Friday, March 5, 2010


စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက်
Friday, 05 March 2010 19:39 ဧရာဝတီ
E-mail Print
စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။

[ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ]

ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ
စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။

နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင်ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကိုပန်ကြားထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေးလုပ်မည်ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲရှိကြောင်း၊ UWSA တပ်ဖွဲ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့်အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေးအကဲခတ်များကဆိုသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့်အမျှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း နယ်စပ် ဒေသတွင်အနီးကပ်စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက်သတင်းများက ဆိုသည်။

ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင်တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။

ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။

ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။
မြန်မာ ထောင်သား ၄၅ ဦးကို ဘင်္ဂလာမှ မြန်မာသို့ လွဲပြောင်း

3/5/2010

ထွန်းနိုင်(နိရဉ္စရာ) ယမန်နေ့က ပြုလုပ်သော မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် လွှတ်ရက်စေ့ မြန်မာ အကျဉ်းသား ၄၅ ဦးကို ဘင်္ဂလာဘက်မှ မြန်မာဘက်သို့ လွှဲပြောင်း ပေးအပ်လိုက်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက် အရ သိရှိရသည်။

အဆိုပါ ထောင်သားများမှာ ကော့ဘဇားထောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ခဲ့သူ လွတ်ရက်စေ့ ထောင်သားများ ဖြစ်ကြောင်း သိရသည်။

ကော့ဘဇားထောင်ထဲတွင် လက်ရှိ အကျဉ်းကျခံနေရသူ မြန်မာနိုင်ငံသား ထောင်သား ၆၃၆ ဦးရှိပြီး ထိုအထဲမှ ၈၉ ဦးမှာ လွှတ်ရက်စေ့ ထောင်သားများ ဖြစ်ကြသည်။

မြန်မာဘက်မှ ၄၅ ဦးသာ လက်ခံခဲ့သဖြင့် အများအပြားမှာ လွှတ်ရက်စေ့သော်လည်း ပြည်တော် မပြန်နိုင်ဘဲ ဖြစ်နေကြရသည်။

ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် မြန်မာ နစကဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်နှင့် ဘင်္ဂလာရိုင်ဖယ်ဘက်မှ ကိုယ်စားလှယ် ၁၀ ဦးခန့်စီ တက်ရောက်ပြီး နယ်စပ် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးခဲ့သော အကြောင်းအရာများထဲတွင် နယ်စပ်ဖြတ်ကျော်ပြီး ဓါးပြတိုက်နေသော ကိစ္စအပါအ၀င် လူမှောင်ခိုကူးမူ တားဆီးရေး၊ မူးယစ်ရောင်းဝယ် ဖေါက်ကားမူတားဆီ်းရေးနှင့် တခြား လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ အပြီးတွင် နစက တပ်ဖွဲ့နှင့် ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့တို့ ချစ်ကြည်ရေး ဘော်လီဘော ကစားကြရာ မြန်မာ နစကမှ သုံးပွဲ စလုံး ရှုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာဘက်ကမှ ကိုယ်စားလှယ်အဖွဲ့ကို နစက ဒုကွက်ကဲရေးမှူး မှ ဦးဆောင်ပြီး ဘင်္ဂလာကိုယ်စားလှယ်အဖွဲ့ကို တက်ကနက် အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူးက ဦးဆောင်ကြောင်း သိရသည်။

ရခိုင် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ကိုးရီယား ဟွန်းဒိုင်းမှ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပြီ

3/5/2010

စံလင်း (နိရဉ္စရာ) ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ပူးပေါင်းလုပ်ကိုင်ရန် အတွက် တောင်ကိုးရီးယား ဟွန်ဒိုင်း ကုမ္ပဏီမှ ဒေ၀ူးနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ တန်ဖိုးရှိသည့် စာချုပ် တခုကို လက်မှတ်ရေးထိုးလိုက်သည်။

အဆိုပါ စာချုပ်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချုပ်ဆိုခဲ့သည်ဟု သိရသည်။

ကိုးရီးယား ကုမ္ပဏီကြီးနှစ်ခု စာချုပ်ချုပ် ဆိုခဲ့ခြင်းသည် ရခိုင် ကမ်းလွန်ဒေသ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အတွက် ကမ်းလွန်နှင့် ကုန်းတွင်းပိုင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် ရခိုင်မှ တရုတ်သို့ သွယ်တန်းမည့် ဂတ်စ် ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် မတ်လတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်သည်ဟု သတင်းများတွင် ဖေါ်ပြသည်။

