Tuesday, March 30, 2010


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ဗုဒ္ဓ ရုပ်ထုတော် တည်ဆောက်ပြီ

3/26/2010

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ရုပ်ထုတော် တဆူကို ကော့ဘဇားခရိုင် ပန်းဝါ (ရာမူး) မြို့နယ်ရှိ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာတွင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ လျောင်းတော်မူ ရုပ်ပွားတော်အား မာရမာကြီး ( ဘင်္ဂလီအခေါ် ဘရ၀ါ) ဆရာတော်တပါး ဖြစ်သူ အရှင် ဂရုဏာဆရီမှ ဦးဆောင် တည်ဆောက်နေခြင်း ဖြစ်သည်။

ဆရာတော်မှ ရုပ်ပွားတော် တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။

“ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ မူဆလင် နိုင်ငံ တနိုင်ငံ ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း ခုလို ကြီးမားတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဟာ ဘင်္ဂလာဒေခ်ျ့မှာ မရှိတဲ့ အတွက် ဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ဖူးမျှော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ခုလို တည်ဆောက် ရတာ ဖြစ်ပါတယ်။”

လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ပေ ၁၀၀ ရှည်လျားပြီး အမြှင့်ပေ ၃၀ ခန့်ရှိကာ ရုပ်ထုတော်အား ၂၀၀၇ ခုနှစ်မှ စတင် တည်ဆောက်နေခြင်း ဖြစ်သည်။

ယခု ဗုဒ္ဓ လျောင်းတော်မူ ဘုရား တည်ဆောက်နေသော နေရာမှာ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာ သချိုင်းဟောင်း တည်ရှိရာ တောင်ကုန်းပေါ်တွင် ဖြစ်ပြီး အဆိုပါ မြေအား ပြန်လည် ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံကို ဆရာတော် ဂရုဏဆရီမှ ယခုကဲသို့ ပြောသည်။

“ဒီနေရာဟာ ရခိုင်အမျိုးသားတွေ နေထိုင်ခဲ့တဲ့ တောင်ချေရွာ သချိုင်း ဖြစ်ပါတယ်။ ဒီမြေနေရာဟာ ဒေသခံ ဘာသာခြားတွေ လက်ထဲကို ရောက်ရှိ နေတာကတော့ ကြာပါပြီ။ ဒါပေမယ့်လည်း ဆရာတော်က ဒီနေရာဟာ သချိုင်းမြေဖြစ်တဲ့ အတွက် ခင်ဗျားတို့ အတွက် ဘာမှ အကျိုးမရှိတဲ့ မြေဖြစ်တယ်။ လုပ်ကိုင် စားသောက်လို့လည်း မရဘူး။ ဆရာတော်ကို ရောင်းပါဆိုပီး မေတ္တာရပ်ခံတဲ့ အတွက် သူတို့က ဆရာတော်ကို ပြန်ရောင်းချခဲ့ပါတယ်။ ဧရိယာ အကျယ်အ၀န်းက ၃ ဧက နီးပါးခန့် ရှိပါတယ်။”

အဆိုပါ မြေနေရာအား တူးဖေါ်စဉ် ရခိုင် ရှေးဟောင်း လူကြီး အရိုးစု ၆၀ ကို တူးဖေါ် ရရှိခဲ့သည်ဟု ဆရာတော်က ပြောသည်။

“ဒီနေရာဟာ ရခိုင် အမျိုးသားတွေ နေထိုင်ခဲ့တဲ့ နေရာ ဒေသ တခု ဖြစ်ပါတယ်။ ရခိုင်ရွာကြီးတွေ အများအပြား တည်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ခုထက်ထိ ရခိုင် လူကြီးတွေရဲ့ အရိုး အုတ်ဂူတွေကို ဘုရားကျောင်းဝင်းအတွင်းမှာ မြင်တွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ရခိုင်တွေ မြန်မာပြည်ကို ထွက်ခွာ သွားကြတဲ့အတွက် ဒီရွာတွေဟာ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ခုတော့ ဆရာတော်တို့ရဲ့ မာရမာကြီး လူမျိုးတွေက အခြေချနေထိုင်နေကြပါတယ်” ဟု ပြောသည်။

