Friday, March 5, 2010


ရခိုင် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ကိုးရီယား ဟွန်းဒိုင်းမှ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ပြီ

3/5/2010

စံလင်း (နိရဉ္စရာ) ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ပူးပေါင်းလုပ်ကိုင်ရန် အတွက် တောင်ကိုးရီးယား ဟွန်ဒိုင်း ကုမ္ပဏီမှ ဒေ၀ူးနှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ တန်ဖိုးရှိသည့် စာချုပ် တခုကို လက်မှတ်ရေးထိုးလိုက်သည်။

အဆိုပါ စာချုပ်ကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ချုပ်ဆိုခဲ့သည်ဟု သိရသည်။

ကိုးရီးယား ကုမ္ပဏီကြီးနှစ်ခု စာချုပ်ချုပ် ဆိုခဲ့ခြင်းသည် ရခိုင် ကမ်းလွန်ဒေသ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အတွက် ကမ်းလွန်နှင့် ကုန်းတွင်းပိုင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုသည် ရခိုင်မှ တရုတ်သို့ သွယ်တန်းမည့် ဂတ်စ် ပိုက်လိုင်းကို ၂၀၁၃ ခုနှစ် မတ်လတွင် အပြီးသတ် တည်ဆောက်သွားမည် ဖြစ်သည်ဟု သတင်းများတွင် ဖေါ်ပြသည်။

၂၀၁၃ မေလတွင် ရခိုင်မှ ဓာတ်ငွေ့များကို ပိုက်လိုင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချ သွားမည်ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေသန်း ၅၀၀ ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့သိုက်တွင် သဘာဝဓာတ်ငွေ့ ၄ဒသမ ၅ ထရီလျံမှ ၇ဒသမ၇ ထရီလျံ ကုဗပေ အထိ ရှိနိုင် ကြောင်း ခန့်မှန်းထားသည်။ ယင်းခန့်မှန်းမှု အတိုင်း ဓါတ်ငွေ့ ပမာဏ ရှိနေပါက နှစ်ပေါင်း ၂၅ နှစ် မှ ၃၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။

တောင်ကိုးရီးယားမှ ကုမ္ပဏီများသည် စစ်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်မှုကြောင့် အကျိုးစီးပွားများ ဖြစ်ထွန်း နေသော်လည်း သဘာဝဓာတ်ငွေ့၏ မူလ ပိုင်ရှင်ဖြစ်သော ရခိုင် အမျိုးသားတို့မှာ အကျိုးကျေးဇူး တစုံတရာ မခံစားရသည့် အပြင် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု၊ လယ်ယာမြေများ သိမ်းပိုက် ခံနေရမှု၊ ရပ်ရွာများပြောင်းရွေ့ခံရမှု၊ လုပ်အားပေးစေခိုင်ခံရမှု စသည့် ဆိုးကျိုးများနှင့်သာ ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

No comments: