Thursday, April 8, 2010


NLD ရဲ့ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် ရခိုင့်နိုင်ရေးသမားများ၏ သဘောထား အမြင်

4/6/2010

မတ်လ ၂၉ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ပါတီရဲ့ ဗဟို ဦးစီးအစည်းအဝေးမှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါတီမှတ်ပုံ မတင်ဖို့အတွက် ပါတီဝင်တွေအနေဖြင့် တညီတညွှတ်တည်း ဆုံးဖြတ် လိုက်တဲ့ အပေါ် ရခိုင့်နိုင်ငံရေး ခေါင်းဆောင် တချို့ရဲ့ သဘောထား အမြင်တွေကို လက်လှမ်းမှီသလောက် အခုလို စုစည်း တင်ပြလိုက်ပါတယ်။

ဦးထွန်းဝင်း

ဥက္ကဌ

(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ပြည်ပ)

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလို မှတ်ပုံ မတင်ဖို့အရေးကို ကန့်ကွက်မဲ မရှိဘဲ တခဲနက် ထောက်ခံပြီး အတည်ပြု ဆုံးဖြတ်လိုက်တဲ့ အတွက် NLD ရဲ့သဘောထားဟာ ကျွန်တော်တို့ ALD ရဲ့ သဘောထားနဲ့ ထပ်တူ ဖြစ်သွားပါတယ်။ ဒါကြောင့် NLD ဆုံးဖြတ်ချက် အပေါ် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ၂၀၁၀ ရွေးကိုပွဲကို အရင်တုန်းကတည်း ဆန့်ကျင်ထားပီးသား ဖြစ်ပါတယ်။ ပီးရင် ၁၉၉၀ခုနှစ်က တရားဝင် ရွေးကောက်ပွဲ ရလာဒ်ကို နအဖစစ်အစိုးရက အသိမှတ်မပြုဘူး။ သူတို့ ထင်သလို လုပ်ထားတယ်။ ဒီအတွက် ကျနော်တို့ ALD အနေနဲ့လည်း နအဖက တဖက်သတ် စီစဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ဘူး။ ပြီးတော့ ကျနော်တို့ ALD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူးလို့ ပြောထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိ ရေးနဲ့ ဒီမိုကရေစီရရှိရေး အတွက်လည်း NLD နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။


ဒေါ်စောမြရာဇာလင်း

ဥက္ကဌ

(ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အခုလို NLD က မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲ မဝင်ဖို့ အတွက် တညီတညွှတ်တည်း ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU) အနေနဲ့ဖြစ်စေ ရခိုင့်နိုင်ငံရေး အသိုင်းအဝိုင်းက အမျိုးသမီး တဦးအနေ နဲ့ ဖြစ်စေ အပြည့်အဝ ကြိုဆို ထောက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အခု NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်လို့ရှိရင် သူတို့ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သစ္စာ ဖေါက်ရာ ကျမယ်။ ပီးတော့ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ အကျဉ်းကျခံနေရတဲ့ သူတွေ အပေါ်မှာလည်း သစ္စာဖေါက်ရာ ကျပါမယ်၊ ပြည်သူတွေ အပေါ်မှာလည်း သစ္စာဖေါက်ရာ ကျမယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ နအဖဆီမှာ ရှုံးမယ့်အပြင် ပြည်သူ့ထောက်ခံမှုလည်း ဆုံးရှုံးသွားမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် NLD အနေနဲ့ ရွေးကောက်ပွဲမဝင်ဖို့ တညီတညွှတ်တည်း ထောက်ခံ လိုက်တဲ့အပေါ်မှာ ရခိုင်အမျိုးသမီးများအစည်း အရုံးအနေနဲ့ ဝမ်းသာအားရ ကျေနပ်မိပါတယ်။ နောက်တခုပြောချင်တာက နောင်အနာဂတ်မှာ NLDဟာ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်ရေး အတွက် ပြည်သူတွေဘက်က မားမား မတ်မတ် ရပ်တည်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ပီးတော့ ဒုက္ခခံစားနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝကို ထပ်တူထပ်မျှ ကိုယ်ချင်းစာနာပြီးတော့ အနာဂတ်မှာ အားလုံးသော တိုင်းရင်းသားပေါင်းစုံနဲ့ တန်းတူညီ မျှတဲ့ အနာဂတ်တခုကို မှန်ကန်စွာ တည်ဆောက် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


ဦးထွန်းဇော်

တွဲဖက်-အတွင်းရေးမှူး ၁

(ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး)