၂၀၁၃ မေလတွင် ရခိုင်မှ ဓာတ်ငွေ့များကို ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချ သွားမည်ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေသန်း ၅၀၀ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ ၄ဒသမ ၅ ထရီလျံမှ ၇ဒသမ၇ ထရီလျံ ကုဗပေ အထိ ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ယင်းခန့်မှန်းမှု အတိုင်း ဓါတ်ငွေ့ ပမာဏ ရှိနေပါက နှစ်ပေါင်း ၂၅ နှစ် မှ ၃၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

တောင်ကိုးရီးယားမှ ကုမ္ပဏီများသည် စစ်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မှုကြောင့် အကျိုးစီးပွားများ ဖြစ်ထွန်း နေသော်လည်း သဘာဝဓာတ်ငွေ့၏ မူလ ပိုင်ရှင်ဖြစ်သော ရခိုင် အမျိုးသားတို့မှာ အကျိုးကျေးဇူး တစုံတရာ မခံစားရသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လယ်ယာမြေများ သိမ်းပိုက် ခံနေရမှု၊ ရပ်ရွာများပြောင်းရွေ့ခံရမှု၊ လုပ်အားပေးစေခိုင်ခံရမှု စသည့် ဆိုးကျိုးများနှင့်သာ ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

အမ်းချောင်း ရေအား လျှပ်စစ်စီမံကိန်း ၂၀၁၀ ခုနှစ်တွင်အပြီးသတ် တည်ဆောက်မည်ဟု နအဖက ပြော

3/5/2010

စံလင်း(နိရဉ္စရာ) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွက် တည်ဆောက်နေသော ရခိုင်ပြည်နယ် အမ်းချောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်ကြောင်း နအဖ စစ်အစိုးရမှ များမကြာမှီက ထုတ်ဖေါ် ပြောကြားသည်။

အမ်းချောင်း ရေအား လျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည် ဖြစ်ပြီး တနှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၄၅ သန်းထိ ထုတ်လုပ် သွားနိုင်မည် ဖြစ်ကြောင်း နအဖ တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် နအဖ စစ်အစိုးရမှ ရေအားလျှပ်စစ် စီမံကိန်း သုံးခုကို တည်ဆောက်နေရာ ထိုအထဲတွင် အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်းလည်း ပါဝင်သည်။ တခြား ရေအားလျှပ်စစ် စီမံကိန်း ၂ ခုမှာ သံတွဲ သူဌေးချောင်းနှင့် ဘူးသီးတောင် စိုင်းတင် ရေအားလျှပ်စစ်တို့ ဖြစ်သည်။

သို့သော်လည်း အမ်းချောင်း ရေအားလျှပ်စစ်မှ ထုတ်လုပ်ရရှိသော ရေအားလျှပ်စစ်ကို ရခိုင်ပြည်သူများ တစုံတရာ ခံစားရနိုင်ဖွယ် မရှိကြောင်း လေ့လာသူများက ပြောသည်။

အဆိုပါ ရေအားလျှပ်စစ်မှ လျှပ်စစ်ဓါတ်အားကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ အတွက် အသုံးပြုသွားမည် ဖြစ်ပြီး ပိုလျှံသော လျှက်စစ်ဓါတ်အားကို မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စက်ရုံများသို့ ဖြန့်ဖြူးသွားမည် ဖြစ်သည်ဟု သိရသည်။

အမ်းမြို့ခံ တဦးကို မေးကြည့်ရာ သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

“အမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်တာဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွက်သာ ဖြစ်ပီး ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အတွက် မဟုတ်ပါ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အခရာ အကျဆုံးဟာ လျှပ်စစ်မီး ဖြစ်ပါတယ်။ ဒါကို နအဖ စစ်အစိုးရက သိပေမယ့် သူတို့က နှစ်ပေါင်း ၂၀ ကျော်အတွင်း လုပ်ပေးတာ မရှိခဲ့ပါ။ ခုလည်း လုပ်ပေးမှာ မဟုတ်ပါ။ စစ်အစိုးရကသာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီး လုံလုံလောက်လောက် ဖြန့်ဖြူး ပေးချင်တယ်ဆိုရင် ရခိုင်ပြည်က ထွက်တဲ့ ဂစ်နဲ့လည်း လျှပ်စစ်မီး ရရှိအောင် လုပ်ပေးလို့ရပါတယ်။ သူတို့က ရခိုင်အမျိုးသားတွေ ချမ်းသာကြီးပွားမှာကို မလိုလားတဲ့ အတွက် ဘယ်သောအခါမှ လျှပ်စစ်မီး ရရှိအောင် လုပ်ပေးမှာ မဟုတ်ပါ။”

