Wednesday, February 24, 2010

လယ်မြေများ စစ်တပ်က ဆက်လက် သိမ်းပိုက်နေ

2/23/2010

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို ဒေသခံ စစ်တပ် တပ်ရင်းများက ဆက်လက် သိမ်းပိုက်နေသည်ဟု သိရှိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး ပုဏ္ဏားကျွန်း အခြေစိုက် ခလရ ၅၅၀ တပ်ရင်းက သိမ်းယူ နေခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသူ မြေတိုင်း စာရေးတဦးက ယခုကဲ့သို့ ပြောသည်။

“သိမ်းတာက ခမရ ၅၅၀ တပ်ရင်းက ဒီနှစ် နှစ်ဆန်းပိုင်းက စလို့သိမ်းပိုက် တာပါ။ ပုဏ္ဏား ကျွန်းမြို့နယ် ထဲက သိမ်းတဲ့ လယ်မြေဧက ၂၀၀ ကျော် လောက်ရှိပါတယ်။ ဘာကြောင့် ထပ်သိမ်းတယ် ဆိုတာကို အတိအကျ မသိရပေမယ့် အယင်တုန်းက သိမ်းထားတဲ့ လယ်မြေတွေ ရထားလမ်း ဖေါက်လုပ်တဲ့ နေရာမှာ ပါဝင်သွားတဲ့ အတွက် အစားထိုးလိုတဲ့ သဘောနဲ့ သိမ်းတာ ဖြစ်နိုင်ပါတယ်”။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ အသိမ်းခံရသော လယ်မြေများထဲတွင် မာလာရွာမှ ၃၆ ဧက၊ ခွဆုံမှ ၇၃ ဧက၊ မြင်းတောကျေးရွာမှ ၆၀ ဧက၊ သဲတက်ကျေးရွာမှ ၃၀ ဧက၊ တောက်ဆုံ ကျေးရွာမှ ၈၀ ဧက၊ ဘဲခို (ပြိုင်ချောင်း) ကျေးရွာမှ ၅၀ ဧက၊ ကျွဲလမ်းချောင်းကျေးရွာမှ ၃၀ ဧက၊ ၀မ်းတိမ်းကျေးရွာမှ ၁၀ ဧကနှင့် ငပြောက်ဆည်ကျေး ရွာမှ ၁၃ ဧကပါဝင်သည်။

အလားတူ စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို တပ်ပိုင် လယ်မြေ များအဖြစ် ဆက်လက် သိမ်းဆည်းနေသည်ဟုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ခမရ ၂၃၂ တပ်ရင်းက ဆိုလို့ရှိရင် စစ်တွေမြို့နယ်ထဲက ကျေးတောရွာလယ်မြေတွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ် ထဲက ယိုးတရုတ်၊ ဘဲငါးရာတောင်နားရွာနဲ့ အောင်ဆိပ်ကျေးရွာတွေက လယ်မြေ တွေကိုလည်း သိမ်းထားတာရှိပါတယ်။”

ခမရ ၂၃၂ တပ်ရင်းမှ သိမ်းဆည်းထားသော လယ်မြေဧကမှာ ကျေးတောကျေးရွာမှ ၉ ဧက၊ ဘဲငါးရာ တောင်နားရွာမှ ၁၁ ဧက၊ ယိုးတရုတ်မှ ၄၅ ဧကနှင့် အောင်ဆိပ်ကျေးရွာမှ ၅ ဧက သိမ်းဆည်း ထားသည်ဟု သိရှိရသည်။

ဒေသခံ စစ်တပ် တပ်ရင်းများသည် ယခင်က သိမ်းဆည်းထားသော လယ်မြေများတွင် စစ်တပ် ရိက္ခာအတွက် စပါးစိုက်ရန် ဖြစ်ပြီး တောင်ကုန်းများတွင်မူ ကြက်ပေါင်စေး (ရော်ဘာခင်း)များကို စိုက်ပျိုး ထားသည်ဟု သိရှိရသည်။

ယခုအခါ ရခိုင်ပြည်နယ် တခုလုံးရှိ ဒေသဆိုင်ရာ စစ်တပ် တပ်ရင်းများမှ သိမ်းယူထားသော လယ်မြေ ဧရိယာမှာ ရခိုင်ပြည်ရှိ လယ်ဧရိယာ စုစုပေါင်း၏ တ၀က်နီးပါးခန့် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။
ဘူးသီးတောင်ထောင်ရှိ နိုင်ငံခြားသားအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြနေဆဲ

2/22/2010

တာကလူး (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်ထဲရှိ နိုင်ငံခြားသားအကျဉ်းသားများသည် ထောင်အာဏာပိုင်များမှ ခွဲခြားဆက်ဆံသည်ဟုဆိုကာ ယနေ့ထိ အစာငတ်ခံ ဆန္ဒပြနေကြဆဲ ဖြစ်ကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။

နိုင်ငံခြားသားအကျဉ်းသားများက ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တေးနား ဘူးသီးတောင် အကျဉ်းထောင်သို့ လည်ပတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် စတင်ခဲ့ကြခြင်း ဖြစ်သည်။

“အဲဒီအကျဉ်းသားတွေက ဒီနေ့ထိ အစာငတ်ခံ ဆန္ဒပြနေဆဲပဲ ဖြစ်ပါတယ်။ ကင်တားနား လည်ပတ်ပြီးလို့ နောက်နေ့မှာပဲ စတင်ခဲ့ကြတာပါ။ ဒီနေ့ဆိုရင် (၅)ရက်တောင် ရှိနေပါပြီ။ ထောင်အာဏာပိုင်တွေကလဲ ဘာမှ အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ ကြားပါတယ်” ဟု အမည်မဖော်လိုသူ ၄င်း ဘူးသီးတောင်မြို့ခံက တနင်္လာနေ့ ညနေပိုင်းတွင် နိရဉ္စရာသို့ပြောသည်။

၎င်း နိုင်ငံခြားသားအကျဉ်းသားများက ထောင်တွင်း အစာရေစာ လုံလောက်စွာ ထောက်ပံ့ မပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုမရှိခြင်း၊ သူတို့၏ သက်ဆိုင်ရာ နိုင်ငံ အာဏာပိုင်များသို့ အရေးတယူ အကြောင်းကြားပေးခြင်းမရှိခြင်း နှင့် ကင်တားနား လာရောက် လည်ပတ်ခဲ့စဉ်အတွင်း သူတို့၏ အခက်အခဲများကို တင်ပြခွင့် မရရှိခဲ့ခြင်း တို့ကြောင့် ခွဲခြား ဆက်ဆံသည်ဟု ဆိုကာ အစာငတ်ခံ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် နိုင်ငံခြားသားအကျဉ်းသား(၇၁)ဦးရှိသည့်အနက် အများစုမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြပြီး ထိုင်း၊ တရုတ် နှင့် တိုင်ဝမ် နိုင်ငံသားများ လည်း ရှိကြောင်း ထောင်သတင်းရပ်ကွက်တစ်ခုက ပြောသည်။

ကင်တားနား လာရောက်လည်ပတ်စဉ်အတွင်း ၄င်းနိုင်ငံခြားသားအကျဉ်းသားများက သူတို့၏ အခက်အခဲများကို တင်ပြနိုင်ရန် တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း ထောင်အာဏာပိုင်များက လိုက်လျော့မပေးခဲ့ပဲ ထောင်တွင်းရှိ သီးခြား အခန်း တစ်ခုထဲတွင် စုပုံ ပိတ်လှောင်ထားခဲ့သည် ဟု ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်ထဲတွင် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ပေးမှုများ အလွန်ညံ့ဖျင်းမှုကြောင့် ထောင်သားအများစုမှာ ပြင်မှ ထောင်ဝင်စာ လာတွေ့သည့် ဆွေမျိုး မိတ်ဆွေများ၏ ထောက်ပံ့ပေးမူ အပေါ် မှီခို အားထားနေကြရသည်။

ထိုသို့ ထောင်အာဏာပိုင်များမှ ထောင်သားများအပေါ် ဖြစ်သလို ကျွေး၊ ဖြစ်သလို ပစ်ထားသည့်အတွက်ကြောင့် ဘူးသီးတောင်ထောင်ထဲရှိ ထောင်သားအများစုမှာ ပြသနာပေါင်းများစွာနှင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်စပ်ရှိ ဘူးသီးတောင်အကျဉ်းထောင်သည် ထောင်အာဏာပိုင်များမှ အကျဉ်းသားများ အပေါ် လူသားမဆန်စွာ ဆက်ဆံ ဖိနှိပ်နေမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုဖြစ်သည်။