Monday, February 22, 2010

ကလေးစစ်သား စုဆောင်းသူ ၄၄ ဦး အရေးယူခံရ
Monday, 22 February 2010 18:47 လွင်ကို
E-mail Print
အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း အရေးယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ကျော်မြင့်က ပြောသည်ဟု ဆိုသည်။ မည်သို့ အရေးယူသည်ကို ဖော်ပြထားခြင်း မရှိပေ။

အာဏာပိုင်တို့က မြန်မာ့တပ်မတော်ရှိ အသက်မပြည့်သေးသူ အများအပြားကိုလည်း မိသားစုထံ ပြန်လည် အပ်နှံလိုက်သည်ဟု ဆိုသည်။

“၂၀၀၈ ခုနှစ်အတွင်း အသက် ငယ်ရွယ်သူ ၈၃ ဦးကို မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်မြင့်က ပြောကြောင်း Weekly Eleven တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဥပဒေအရ တပ်မတော်တွင် တာဝန် ထမ်းဆောင်မည့် သူသည် အနည်းဆုံး အသက် ၁၈ နှစ် ရှိရမည် ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရသည်ဟု ဆိုသော ပဲခူးမြို့မှ ဒသမတန်း ကျောင်းသား မောင်ဝေဦးချိုနှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများ၏ ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု အာဏာပိုင်တို့က ပြောကြောင်း ရန်ကုန်မြို့ထုတ် ဂျာနယ်တချို့က ရေးသားနေကြသည်။

အာဏာပိုင်တို့၏ ဖြေရှင်းချက်မှာ ရှေ့နောက် ညီညွတ်ခြင်း မရှိဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောသည်။

“၂၀၀၄ခုနှစ်ထဲက အရေးယူမှုတွေရှိတယ်ဆိုတော့ ဒီနှစ်တွေ မတိုင်ခင် ကတည်းက ကလေးစစ်သားတွေ ဘယ်လောက်တောင် ရှိနေမလဲ စဉ်းစားစရာပဲ” ဟု သူက သုံးသပ်သည်။

တပ်မတော်တွင် စစ်သားအဖြစ် နည်းမျိုးစုံ သိမ်းသွင်းခံ ထားရသော ကလေး အများအပြား ရှိနေကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် စစ်သက် ၄ နှစ် ရှိပြီဖြစ်သည့် စစ်သားငယ် တဦးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ တပ်ထဲမှာ အသက် မပြည့်တာ အများကြီးပဲ၊ ကျနော့်ကိုပဲ ကြည့်ပါ၊ အသက် ၁၆ ကတည်းက စစ်ထဲ ရောက်နေတာ” ဟု ၎င်းက ဆိုသည်။
ဧရာဝတီသတင်း

စစ်တကောင်း တောင်တန်းနယ်တွင် ကာဖျူးထုတ်
တိုက်ခိုက်မူ အတွင်း အနည်းဆုံး ဒေသခံ ၅ ဦးထက် မနည်းသေဆုံး

2/20/2010

မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိသော ဗုဒ္ဓဘာသာဝင်များ အများဆုံး နေထိုင်ရာ ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းနယ်တွင် ပြင်ပ ဒေသမှ အခြေချနေထိုင်ရန် လာရောက်လာသူ ဘင်္ဂလီများနှင် ဒေသခံများအကြား အပြန်အလှန်တိုက်ခိုက်မူ ဖြစ်ပွားရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အိမ် ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ပြဿနာ ဖြစ်ပွားရာ နေရာဒေသမှာ စစ်တကောင်းနယ် ရန္ကာမတီ ခရိုင် ဘာဂဟက်မြို့နယ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ယခုအခါ အဆိုပါ မြို့နယ်တွင် ကာဖျူးထုတ်ထားသည်ဟု သိရသည်။

သေဆုံးသူများအားလုံးမှာ စစ်တကောင်းတောင်တန်းနယ်တွင်နေထိုင်သော ဒေသခံ သက်အမျိုးသားများ ဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ ပစ်ခတ် သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