NLD အနေနဲ့ အခုလို ဆုံးဖြတ်တာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ AASYC အနေနဲ့လည်း အသိအမှတ် ပြုပါတယ်။ ပြီးတော့ အခုလို NLDရဲ့ ဆုံးဖြတ်ချက်က NLDဟာ ၁၉၉၀ ရွေးကောက်ပွဲ ကာလကတည်းက ပြည်သူအတွက် တစိုက်တမတ် ရပ်တည်လာတဲ့ ရပ်တည်ချက်ကို နောက်ဆုံးအချိန်ထိ ရတဲ့အခွင့်အရေးကို ပြတ်ပြတ်သားသား ရပ်တည်တာလို့ ကျနော် အနေနဲ့ မြင်ပါတယ်။ နောက်တခုက NLD အနေနဲ့ အခုလို မရပ်တည်ဘူးဆိုရင် NLDရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှုကို တဖက်က အသိအမှတ်မပြုရာရောက်မယ့် အနေအထား ဖြစ်တဲ့ အတွက်ကြောင့် သူတို့က အသိမှတ်ပြုတဲ့အနေနဲ့ နောက်ဆုံး အနေအထားမှာ ပြတ်ပြတ်သားသား ရပ်တည်သွားတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ပြီးတော့ ဒီ ခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲမဟုတ်သလို နိုင်ငံတကာကလည်း အယုံအကြည်မရှိဘူးလို့ ပြောထားတာတွေရှိပါတယ်။ ပြီးရင် ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ၊ ပါသင့် ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ မပါဝင်နိုင်တာကြောင့် ဒီရွေးကောက်ပွဲ ရလာဒ်ဟာ တိုင်းပြည်ရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် အဖြေတခုမဟုတ်ဘူး ဆိုတာကို ပြောချင်ပါတယ်။

(ကိုမင်းဆက်ခိုင် မေးမြန်းသည်)
ရခိုင်တွင် ဘတ်စ်ကား တိမ်းမှောက်၍ တဦးသေ အများအပြား ဒဏ်ရာရ

4/6/2010

မင်းဆက်ခိုင်(နိရဉ္စရာ)
စစ်တွေ- ရန်ကုန် ကားလမ်းတွင် ခရီးသည်တင် ဘတ်စ်ကား တစီး တိမ်းမှောက် သွားသဖြင့် လူတဦးသေဆုံးကာ ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဧပြီလ ၃ရက်နေ့ နံနက် ၂နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ အသွား စစ်တွေ-အမ်း ကားလမ်း မိုင်တိုင် အမှတ် (၉/၀) အနီး၌ အဆိုပါ ဘတ်စ်ကားမှာ တိမ်းမှောက် သွားခြင်း ဖြစ်သည်။

တိမ်းမှောက်သွားသော ကားမှာ စစ်တွေ-ရန်ကုန် အကြား ပြေးဆွဲနေသော ရွှေကံ့ကော် အမည်ရှိ ခရီးသည်တင် ဘတ်(စ်) ကားဖြစ်သည်ဟု စစ်တွေမြို့ အဝေးပြေးကားဂိတ်မှ တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားသည်။

၎င်းကားပေါ်တွင် ခရီးသည် ၂၀ကျော် လိုက်ပါလာပြီး အမျိုးသား တဦးသေဆုံးသွားကာ အမျိုးသား ၁၄ ဦး နှင့် အမျိုးသမီး ၅ဦး ဒဏ်ရာ ပြင်းထန်းစွာ ရရှိသွားပြီး ယခုအခါ အမ်းမြို့နယ် ပြည့်သူဆေးရုံတွင် ဆေးကုသမူ ခံယူုနေရသည်ဟု သိရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းတွင် ရခိုင်ဘက်ခြမ်းတွင် ကားလမ်းများကို စနစ် တကျ ဖေါက်လုပ်ထားခြင်း မဟုတ်သဖြင့် မကြာခဏ ကားတိမ်းမှောက်မှုများ ဖြစ်ပ်ါနေပြီး လူအသေ အပျောက်များ မကြာခဏ ရှိနေသည်။ သို့သော်လည်း သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက တစုံတရာ ကောင်းမွန်အောင် ကားလမ်းများကို ပြုလုပ်ပေးခြင်း မရှိကြောင်း သိရသည်။

စစ်တွေမှ အမျိုးသမီး တဦးကို ရန်ကုန် စစ်တွေ ကားလမ်း အခြေအနေကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ကျမတို့ တတ်နိုင်ရင် ဒီကားလမ်းက သွားကို မသွားချင်တာ။ မတတ်သာလို့သာ သွားနေရတာပါ။ ရခိုင်ဘက်မှာဆိုရင် တနေရာမှ လမ်းကောင်းတာ မရှိဘူး။ ပြောရမှာတော့ အားနာ ပါတယ်။ ရန်ကုန် စစ်တွေလမ်းမှာ ရခိုင်ဘက်က လမ်းတွေမှာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ သွားလို့ မရတဲ့ အဆင့်ထိ ဆိုးရွားနေပါတယ်။ ရန်ကုန်ကို သွားရင် လမ်းတလျှောက်လုံး တခုခု ဖြစ်မလား ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဘုရားတပြီး သွားနေရပါတယ်။ ဗမာပြည်ဘက်ကို ရောက်မှပဲ စိတ်က နည်းနည်း အေးသွားပါတယ်။” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် ယခုကဲ့သို့ ကားတိမ်းမှောက်မူကြောင့် မကြာခဏ လူသေမူများ ရှိနေသော်လည်း စစ်တွေ ရန်ကုန် ကားလမ်းအား တစုံတရာ ကောင်းမွန်အောင် ပြုလုပ်ခြင်း မရှိဘဲ ရခိုင်လူထုအကြား ၀ါဒဖြန့်ရန် စစ်တွေ - အမ်း - မင်းဘူး ရထားလမ်းကို မလိုအပ်ဘဲ ဖေါက်လုပ်နေသည်။