ယခင်က တောင်ချေရွာတွင် ရခိုင်အိမ်ခြေပေါင်း ၁၆၀၀ ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မှီနှင့် တိုင်ပြီးနောက် ရခိုင် လူမျိုးများက “ မြေကိုချစ် တီဖြစ်သည်” ဟု ဆိုကာ ရွာကို စွန့်ခွာပြီး မြန်မာပြည်ဘက်သို့ ပြောင်းရွှေ့ သွားကြ သည်ဟု ဖလောင်းချိတ်မြို့က ဦးလှအောင်စိန်မှ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ သူဌေးမ မညွှန့်စိန်မှာ ယခု ဘုရား တည်ဆောက်နေရာ တောင်ချေ ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်နေသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ နောက် ၂ လနှင့် ၃ လအကြားတွင် ပြီးစီးနိုင်ပြီး အဆိုပါ ရုပ်ပွားတော်ကို ရခိုင်ပြည်နယ်မှ နာမည်ကြီး ပန်းပု ဆရာတဦးက တည်ဆောက် နေခြင်း ဖြစ်သည်။

ရုပ်ပွားတော်ကို ဦးဆောင် တည်ဆောက်နေသူ ဆရာတော် အရှင် ဂရုဏာ ဆရီမှာ သက်တော် ၄၀ ခန့်သာ ရှိသေးပြီး မြန်မာနိုင်ငံ ရန်ကုန် မဟာစည် တရားစခန်းတွင် တနှစ်ခန့် တရားထိုင်ခဲ့ဖူးသည်ဟု သိရသည်။

အဆိုပါ ရုပ်ထုတော်ကို ဗုဒ္ဓဘာသာ နိုင်ငံများက အကူအညီများဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး အခုအချိန်ထိ အကူအညီများ ထည့်ဝင် လှူဒါန်းနေကြကြောင်း ဆရာတော်က မိန့်ကြားသည်။
လုံထိန်းတပ်ဖွဲ့ဝင်များကို ရဟန်းတော်များက တိုင်တွင်ကြိုးဖြင့် ချည်နှောင်ပြီး ဆိုဆုံးမ

3/26/2010

ရခိုင်ပြည်နယ် မောင်တောမြို့ (၃) မိုင် ကျေးရွာတွင် ယမန်နေ့က စတင် ပြုလုပ်သော အပါး ၁၀၀ ရှင်ပြုပွဲတွင် လုံးထိန်း တပ်ဖွဲ့ တဖွဲ့မှ အရက်သေစာ သောက်စား မူးယစ်ပြီး လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်းရိုက်နှက်ကာ လုံထိန်း ၂ ဦးကို လူမိုက်တိုင်တွင် ချည်နှောင် ထားခဲ့သည်ဟု အမည်မဖေါ်လိုသူ မျက်မြင် တဦးက ပြောသည်။

“လုံထိန်းတွေက အရက်သေစာ မူးယစ်သောက်စားပြီး ဇာတ်ပွဲရှေ့မှာ လာသောင်းကျန်းတော့ ရဟန်းတော်တွေက ၀ိုင်းရိုက်ပီး အဲဒီထဲက လုံထိန်း နှစ်ဦးကို လူမိုက် လူရမ်းကားတွေကို ချည်နှောင်ဖို့ ပြုလုပ်ထားတဲ့ တိုင်မှာ ချည်နှောင်ထားခဲ့ပါတယ်။ ကျန်တဲ့ လုံထိန်းတွေကတော့ ဦးဇင်းတွေ ရိုက်တော့ ကြောက်ပီး စခန်းကို ပြန်ပြေး သွားကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ရှင်ပြုပွဲတွင် ရွှေရတနာ ဇာတ်အဖွဲ့မှ လာရောက် ဖြေဖျော်ရာ လုံထိန်းများက အရက်သေစာ မူးယစ်ကာ လူထုကို စော်ကားသဖြင့် ရဟန်းတော်များက ၀ိုင်းဝန်း ရိုက်နှက်ပြီး ယခုကဲ့သို့ ချည်နှောင်ထားခဲ့ရခြင်း ဖြစ်သည်။

“ရဟန်းတော်တွေက အပါး ၂၀၀ လောက်ရှိမယ် ထင်ပါတယ်။ တမြို့နယ်လုံးက ပင့်ထားတော့ ရဟန်းတော်တွေ ကွင်းမှာ အပြည့်ဘဲ။ လုံထိန်းတွေ စော်ကားတာကို မြင်တော့ ရဟန်းတော်တွေက သည်းမခံနိုင်ဘဲ ရိုက်ပုတ်ပီး နှစ်ဦးကို ကြိုးနဲ့ ချည်နှောင်ပြီး ထားခဲ့ရပါတယ် ” ဟု သူက ပြောသည်။