သက်ဆိုင်ရာရဲအဖွဲ့က သေဆုံးသူ နှစ်ဦးသာ ရှိကြောင်း ပြောဆိုသော်လည်း ဒေသခံများက ၆ ဦးထက် မနည်း သေဆုံးကြောင်း ပြောဆိုသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော သက်တော်လှန်ရေး အဖွဲ့ PCJSS က သေဆုံးသူမှာ ၈ ဦးရှိပြီး ဒဏ်ရာ ရသူ ၂၅ ဦးခန့်ရှိကြောင်း ပြောသည်။

ယနေ့ထုတ် The Independent တွင် ၅ ဦးသေဆုံးကြောင်း ဖေါ်ပြသည်။

The Daily Star သတင်းစာက ယနေ့ ဖေါ်ပြရာတွင် လွန်ခဲ့သော သောကြာနေ့ကတည်းက စစ်တကောင်းတောင်တန်းနယ်တွင် အခြေချရန် လာရောက်သူ ဘင်္ဂလီများက မြေယာ အငြင်းပွားမူကြောင့် ဒေသခံများ ပိုင်ဆိုင်သော အိမ် ၄၀ ကျော်ကို စတင် မီးရှို့ရာမှ ပြဿနာ စတင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အခြေချနေထိုင်ရန် လာရောက်သူ ဘင်္ဂလီများသည် ဘင်္ဂလာ စစ်တပ်၏ အကူအညီကို နောက်ခံထားပြီး ယခုကဲ့သို့ မီးရှို့ခြင်း ဖြစ်ကြောင်း ဒေသခံများ စွပ်စွဲချက်ကို ကိုးကားပြီး သတင်းစာက ပြောသည်။ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့စစ်တပ်က ယခုစွပ်စွဲချက်ကို ငြင်းဆိုပြီး ဒေသခံများသည် မိမိအိမ်ကို မိမိ မီးရှို့ပြီး ပြဿနာဖြစ်အောင် တမင် နိုးဆွခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယခုအခါ စစ်တပ်နှင့် ဒေသခံများ အကြား အပြန်အလှန် စွပ်စွဲမူများ ပေါ်ပေါက်နေကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း အချိန်ထိ အခြေချနေထိုင်ရန် ရောက်ရှိလာသူ ဘင်္ဂလီများသည် ဒေသခံများ၏ နေအိမ်များကို ဆက်လက်မီးရှို့နေပြီး ယခုအချိန်ထိ အိမ်ခြေ ၂၀၀ ကျော်မီးရှို့ခံခဲ့ရကာ ထိုအထဲတွင် ဘုန်းတော်ကြီးကျောင်း တကျောင်းနှင့် ခရစ်ယာန် ဘုရားကျောင်း တခုလည်း ပါဝင်သွားခဲ့သည်ဟု သိရသည်။

မီးရှို့မူကို အများဆုံးထိခိုက်ခံခဲ့ရသော ကျေးရွာများမှာ ရွာပေါင်း ၁၃ ရွာရှိပြီး တချို့ရွာများကို ဘင်္ဂလီ အခြေချသူများက သိမ်းပိုက်ထားသဖြင့် သက်အမျိုးသားများ၏ အလောင်းများကို ထုတ်မယူနိုင်သေးဘဲ ရှိနေကြောင်း The Daily Star သတင်းစာ ဖေါ်ပြသည်။

ဒေသခံ တောင်ပေါ် တိုင်းရင်းသားများ နေထိုင်ရာ စစ်တကောင်းတောင်တန်းနယ်တွင် ခရိုင်သုံးခုရှိပြီး အဆိုပါ ခရိုင်များတွင် မြေပြန့်တွင် နေထိုင်သူ ဘင်္ဂလီ လူမျိုး အများအပြားကို ဇီယာ အစိုးရ လက်ထက်တွင် အခြေချနေထိုင်ခွင့် ပြုပေးခဲ့သည်။ ၎င်းနောက်ပိုင်း စစ်တကောင်းတောင်တန်းနယ်တွင် ဘင်္ဂလီလူမျိုးများ အခြေချနေထိုင်မူ အထူးတိုးပွားလာရာမှ ယခုကဲ့သို့ ဒေသခံများနှင့် အဓိဂရုဏ်းများ ဖြစ်ပွားလာခြင်း ဖြစ်သည်။