ယခုအခါ ကားမောင်းသူမှာ ထွက်ပြေး တိမ်းရှောင်နေပြီး သူ့အား ရဲက လူသေမှု အပါအ၀င် သာမာန်နာကျင်မှု/ အပြင်းအထန် နာကျင်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပထမဆုံး အကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် မလေးရှားတွင် ကျင်းပမည်

4/5/2010

ထွန်းထွန်း ( နိရဉ္စရာ)
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ပထမဆုံး အကြိမ် အဖြစ် မလေးရှားနိုင်ငံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မလေးရှားနိုင်ငံ၏ သာယာ လှပသော Port Dickson အပန်းဖြေ ကမ်းခြေတွင် ဧပြီလ ၁၄ ရက်နေ့တွင် နံနက် ၈ နာရီမှ ၆ နာရီထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပွဲတော် ကြီးကြပ်ရေး ကော်မတီ ARRC နာယက ဦးလှကျော်က ပြောသည်။

၎င်းပြင်သူက � ဒီနှစ် မလေးရှား နိုင်ငံမှာ ပထဆုံး အကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပ သွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော် အတွင်း ရခိုင်ရိုးရာ နံ့သာသွေးပွဲနဲ့ အတူ ဘုရား ရေသပ္ပာယ် သွားမှာဖြစ်သလို ချစ်ကြည်ရေး ပင်လယ် ကမ်းခြေ ဘောလုံးပြိုင်ပွဲနဲ့ ရခိုင်ရိုးရာ ယိမ်းအကတွေ သီချင်းတွေနဲ့လည်း ဖျော်ဖြေသွားမယ့် အစီအစဉ်တွေ ပြုလုပ်ထားပါတယ်�ဟု ပြောသည်။

အဆိုပါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မြန်မာ့ ဥယာဉ် စားသောက်ဆိုင်မှ ဦးဆောင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

� ပွဲတော်ရက် အတွင်း ကွာလာလမ်ပူ ကနေ ပွဲတော်ကျင်းပမယ့် ပင်လယ် ကမ်းခြေကို သွားလိုသူတွေ အတွက် ဘတ်စ်ကားတွေ စီစဉ်ထားပါတယ်။ ကားလက်မှတ် တစ်စောင်ကို 88 ရင်းဂစ် နုန်းနဲ့ ရောင်း ချသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ကို တက်ရောက် အားပေးတဲ့ သူတွေကိုလည်း တီရှပ် လက်ဆောင် တွေ ပေးသွားဖို့ အစီအစဉ်လည်း ရှိပါတယ်� ဟု သူကပြောသည်။

ARRC အတွင်းရေးမှူး ကိုကျော်ကျော်ဝင်းကလည်း ရခိုင်ရိုးရာ သင်္ကြန်ကို ကျင်းပရတဲ့ ရည်ရွယ်ချက် ကိုယခုကဲ့သို့ပြောသည်။

� အဓိကတော့ မလေးရှားမှာ တိုင်းပြည်နဲ့ ဝေးနေကြရတဲ့ ရခိုင်အမျိုးသား နှစ်သောင်းကျော်ခန့် ရှိမယ် ထင်ပါတယ်။ သူတို့တွေအတွက် ရည်ရွယ်ပီး မလေးရှားမှာ ရခိုင်ရိုးရာ သင်္ကြန်ကို ကျင်းပရတာ ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေ အနေနဲ့ ရောက်တဲ့ အရပ်မှာ မိမိရိုးရာ ယဉ်ကျေးမူ အစဉ်အလာတွေကို မေ့ပျောက် မသွားအောင်နဲ့ ရခိုင်ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေကို လက်ဆင့်ကမ်း ထိမ်းသိမ်းနိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာ ဖြစ်ပါတယ်။�

ပထမဆုံး အကြိမ်ကျင်းပသော မလေးရှား ရခိုင်သင်္ကြန်ကို အနည်းဆုံး ရခိုင် အမျိုးသား ၄၀၀ ထက်မနည်း တက်ရောက်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

မလေး ရခိုင်သင်္ကြန်ပွဲတော် အတွက် အနည်းဆုံး မလေးရှား ရင်းဂစ် ၁၀၀၀၀ အသုံးပြုသွားရန် စီစဉ်ထားသည်ဟု ရခိုင်သင်္ကြန် ကျင်းပရေး ကော်မီတီ အဖွဲ့၏ သတင်းအရ သိရသည်။