Friday, December 10, 2010

စစ်တွေ တက္ကသိုလ် ကျောင်းသားများမှ ခေတ်လေးခေတ် ရိုးရာ အ၀တ်အစားများဖြင့် သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေတွင် ကျင်းပမည်

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ကျရောက်သော တန်ဆောင်းမုန်း လပြည့်နေ့တွင် စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဖွဲ့စည်းထားသော AUSSAR အသင်းမှ ဦးစီးပြီး ရခိုင် ခေတ် ၄ ခေတ် ရိုးရာ အ၀တ်အစားများကို ၀တ်ဆင်ပြီး သင်ပုန်းဆွမ်း ကပ်လှူပွဲကို စစ်တွေမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ သင်ပုန်းဆွမ်း ကပ်လှူပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂၁)ရက် တနင်္ဂနွေနေ့ တဆောင်မုန်းလပြည့်နေ့ နံနက် ၆း၀၀ နာရီတွင် စစ်တွေမြို့ လောက မာရ်ဇိန်ပြည်လုံး ချမ်းသာဘုရားကြီးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဟု တာဝန်ရှိသူများက ပြောသည်။

“ သင်ပုန်းဆွမ်း ကပ်လှူပွဲကို လောကမာရ်ဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ရခိုင် မင်္ဂလာ စည်တော်ကိုတီးပြိး ရခိုင်ရိုးရာ အစဉ်အလာ အတိုင်း ကျင်းပ ပြုလုပ် ဖြစ်ပါတယ်။ သင်ပုန်းဆွမ်း ကပ်လှူရာမှာလည်း ရခိုင် မင်္ဂလာစည်တော်က ရှေ့မှ ဦးဆောင်ပြီး နောက်မှ ကျောင်းသား ကျောင်းသူ အယောက် ၁၀၀ ကျော်ခန့်က ဓညဝတီခေတ်၊ ဝေသာလီ ခေတ်၊ လေးမြို့ ခေတ်၊ မြောက်ဦးခေတ် စတဲ့ ခေတ်(၄) ခေတ်ရဲ့ ရခိုင်ရိုးရာ ဝတ်စုံများကို ဝတ်ဆင်ပြီး မြို့ကိုပတ်၍ ရခိုင်ရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ် တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု အသင်းဝင် ကျောင်းသား တဦးက နိရဉ္စရာ သို့ ပြောကြားခဲ့သည်။

အဆိုပါ သင်ပုန်းဆွမ်းကပ်လှူပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ တက္ကသိုလ် ပေါင်းစုံမှ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူ များက ပျော်ပျော် ရွှင်ရွှင် စည်စည်ကားကား ကပ်လှူပူဇော်မည်ဟုလည်း ပြောကြားသည်။

သင်ပုန်းဆွမ်းကပ်လှူပွဲကို ကျင်းပရခြင်း ရည်ရွယ်ချက်ကို သူက ယခုလို ရှင်းပြသည်။

“ ဒီပွဲကို ကျွန်တော်တို့ (AUSSAR) အသင်းက ဦးစီးပြီးတော့ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ (AUSSAR) ဆိုတာကတော့ (Association of University Social and Stipen Affair Rakhine) တက္ကသိုလ် ပညာသင် ထောက်ပံ့ရေးနဲ့ သာရေး နာရေး အသင်း (ရခိုင်) ဖြစ်ပါတယ်။ ဒီအသင်းကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ တွေနဲ့ ဖွဲ့စည်း ထားတာပါ။ ကျွန်တော်တို့ အသင်းကတော့ ကျောင်းသားတွေရဲ့ နာရေနဲ့ ပတ်သတ်လို့လည်း ကုညီ ထောက်ပံ့ပေးသလို သာရေးနဲ့ ပတ်သတ်လာရင်တော့ ကျွန်တော်တို့က ရခိုင်ရိုးရာ အစဉ်အလာ ကို ဖော်ထုတ်မူ ပြုလုပ်ပါတယ်။ ဒီသင်ပုန်းဆွမ်း ကပ်ရတဲ့ အဓိက အချက်လည်း ရခိုင်ရိုးရာကို ထိမ်းသိန်း စောင့်ရှောက်ရေးနဲ့ ဖော်ထုတ်ရေး အတွက် ဖြစ်ပါတယ်။
(နိရဉ္စရာ သတင်း)

လေဘေးသင့် ပြည်သူများကို ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တချို့တွင် စတင် ပိတ်ပင်

