားမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

KIA အဖွဲ့က ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်သည့် အချက်အလက်များအတိုင်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဆိုလျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်ဟု တုံ့ပြန်ထားသည်။

စစ်ရေးတင်းမာမှု ဖြစ်ပွားနေချိန်တွင် KIAက အပစ်အခတ် ရပ်စဲသည့် ၁၆နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အင်္ဂါနေ့က ပြုလုပ်ရာ စစ်ရေးပြပွဲများ ပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ဗိုလ်ချုပ်ထိန်မောင် ဦးစီးသော ကရင်ငြိမ်းချမ်းရေးကောင်စီ တို့သည် အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ယခုလအတွင်း တွေ့ဆုံခဲ့သည်ဟု DKBAတာဝန်ခံ တဦးက ပြောသည်။

စစ်အစိုးရနှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် DKBA အဖွဲ့ခေါင်းဆောင် အများစုက နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံလိုခြင်း မရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခုလကုန်တွင် အပြီးသတ် အကောင်အထည်ဖော်ရန် စစ်အစိုးရက အချိန်ကာလ သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ် အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့် တပ်များ အဖြစ် ပြောင်းလဲခဲ့သည်။

ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့် လက်နက်ကိုင် တပ်များကို ၂၀၀၉ သြဂုတ်လက စစ်အစိုးရ တပ်များ ၀င်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကိုးကန့် အထူးဒေသ(၁) သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

နယ်ခြားစောင့် အစီအစဉ်ကို လက်ခံခြင်း မပြုသည့် တိုင်းရင်းသား တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးနည်းဖြင့် ဖြေရှင်းဖွယ်ရှိသည်ဟုလည်း အကဲခတ်တချို့က ခန့်မှန်းကြသည်။

မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟူသော လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများမှာ စစ်ရေး ပြင်ဆင်ခြင်း၊ နယ်မြေခံလူထုအား စည်းရုံးခြင်း ဖြစ်သည်ဟု အကဲခတ်များက ပြောသည်။