Wednesday, May 5, 2010


ရွေးကောက်ပွဲကာလ သတင်းလွတ်လပ်ခွင့် မရှိနိုင်ဟု RSF ထုတ်ပြန်
ခက်ထန် Tuesday, May 04, 2010
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆိုးရွားစွာ ဖိနှိပ်သူများ ထဲတွင် စစ်အစိုးရ ခေါင်းဆောင်သည် အပါအဝင် ဖြစ်နေဆဲဟု သတင်း လွတ်လပ်ခွင့် စောင့်ကြည့်သည့် အဖွဲ့တခုက ထုတ်ပြန် လိုက်သည်။

[ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့က အလေးပြု ခံနေသော စာနယ်ဇင်း လွတ်လပ်ခွင့် ဖိနှိပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)]

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့က အလေးပြု ခံနေသော စာနယ်ဇင်း လွတ်လပ်ခွင့် ဖိနှိပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
၂၀၁၀ တွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မေလ ၃ ရက်နေ့၌ ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် နေ့တွင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကာလတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခြင်း မပြုနိုင်ရန် ဂျာနယ်လစ်၊ ဘလော့ဂါနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကျဉ်းချထား သည်ဟု RSF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NLD ခေါင်းဆောင် တဦးဖြစ်ပြီး ဝါရင့် သတင်းစာဆရာလည်း ဖြစ်သူ ဦးဝင်းတင်က ရွေးကောက်ပွဲနှင့် လိုက်လျောညီထွေ ရှိသော လွတ်လပ်သည့် အတိုင်းအတာ ရှိသင့်သည်ဟု သုံးသပ်သည်။

“လွတ်လပ်ခွင့်ဆိုတာက ရိုက်ချိုးခံရတဲ့ အခါလည်း ရှိတယ်၊ လွတ်လပ်ခွင့်ဆိုတာ ရုန်းကန်မှုရှိရတယ်၊ ကိုယ့်အပေါ်လာပြီး တင်းကျပ် ဖိနှိပ်တာတွေကို ငုံ့မခံရဘူး”ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲမှ မဟုတ်၊ မည်သည့် ရွေးကောက်ပွဲကာလမဆို ပြည်သူများ၏ လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ဖော်ထုတ်ခွင့် ရှိသင့်သည်ဟု ဆိုကြောင်း၊ စစ်အစိုးရ စာပေစိစစ်ရေးမှူးကမူ ရွေးကောက်ပွဲ ပြီးသွားမှသာ စာပေစိစစ်ရေး မရှိနိုင်တော့ဟု ပြောကြောင်း ဦးဝင်းတင်က ဆိုသည်။

“စာပေစိစစ်ရေးမှူး ပြောတာက သည်းခံပါတဲ့၊ ရွေးကောက်ပွဲပြီးသွားရင်တော့ စာပေစိစစ်ရေးဆိုတာလည်း ရှိတော့မှာ မဟုတ် ဘူးတဲ့၊ အခုတော့ ရှိနေတယ်၊ ဒါကို ဆင်ခြေမတက်နဲ့၊ ဒီအတိုင်းပဲ လက်ခံလို့ ပြောတဲ့သဘောဖြစ်နေတယ်”ဟု ဦးဝင်းတင်က ဝေဖန်သည်။

နိုင်ငံရေး သတင်းများကို ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များက စတင်ဖော်ပြလာခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ သတင်းတချို့ကို မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် အစည်းအဝေး မတိုင်ခင် မှစ၍ ဖော်ပြခွင့်ပြုကြောင်း သိရသည်။

ပြည်တွင်းမှ ဂျာနယ်လစ်တဦးက“ဂျာနယ်တွေမှာ နိုင်ငံရေး အချပ်ပို ထည့်ကြတယ်၊ စီးပွားရေးအရဆိုရင် ဂျာနယ်ဈေးကွက်မှာ အချိန်ကိုက် စီးပွားရှာတဲ့ သဘောပါပဲ၊ လက်ရှိ လူစိတ်ဝင်စားမှု များနိုင်တဲ့ အကြောင်းအရာကို ဖော်ပြတာပဲ၊ နောက်တခုက နိုင်ငံရေး(လက်ရှိမှာ ရွေးကောက်ပွဲ)ဆိုင်ရာ သတင်းအချက်အလက်တွေကို စာဖတ်ပရိသတ်ကို ချပြပေးတာပါ”ဟု ပြောသည်။