စောသူဝင်း
--------------
ရခိုင်ပြည်နယ်မှ လေဘေးသင့် ကျေးရွာများတွင် သောက်ရေကန်များမှ သောက်သုံးရေများ သယ်ယူခွင့်ကို စတင်ပိတ်ပင် တားမြစ်လာသဖြင့် လေဘေးသင့် ပြည်သူများ ရေရရှိရေး အထူး အခက်ကြုံနေကြကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ပိတ်ပင်လိုက်သဖြင့် ဒုက္ခကြုံနေရသော ကျေးရွာများမှာ မြေပုံမြို့နယ်မှ ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။

“ အခု ကျွန်တော်တို့ မြေပုံမြို့နယ် စိတ္တရကျေးရွာ၊ သင်ဘောင်ချောင်း ကျေးရွာနဲ့ တခြားအနီးအနား ကျေးရွာတွေမှာ သောက်ရေကန်တွေထဲ ဆားငံရေတွေ ၀င်သွားတဲ့ အတွက် သရက်တောင် ကျေးရွာတွေမှာ တည်ရှိတဲ့ ရေကန်တွေက ရေကို ခပ်ယူ အသုံးပြုနေကြရပါတယ်။ အခုတော့ သရက်တောင်ကျေးရွာတွေက ရေကန်တွေမှာလည်း ရေက လျော့နည်း လာတော့ အချိန်ပိုင်းနဲ့ ခွင့်ပြုလာတဲ့ အတွက် သောက်သုံးရေ ရရှိရေး အထူး အခက်ကြုံ နေကြရပါတယ်။”

သရက်တောင် ကျေးရွာတွင်လည်း ဂရိ မုန်တိုင်းဒဏ်ကြောင့် သောက်ရေကန် တချို့မှာ ဆားငံရေ ၀င်သွားသဖြင့် သောက်သုံး၍ မရဘဲ ဖြစ်နေသဖြင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျန်ရေကန်များမှ ရေသယ်ယူခွင့်ကို အချိန်ပိုင်းဖြင့် ခွင့်ပြု လာခြင်း ဖြစ်သည်။

သရက်တောင်ကျေးရွာမှ ရွာသားတစ်ဦးကလည်း “ နွေရာသီ ရောက်ရင် ကျွန်တော်တို့ ရွာမှာလည်း ရေရှားပါးမူနဲ့ ရင်ဆိုင်ရနိုင်တဲ့ အတွက် ပတ်ဝန်းကျင်ကျေးရွာတွေက ရေခပ် ရေသယ်ယူခွင့်ကို တစ်နေ့မှာ ညနေ ၃ နာရီက နေပြီးတော့ ညနေ ၅ နာရီ အထိ သယ်ဆောင်ခွင့် ပြုပေးထား ပါတယ်။ နွားလှည်းတွေကို အသုံးပြုပြီး ရေသယ်ယူခွင့်ကို မပြုပါဘုး “ ဟု သူက ပြောသည်။

ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တစ်ချို့တွင် စတင် ပိတ်ပင်လာသဖြင့် လေဘေးသင့်ပြည်သူများမှာ သောက်သုံးရေ ရရှိရေးနှင့် ပတ်သက်ပြီး အထူး ဒုက္ခကြုံတွေ့ နေကြရပြီး လက်ရှိ စစ်အစိုးရ အာဏာပိုင်များမှလည်း လေဘေးသင့် ကျေးရွာများတွင် ကြုံတွေ့နေရသော သောက်သုံးရေး ရရှိရေး ကိစ္စကို ယခုအချိန်ထိ တစုံတရာ ၀ိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

(နိရဉ္စရာ သတင်း)

မြန်မာ-ဘင်္ဂလာနယ်စပ်မှ ကျောက်တော်ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခု ဖေါက်လုပ်နေ