ရှင်ပြုပွဲသို့ လာရောက်လာသူ အရှင် ဦးသောဘိတက “ ဦးဇင်းတွေမှာ အပြစ်မရှိဘူး။ အပြစ်ရှိတာက လုံထိန်းတွေပါ။ သူတို့က သိပ်ကို ရမ်းကားလွန်းတော့ ဦးဇင်းတွေက နည်းနည်းပါးပါး ဆိုဆုံးမလိုက်တာ ဖြစ်ပါတယ်။ နံနက် မလင်းမှီ ဆရာတော်ကြီးတွေက အဲဒီ လုံထိန်းနှစ်ဦးကို ရဲတာဝန်ရှိသူတွေ လက်ထဲ အပ်လိုက်ပါတယ်” ဟု ပြောသည်။

ယခုကဲသို့ ရဟန်းတော်များက လုံထိန်း တပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းရိုက်နှက်မူကြောင့် ဇာတ်ပွဲ ကြည့်နေသူ လူအုပ်မှာ ဖရိုဖရဲ ဖြစ်သွားသော်လည်း ဆရာတော်များက ပွဲစောင့် ရဲအဖွဲ့၏ အကူအညီကို ယူကာ ပြန်လည် ငြိမ်ဝပ်အောင် ထိန်းသိမ်းခဲ့ရသည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ လုံထိန်းများကို ရိုက်နှက်ပြီး တိုင်တွင် ချည်နှောင်ကာ ရဟန်းတော်များက ဆိုဆုံးမခဲ့ခြင်း အပေါ် ပွဲကြည့်ရန် လာရောက်သည့် ပရိသတ်များက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်ဟု သိရသည်။

ယနေ့ညဉ့်တွင်လည်း ရွှေရတနာ ဇာတ်အဖွဲ့မှ စဉ်လာမပျက် ပုံမှန် တင်ဆက်ကပြရန် အစီအစဉ် ရှိနေကြောင်း သတင်း ရရှိသည်။

ရခိုင်ဒီမိုကရေစီ အင်အားစုများ ဒက္ကားမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

3/27/2010

ဒီမိုကရေစီ အရေး လူပ်ရှားသူ ရခိုင်အမျိုးသား အမျိုးသမီး ၃၀ ခန့်သည် ယနေ့နံနက်က ဒက္ကားမြို့ရှိ မြန်မာ သံရုံးရှေ့သို့ သွားရောက်ပြီး ရွှေးကောက်ပွဲကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

“ရွှေးကောက်ပွဲ ဥပဒေ အလိုမရှိ၊ ၂၀၁၀ ရွှေးကောက်ပွဲ အလိုမရှိ” ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြသဖြင့် မြန်မာသံရုံးရှေ့ အနီးတ၀ိုက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဒေသခံများနှင့် အနီးအနားမှ လူများက ဆန္ဒပြပွဲကို ၀ိုင်းအုံ ကြည့်ရှု့ခဲ့ကြသည်။