လက်ရှိ ရခိုင်ပြည်နယ်၌ စစ်တွေမြို့ အပါအ၀င် မြို့ကြီးများတွင် လျှပ်စစ်မီး တနေ့ကို ၂ နာရီ ကျော်သာ ရရှိပြီး အဆိုပါ လျှပ်စစ်မီးကိုလည်း အင်ဂျင်စက်များ တဆင့် ဖြန့်ဖြူးနေခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် လျှပ်စစ်မီးခမှာ အလွန်ဈေးကြီးပြီး မီတာ တယူနစ်ကို ကျပ်ငွေ ၅၀၀ ထိ ပေးဆောင် ရသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သည် သဘာဝ သယံဇာတ အလျှံအပယ် ထွက်သော ပြည်နယ် တခုဖြစ်သော်လည်း တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု အနိမ့်ဆုံး ပြည်နယ်တခု ဖြစ်သည်ဟု သိရသည်။


ဆင်လိုက်၍ ထွက်ပြေးရာမှ နအဖ စစ်သားတဦး သေဆုံး

3/3/2010

မင်းအောင် (နိရဉ္စရာ) ဘူးသီးတောင် အခြေစိုက် တပ်ရင်း တရင်းမှ စစ်သား တဦးမှာ ဆင်ရိုင်းများလိုက်၍ ထွက်ပြေးစဉ် တောင်ပေါ်မှ လိမ့်ကျပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ စစ်သားမှာ တပ်သား မင်းနောင်ဖြစ်ပြီး မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွှတ် ချောင်းဖျားတွင် ဆင်များကို လိုက်လံဖမ်းဆီးနေသော စစ်တပ်ဖွဲ့မှ ဖြစ်သည်ဟု သိရသည်။

တပ်သား မင်းနောင်မှာ သေဆုံးသွားပုံကို မြင်းလွှတ်ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“တောဆင်ရိုင်းတွေကို စစ်တပ်က လိုက်ဖမ်းနေတဲ့ အတွက် ဆင်တွေက မကျေမနပ် ဖြစ်နေပုံရပါတယ်။ ဒါကြောင့် တွေ့တဲ့ လူကို သူတို့က တိုက်ခိုက် နေပါတယ်။ ခုသေသွားတဲ့ စစ်သား ကိုလည်း ဆင်တွေက မြင်တာနဲ့ လိုက်လံ တိုက်ခိုက်တော့ ထွက်ပြေးရာကနေ နောက်ဆုံး တောင်စောင်းပေါ်က လိမ့်ကျပြီးတော့ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူ့အလောင်းကို ကျွန်တော်တို့ ရွာကလူတွေ သွားယူပြီး မောင်တောဆေးရုံကို ပို့လိုက်ရပါတယ်။ ဆေးရုံမှာ စစ်ဆေးတော့ ဘာဒဏ်ရာမှ မတွေ့ရဘူးလို့ သိရပါတယ်။”

ယခုအခါ တောဆင်ရိုင်းများကို စစ်တပ်မှ ဗိုလ်ကြီး အောင်သူဟိန်း၊ ဗိုလ်ကြီး ဟိန်းခန့်နှင့် ဘူးသီးတောင် ၅ မိုင် ဆင်ထိန်းစခန်းမှ ဦဖေသန်းတို့ ဦးဆောင်ပြီး အုပ်စုဖွဲ့ကာ မြန်မာ နိုင်ငံ အနောက်ဘက် မယူတောင်တန်းတလျှောက်တွင် လိုက်လံ ဖမ်းဆီးနေသည်။

ဘူးသီးတောင် တောင်ပိုင်းနှင့် မောင်တောမြို့နယ် တခုလုံးတွင် ဆင်ဖြူတော် လေ့လာရေး လုပ်ငန်း ဟု ခေါင်းစဉ်တပ်ကာ စစ်တပ် တပ်ရင်းများမှ လွန်ခဲ့သောနှစ် ဒီဇင်္ဘာလမှ စတင်၍ ဆင်များကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်ဟု ဒေသအတွင်းက လာသော သတင်းများ အရ သိရသည်။