မင်းဆက်ခိုင် --------------- မြန်မာ- ဘင်္ဂလာဒေ့ခ်ျ နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာမှ ကျောက်တော်မြို့ထိ ဆက်သွယ်မည့် ကားလမ်းသစ် တခုကို နအဖ စစ်တပ်မှ စတင် ဖေါက်လုပ်နေကြောင်း သတင်း ရရှိသည်။ ယခုဖေါက်လုပ်နေသော ကားလမ်းသစ်ကို မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းမှ ဂုတ်ပီရွာ အထိ ဖေါက်လုပ်နေခြင်း ဖြစ်ပြီး ဂုတ်ပီမှ တဆင့် ဘူးသီးတောင်ထိ ဖေါက်လုပ်မည် ဖြစ်သည်။ ယခု ဖေါက်လုပ်နေသော ကြိမ်ချောင်းနှင့် ဂုတ်ပီ လမ်းမှာ မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဖေါက်လုပ်ရန် ရာတားထားသည့် ချစ်ကြည်ရေး လမ်းမပေါ်တွင် တည်ရှိသည်။ အဆိုပါ လမ်းသည် ဘင်္ဂလာဒေခ်ျ့ဘက်မှ ကော့ဘဇားမှာ ဘင်္ဂလာဒေခ်ျ့ နယ်စပ်ကျေးရွာ တရွာ ဖြစ်သော ခေါင်းတုံးထိ ဖေါက်လုပ်မည် ဖြစ်ပြီး ခေါင်းတုံးမှ နတ်မြစ်ကို ချစ်ကြည်ရေး တံတား တည်ဆောက် ဖြတ်ကျော်ကာ မြန်မာဘက်မှ တောင်ပြိုမြို့နှင့် ဆက်သွယ်မည် ဖြစ်သည်။ တောင်ပြိုမှ တဆင့် ကြိမ်ချောင်း၊ ကြိမ်ချောင်းမှ ဂုတ်ပီ၊ ဂုတ်ပီမှ ဘူးသီးတောင်ကို ဆက်သွယ်မည် ဖြစ်ပြီး ဘူးသီးတောင်မှ တဆင့် စစ်တွေ- ရန်ကုန် ကားလမ်း တည်ရှိရာ ကျောက်တော်အထိ ကားလမ်း ဖေါက်လုပ်မည် ဖြစ်သည်။ ယခုအခါ ဘူးသီးတောင်နှင့် ကျောက်တော်ကိုလည်း လမ်းကြမ်းဖေါက်လုပ်နေပြီ ဖြစ်ပြီး အဆိုပါ လမ်းသည် စစ်တွေကို ရှောင်ကွင်းကာ မောင်တော အနောက်ဘက် နယ်စပ်မှ ရန်ကုန်ကို တိုက်ရိုက် ဆက်သွယ်နိုင်မည့် လမ်းကြောင်း ဖြစ်သည်။ ယခုကဲ့သို့ စစ်တပ်မှ အဆိုပါ လမ်းကို ဖေါက်လုပ်နေသော်လည်း မည်သည့် အတွက်ကြောင့် ဖေါက်လုပ်ရသည်ကို လူသိ ရှင်ကြား တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်း မရှိကြောင်း သိရသည်။ ၎င်းကုတ်ပီလမ်းမှာ အင်္ဂလိပ်အစိုးရခေတ်ကတည်းက မေယုတောင်ကိုဖြတ်ပြီး ဖေါက်လုပ်ခဲ့သော တောင်ကြား လမ်း တခုဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းကို စစ်တပ်မှအရာရှိများ ဦးဆောင်လုပ်ကိုင်နေခြင်းကို တွေ့ရှိရကြောင်း ဒေသခံ ရယက တဦးက ပြောသည်။ “ ကုတ်ပီလမ်း အတိုင်း ဖေါက်လုပ်နေတာကိုတော့ တွေ့ရပါတယ်။ ဘာအတွက် လမ်းဖေါက် တာလဲဆိုတာ ကိုတော့ မပြောတတ်ပါဘူး။ ဒု-ဗိုလ်မှူးကြီး မြင့်ဦး ဦးစီးပြီး လုပ်နေတာ ဖြစ်ပါတယ်။” ယခုအခါတွင် ကြိမ်ချောင်း ချောင်းကိုဖြတ်ပြီး အဆိုပါ လမ်းသစ်အတွက် တံတားတစင်း တည်ဆောက်ရန် ပြင်ဆင်မှုများလည်း ပြုလုပ်နေကြကြောင်းသိရသည်။ ယခုဖေါက်လုပ်သောလမ်းမှာ ဘင်္ဂလာ-မြန်မာ-တရုတ် လမ်းမကြီး အတွက် ဖြစ်နိုင်ခြေရှိသော်လည်း တခြားကဏ္ဍများ အတွက် ဖြစ်နိုင်ခြေပိုများကြောင်း ဘင်္ဂလာနယ်စပ်တွင် နေထိုင်သူ ဦးသာသာမောင်က ပြောသည်။ “အာရှလမ်းမကြီးအတွက် စတင်ဖေါက်လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားကဏ္ဍတွေ အသုံးပြုဖို့ အတွက် ဖေါက်လုပ်တာ လည်းဖြစ်နိုင်ပါတယ်။ ဥပမာ စစ်လမ်းကြောင်း ပဲဖြစ်ဖြစ်၊ တခြားစီမံကိန်း တခုခု ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ အတိအကျ ပြောဖို့တော့ စောသေးတယ်” ဟု ပြောသည်။ (နိရဉ္စရာ သတင်း