ဆန္ဒပြပွဲ စီစဉ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ဦးဆောင်ရာတွင် ပါဝင်သူ တဦးဖြစ်သည့် အမျိုးသားရေး ကိုနိုင်နိုင်မှ “ ဒီအခု ထုတ်ပြန်လိုက်တဲ့ ရွှေးကောက်ပွဲ ဥပဒေဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ဒါ့ပြင် လာမယ့် ရွှေးကောက်ပွဲဟာလည်း ဘယ်လိုနည်းနဲ့မှ လက်ခံ နိုင်စရာ မရှိဘူး။ စစ်အာဏာရှင် စနစ်နဲ့ တိုင်းပြည်ကို ဆက်လက် ကျွန်ပြုဖို့ လုပ်ထားတဲ့ ဖွဲ့စည်းပုံနဲ့ ပြုလုပ်မယ့် ရွှေးကောက်ပွဲ ဖြစ်တာကြောင့် ကျွန်တော်တို့က လာရောက် ကန့်ကွက် ဆန္ဒလာပြရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ရခိုင်ပြည်သူတွေ မပြောနိုင်တာကို ကျွန်တော်တို့က ရခိုင်ပြည်သူတွေရဲ့ ကိုယ်စား ဒီနေရာမှာ လာရောက် ပြောဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ရဟန်းတော်များ၊ ကျောင်းသားများနှင့် အမျိုးသမီးများ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများ ပါဝင်သော ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဦးဆောင်ရာတွင် ပါဝင်သူ တဦး ဖြစ်သည့် နိုင်ငံရေး သမား ဦးခိုင်ကျော်ခိုင်က “ ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ နအဖ စစ်အာဏာရှင် လက်အောက်မှာ ကျွန်ပြု ခံနေကြရပါတယ်။ ကျွန်တော်တို့မှာ စာပေ ယဉ်ကျေးမူ အနုပညာလက်ရာ ဘာတခုကိုမှ နအဖ စစ်အစိုးရ လက်အောက်မှာ ဖေါ်ထုတ်ခွင့် မရကြပါဘူး။ ရွှေးကောက်ပွဲ မတိုင်မှီလည်း ကျွန်တော်တို့ ရခိုင်တွေဟာ စစ်ကျွန်၊ ရွေးကောက်ပွဲပီးရင်လည်း စစ်ကျွန်ဘ၀ လွှတ်မြောက်လာမှာ မဟုတ်တာကြောင့် ဒီရွှေးကောက်ပွဲဟာ ကျွန်တော်တို့ ရခိုင် လူထု အတွက် ဘာမှ မထူးပါဘူး။ အခု နအဖ အတည်ပြုပေးလိုက်တဲ့ ဖွဲ့စည်းပုံနဲ့ ရွှေးကောက်ပွဲ ၀င်ဖို့ ရခိုင်ပါတီတွေ မှတ်ပုံ တင်ကြရင်တော့ အရင်ကထက် ပိုဆိုးသွားတာ တခုကတော့ နအဖ စစ်အစိုးရကို ရခိုင်လူထု အပေါ် စစ်ကျွန်ဘ၀နဲ့ ဆက်လက် အုပ်ချုပ်မှာကို သဘောတူကြောင်း လက်မှတ် ရေးထိုး ပေးလိုက်သလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်သူတွေ အနေနဲ့ လာမယ့် ရွှေးကောက်ပွဲကို လုံးဝ ဆန့်ကျင်ကြဖို့နဲ့ ရွှေးကောက်ပွဲ မ၀င်ကြဖို့ လိုပါလိမ့်မယ်” ဟုပြောသည်။

ဦးခိုင်ကျော်ခိုင်သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် စစ်တွေတွင် တက်ကြွစွာ ပါဝင် လူပ်ရှားခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ ထောင်မှ လွှတ်ပြီး ဘင်္ဂလာဒေခ်ျ့ကို ဒီမိုကရေစီ အရေး ဆက်လက် ဆောင်ရွက်ရန် ရောက်ရှိ လာခဲ့သည်။

ဆန္ဒပြနေစဉ် အတွင်း ဘင်္ဂလာရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆန္ဒမပြရန် ဟန့်တားသဖြင့် ဆန္ဒပြပွဲ စပြီး မိနစ် ၃၀ ကျော် အကြာတွင် ရပ်နားခဲ့သည်။

ဆန္ဒပြသူများသည် ရဲအရာရှိများ ဟန့်တားနေသည့်ကြားထဲက သံရုံးရှေ့တွင် ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည် အောင်ရမည်ဟု ကြွေးကြော်ကာ နံနက် ၁၀ နာရီမှ စတင်ခဲ့သော ဆန္ဒပြပွဲကို ၁၁ နာရီ အချိန်တွင် ရပ်နားခဲ့ကြသည်ဟု သိရသည်။

နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား ခိုင်ကျော်ခိုင်၏ အမြင်

3/30/2010

ဦးခိုင်ကျော်ခိုင်ဟာ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်းရေးမှာ ရဟန်းဘဝနဲ့ စစ်တွေမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့ အတွက် စစ်အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင် ၂နှစ်ခွဲ ချမှတ် ခံခဲ့ရပါတယ်။ ထောင်က လွတ်လာပြီး တဲ့ နောက်ပိုင်းမှာလည်း ထောက်လှမ်းရေးတွေက အနံ့ခံ လိုက်နေတဲ့ အတွက် ပြည်တွင်းထဲမှာ မနေနိုင်ဘဲ စစ်တွေကနေပြီး ဘင်္ဂလာဒေ့ခ်ျကို ထွက်ခွာလာခဲ့ ရသူ တဦး ဖြစ်ပါတယ်။ အခုအခါ ခိုင်ကျော်ခိုင်ဟာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဖလောင်းချိတ်မြို့မှာ နေထိုင်ပြီးတော့ ကျောင်းဆရာ လုပ်နေပါတယ်။ သူ့ကို ဒီနှစ်မှာ ကျင်းပ ပြုလုပ်ဖို့ ပြင်ဆင် နေတဲ့ နအဖ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောချင်ပါသလဲ လို့ နိရဉ္စရာက မေးကြည့်တဲ့အခါ သူက အခုလို စပြောပါတယ်။

ဖြေ။ ကျွန်တော်တို့ အဓိကပြောချင်တာက မြန်မာနိုင်ငံမှာ ရခိုင် အမျိုးသားတွေဟာ နအဖ စစ်အုပ်စု လက်ထက်မှာ မကြုံဖူးအောင် အထူး ဖိနှိပ်မူတွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေကြရ ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးက အစ နေရာတိုင်းမှာ အခက်အခဲ အမျိုးမျိုးနဲ့ တွေ့ကြုံ နေကြ ရတာလည်း ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အနေနနဲ့ ဒီရွှေးကောက်ပွဲဆိုင်ရာ ဥပဒေကို မဆန့်ကျင် မကန့်ကွက်ဘူး ဆိုလို့ရှိရင် ကျွန်တော်တို့ သားစဉ်မြေးဆက် စစ်ကျွန်ဘ၀က လွှတ်မြှောက်တော့မှာ မဟုတ်ပါဘူး။ အဲဒီ ဥပဒေအတိုင်း ကျွန်တော် တို့ ဆက်လိုက်သွားမယ်ဆိုရင် ကျွန်တော်တို့ အားလုံးဟာ စစ်ဖိနပ်အောက်က လုံးဝလွှတ်မြောက်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရခိုင်လူမျိုး ဟာ တချိန်ခါက ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စာပေနဲ့ နေခဲ့တဲ့ လူမျိုး တမျိုးပါ။ အခုအခါ နအဖ စစ်အစိုးရ လက်အောက်မှာ ကျွန်သပေါက် ဘဝကို ရောက်နေကြရတာဟာ တကယ့်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကို ဆက်ပြီးတော့ ကျွန်ပြုမယ့် ဒီရွေးကောက်ပွဲ ဥပဒေကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာရောက်နေကြတဲ့ ရခိုင်ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဆန့်ကျင် ကန့်ကွက်နေရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်ထဲမှာ ဆိုလို့ရှိရင် ကိုယ်ပြောချင်တာ ကိုပြောလို့မရဘူး။ ကိုယ်လုပ်ချင်တာကိုလည်း လုပ်လို့မရဘူး။ တရားသဖြင့် ဆိုတာမျိုးကိုလည်း လုပ်ကိုင်လို့ မရဘူး။ အဲဒီအတွက် ပြည်ထဲမှာရှိတဲ့ ရခိုင်ပြည်သူတွေနဲ့ ဒီမိုကရေစီ ရဲဘော် ရဲဘက်တွေရဲ့ ဆန္ဒ အရ ကျွန်တော်တို့ ဒီရွေးကောက် ပွဲဆိုင်ရာ ဥပဒေကို ဆန့်ကျင်ရခြင်း ဖြစ်ပါတယ်။

မေး။ ရခိုင်နိုင်ငံရေးသမား တချို့က အခုအခါ ပါတီတွေဖွဲ့ပြီးတော့ ပါတီမှတ်ပုံတင်ဖို့နဲ့ လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြုလုပ်နေတာတွေကို တွေ့မြင်နေရပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ကျွန်တော်တို့ကတော့ နအဖ ချမှတ်ထားတဲ့ ရွှေးကောက်ဥပဒေ၊ သူတို့ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ၊ သူတို့ ပြုလုပ်မယ့် ရွေးကောက်ပွဲ အတိုင်း ရခိုင် လူမျိုးတွေ လိုက်လုပ်ရင်တော့ သူတို့ရဲ့ စစ်ဖိနပ်အောက်က ဘယ်တော့ခါမှ လွှတ်မြှောက် နိုင်မှာ မဟုတ်သလို ဆက်ပြီးတော့ ကျွန်ပြုခံနေကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ရခိုင်အမျိုးသားမှ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲမှာ မပါဝင်စေချင်သလို ဆန့်ကျင်ပြီးတော့ လုံးဝ(လုံးဝ) ကန့်ကွက်စေချင်ပါတယ်။