၎င်းဆင်ဖမ်းအဖွဲ့များသည် ဆင်များကို ဖမ်းဆီးသည်သာမက အစွယ်ရှင် ဆင်ရိုင်းများကိုလည်း ပစ်ခတ် ဖမ်းဆီးနေသည်ဟု သိရသည်။

ဖမ်းဆီး ရမိသောဆင်များကို ငါးမိုင် ဆင်ထိန်း စခန်းသို့ ပို့ဆောင်ပြီး ယဉ်ပါးအောင် ထိန်းသိမ်း လေ့ကျင့် ပေးကာ မြန်မာပြည်မသို့ ပို့ဆောင်သော်လည်း ပစ်ခတ် ဖမ်းဆီး ရရှိသော ဆင်စွယ်များကိုမူ ၎င်းတို့၏ ကိုယ်ကျိုးအတွက် ဒေသအတွင်းက စီးပွားရေး သမားများနှင့် ပူးပေါင်းပြီး တရုတ်နိုင်ငံဘက်ကို တင်ပို့ ရောင်းချသည်ဟု သိရသည်။

ယခုကဲ့သို့ ဆင်များကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် မယူ တောင်တန်းတွင် နေထိုင် ကျက်စားနေကြသော တောဆင်ရိုင်းများ အရေအတွက်မှာ တဖြည်းဖြည်း နည်းပါးလာနေသည်ဟု သိရသည်။

ဒေသခံများ အပြောအရ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းဒေသသို့ မြန်မာဘက်မှ ဆင်များ ၀င်ရောက် ခိုအောင်းမူ ရှိနေပြီး တောဆင်ရိုင်းများ ဒေသခံများ စိုက်ပျိုးထားသော တောင်ယာခင်းများကို ၀င်ရောက်ဖျက်ဆီးမူများ ရှိနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများကို ကာကွယ်စောင့်ထိန်းရန် ဥပဒေများ ချမှတ် ပြဌာန်း ထားသော်လည်း ဒေသအတွင်း တပ်စွဲထားသော စစ်တပ် တပ်ရင်းများမှ ဆင်ရိုင်းများကို ဥပဒေမဲ့ ပစ်ခတ် ဖမ်းဆီးမူများကို ပြုလုပ်နေသည်ဟု သိရသည်။
ဓါးပြများ သောင်းကျန်း၍ ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်ရ

3/5/2010

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တလျှောက်တွင် ဓါးပြများ အထူး သောင်းကျန်းနေသဖြင့် ကျေးရွာသားများ အလှည့်ကျ ကင်းစောင့်နေကြရသည်ဟု သတင်း ရရှိသည်။

ဝိမလ ရွာသား တဦးက “ ဓါးပြတွေက တော်တော်ကို သောင်းကျန်းနေပါတယ်။ အာဏာပိုင်တွေ ကလည်း လုံခြုံရေး အပြည့်အ၀ မပေးနိုင်တော့ ကျေးရွာသားတွေက ကိုယ့်ရွာကို ကိုယ်စောင့်တဲ့ သဘောအနေနဲ့ ကင်စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဓါးပြများသည် လုပ်သေနတ်များ၊ ဓါများကို ကိုင်ဆောင်ပြီး ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများ အတွင်းသို့ အုပ်စုလိုက် ၀င်ရောက်ပြီး ဓါးပြတိုက်နေခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ကျေးရွာ အနီးဝိုက်မှာ တည်ရှိတဲ့ ၀ိမလကျေးရွာ၊ စံပယ်ပင်းရင်း၊ အီတလာယာ၊ ငါးစားကြူး၊ မင်းကြီးရွာ၊ ကပ်ပကောင်း စတဲ့ ကျေးရွာတွေ အပါအ၀င် မောင်တောမြို့ပေါ် ရပ်ကွက် တွေမှာလည်း ကင်းစောင့်နေကြရပါတယ်။ တဖွဲ့မှာတော့ ငါးယောက်ကနေ ခြောက်ယောက်ထိ ပါဝင်ပီး အလှည့်ကျ စောင့်နေကြရတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