မေး။ အခု ပြောနေကြတာက ရွေးကောက်ပွဲကို လက်မခံရင် ရွေးချယ်စရာ တခြားလမ်းမရှိဘူး။ အဲဒီအတွက်နဲ့ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့လည်း ပြောနေကြသူတွေရှိပါတယ်။ အဲဒီ အပေါ်မှာကော ဘာပြောချင်ပါသလဲ။

ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အတွက်က ဘာမှ မထူးပါဘူး။ ဒီရွေးကောက်ပွဲ ဥပဒေကို ထောက်ခံရင်လည်း သူတို့ဆီမှာ ကျွန်ပါပဲ။ ရွေးကောက်ပွဲ ဝင်ရင်လည်း ကျွန်သပေါက် ဘဝပါပဲ။ မဝင်ရင်လည်း ကျွန်သပေါက် ဘဝပါပဲ။ အဲဒါကြောင့် ခု နအဖက ပြုလုပ်မယ့် ရွှေးကောက်ပွဲကို ထောက်ခံရင် သူတို့ကို ကျွန်ပြုတာကို သဘောတူသလို ဖြစ်သွားနိုင်တဲ့ အတွက် ကျွန်တော်တို့ ရခိုင်အမျိုးသားတွေ အတွက် တကယ့်ကို နစ်နာသွားစေနိုင် ပါတယ်။ ကျွန်တော်တို့ရဲ့ သဘောထားက သူတို့ကို မကြိုက်ဘူးဆိုရင် မကြိုက်ဘူး။ သူတို့ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် မင်းတို့ဘာသာ မင်းတို့ လုပ်တာ။ ငါတို့ လူမျိုးနဲ့ မဆိုင်ဘူး။ မတတ်သာလို့ ငုံ့ခံနေရတာ။ သူတို့လုပ်တာကို တမျိုးသားလုံး အနေနဲ့ မကြိုက်ဘူးဆိုတဲ့ သဘောထားကို ပြရမယ်။ ဆန့်ကျင်တဲ့ သဘောထားကို ပြရမယ်။ ဒီလို လုပ်တဲ့ အပေါ် ကျွန်တော်တို့ကတော့ ကျေနပ်ပါတယ်။ သူတို့ (နအဖ) ဆီမှာ ဒူးထောက်ပြီးတော့ အညံ့ခံပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင်တော့ သူတို့ သဘော အတိုင်းသာ ဖြစ်သွားပါမယ်။

မေး။ နောက်ဆုံး အနေနဲ့ လာမယ့် နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်သူလူထု အပေါ်မှာ ဘာတွေပြောချင်ပါသလဲ။

ရခိုင်ပြည်သူ ပြည်သား အားလုံးကို ပြောကြားချင်တာက ကျွန်တော်တို့ ရခိုင်လူမျိုးဟာ ကိုယ့်မင်း၊ ကိုယ့်ချင်း၊ ကိုယ့်စာပေ ကိုယ်ယဉ်ကျေးမှုနဲ့ နေလာခဲ့တဲ့ လူမျိုးတမျိုးဖြစ်ပါတယ်။ “ရခိုင်” ဆိုတာ အမျိုးဘာသာ သာသနာကို စောင့်ထိန်းတဲ့ လူမျိုးပါ၊ အဲဒီအတွက်ကြောင့် ကိုယ်ဟာ ဘာလဲ၊ ကိုယ်ဟာ ဘာလူမျိုးလဲဆိုတာကို ပြန်သုံးသပ်ပြီးတော့ ရခိုင် ဆိုတဲ့ အသိနဲ့ အညီ အတူတကွ လက်တွဲပြီးတော့ ညီညီညွတ်ညွတ်နဲ့ နေထိုင် လုပ်ကိုင်ကြဖို့ လိုပါလိမ့်မယ်လို့ ပြောကြားလိုပါတယ်။

( ပြီး)

ကိုမင်းဆက်ခိုင် မေးမြန်းသည်။