မောင်တောမြို့ပေါ်ရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း သူတို့ ရပ်ကွက်တွင် ကင်းစောင့် နေရပုံကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်မောင်တောမှာ ဆိုရင် ကင်းရုံကို ကိုယ့်အား ကိုယ်ကိုး စနစ်နဲ့ဆောက်လုပ်ပီး အလှည့် ကျ စောင့်ကြရတယ်။ တညကို အိမ် (၅) အိမ်က ၁ ယောက် ကျစီနုန်းနဲ့ စောင့်ကြရပါတယ်။ တညမှာ ၅ ယောက်ကနေ ၇ ယောက်ထိ အဖွဲ့တွေခွဲပြီး စောင့်ကြရပါတယ်။

ယခုကဲ့သို့ ဓါးပြများ ရခိုင်ပြည်နယ် အနောက်ဘက် တလျှောက်တွင် သောင်းကျန်းနေသော်လည်း သက်ဆိုင်ရာ နစက တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နှိမ်နှင်း နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ ထိုကဲသို့ ဖြစ်နေခြင်းကို ကျေးရွာသား တဦးက ယခုကဲ့သို့ ပြောသည်။

“ နစကတွေကို အားကိုး မရတဲ့အတွက် ကျေးရွာသားတွေ ကိုယ်တိုင် ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။ နစက တပ်ဖွဲ့တွေလာရင် သောက်စားမူးယစ်နေပြီး သူတို့ကို အရက်တိုက်ရတယ်။ ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးရတော့ အကုန်အကျများတဲ့အတွက် ကျေးရွာသားတွေက နစကတွေ ရွာကို လာမှာကိုတောင် ကြောက်နေကြရတယ်။ ဒါကြောင့် နစကတွေကို အားမကိုးဘဲ ကိုယ်ဟာကိုယ်ဘဲ ကင်းစောင့်နေကြရတာ ဖြစ်ပါတယ်။”

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း မောင်တောမြို့တွင် ဓါးပြများနှင့် ဓါးပြများကို ကင်းပုန်းဝပ်နေသော ရဲတပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မူများ ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

“ ဓါးပြတွေကို ရဲက မေးတော့ ဓါးပြတွေက နစကလို့ ပြန်ဖြေတယ်။ သူတို့(ရဲနဲ့ နစက) မှာ အချင်းချင်း ပေးထားတဲ့ စကားဝှက်တွေ ရှိတယ်။ စကားဝှက် မပေးနိင်တော့ ရဲက ချက်ချင်း ပစ်တယ်။ ရဲသား သေနတ်က မပေါက်တော့ ဓါးပြတွေက ပါလာတဲ့ နှစ်လုံးပြူး သေနတ်နဲ့ တချိန် ပြန်ပစ်ပြီး ထွက်ပြေး သွားကြတယ်။ ရဲတွေက သိက္ခာကျသွားပါတယ်” ဟု သူက ပြောသည်။

ယခု ၀င်ရောက် ဓါးပြ တိုက်နေသူများမှာ ဘီဒီပြေးခေါ် တဘက်နိုင်ငံရောက် မူဆလင်များ ဖြစ်ကြပြီး တဖွဲ့တွင် အယောက် ၁၀ မှ ၂၀ ခန့်ပါဝင်ကာ ဓါးပြတိုက်ပြီးလျှင် ဘင်္ဂလာဒေ့ခ်ျဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရှိရသည်

လွန်ခဲ့သော ဇန္န၀ါရီနှင့် ဖေဖေါ်ဝါရီ လအတွင်း မောင်တောမြို့နယ်တွင် ဓါးပြတိုက်မူ အနည်းဆုံး ၁၀ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သော်လည်း တရားခံ တစုံတယောက်ကိုမှ မြန်မာ အာဏာပိုင်များမှ ဖမ်းဆီး ရရှိမိခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ဓါးပြများသည် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် တလျှောက်ရှိ ကျေးရွာများကို ဓါးပြ ၀င်တိုက်သည်သာမက နတ်မြစ်အတွင်း လူတင်ပို့နေသည့် ကူးတို့လှေများကိုလည်း လမ်းမှ ဖြတ်ပြီး ဓါးပြတိုက်နေကြောင်း သိရသည်။

လွန်ခဲ့သော အပတ်ကလည်း မြစ်နားရွာမှ အမျိုးသမီး တဦး မြန်မာဘက်ကမ်းသို့ ကူးတို့ လှေတစီးဖြင့် ဖြတ်ကူးစဉ် ဓါးပြများ လှေကို ဖြတ်တိုက်ပြီး အမျိုးသမီးထံတွင် ပါလာသော ရွှေ ၃ ကျပ်သားကို လူယူသွားခဲ့ကြသည်။