သို့သော် စာပေစိစစ်ရေးအနေနှင့် အစိုးရမူဝါဒကို ဆန့်ကျင်မှုထက် ထောက်ခံမှု ပိုများသည့် အရေးအသားဆိုလျှင် ဆင်ဆာ ပိုလွတ်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ဖော်ပြရာတွင် ပြည်တွင်းဂျာနယ်များ၌ ဘက်လိုက်သည့် သဘော ရှိနေမှုများနှင့် ပတ်သက်၍ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က“စာပေစိစစ်ရေးက တဖက်သတ်ခွင့်ပြုလို့ တဖက်သတ် ဖော်ပြထားတာ နေမှာပေါ့၊ တဖက်ပိတ်ထားသော လွတ်လပ်ခွင့်ပေါ့၊ ဆင်ဆာရှိနေသရွေ့ဘယ်လိုလုပ် လွတ်လပ်တယ် ပြောလို့ရမလဲ၊ ဆင်ဆာအောက်က လွတ်လပ်ခွင့်ပေါ့” ဟု ပြောသည်။

သို့သော် ပြည်တွင်းမှ အယ်ဒီတာ တဦးကမူ“ရှုထောင့် နှစ်ခုက ရေးပေမယ့် စိစစ်ရေးက တဖက်ကို ဖြုတ်ပစ်လိုက်ရော၊ counter လုပ်ထားတာကို ဖြုတ်လိုက်တော့ တဖက်စောင်းနင်း ရေးသလို ဖြစ်သွားတာ ကြုံရတယ်”ဟု ဆိုသည်။

စာရေးဆရာ၊ အယ်ဒီတာ မောင်ဝံသက အစိုးရကိုယ်တိုင် စိတ်ဝင်စားနေသဖြင့် ဆင်ဆာ မဖြတ်တောက်ဖြင်း ဖြစ်နိုင်သည်ဟု ပြောဆိုသည်။

“အစိုးရ ကိုယ်တိုင်က ၉၀ မှာ အဓိက နိုင်ထားတဲ့ ပါတီကြီး မှတ်ပုံမတင်တာကို သိချင်ပုံ၊ စိတ်ဝင်စားပုံရတယ်၊ ဦးခင်မောင်ဆွေ တို့က ဝင်မယ်ဆိုတဲ့ လိုင်းကို တင်တာကို၊ ဒီတော့ ဦးခင်မောင်ဆွေတို့ ဘာပြောမလဲ၊ သူတို့ ရည်ရွယ်ချက် ဘာရှိမလဲ၊ သိချင်ပုံ ရတယ်၊ စာဖတ်တဲ့သူထက် အာဏာပိုင်တွေက ပိုသိချင်ပုံရတယ်၊ ဒါကြောင့် ခွင့်ပြုတာ ဖြစ်မယ်”ဟု မောင်ဝံသက ပြောသည်။

ပြည်တွင်းမှ ဘလော့ဂါ တဦးက“ပြည်တွင်း သတင်းတွေက လွတ်လပ်မှု မရှိတော့ ဖတ်ရတဲ့လူပါ လွတ်လပ်မှု မရှိသလို ခံစား ရလို့ မဖတ်ဖြစ်တော့တာ ကြာပြီ၊ သူငယ်ချင်းတွေ ဝယ်လာရင်တော့ ဖတ်ဖြစ်တာပေါ့လေ၊ အင်တာနက်ပေါ်ကပဲ အများဆုံး ဖတ်ပါတယ်”ဟု ဆိုသည်။

လျှောက်ထားသည့် ပါတီများ မှတ်ပုံတင် ကျလာလျှင် ပြည်တွင်းဂျာနယ်များက ပိုမို ရေးသား ဖော်ပြလာကြဖွယ် ရှိသည်ဟု အယ်ဒီတာတဦးက သုံးသပ်သည်။

“ဆင်ဆာရှိတော့ ဆင်ဆာနဲ့ လွတ်မယ့် လမ်းကြောင်းလောက်ပဲ လုပ်ကြတာပဲလေ၊ ပါတီတွေက လျှောက်ထားဆဲရှိသေးတယ်၊ မှတ်ပုံတင်ကျပြီးရင် ဒီထက်ပိုပြီး ရေးလာကြမယ်၊ ရှေ့လျှောက် ပိုများလာမယ် ထင်တယ်”ဟု ယင်းအယ်ဒီတာက ပြောသည်။

မီဒီယာအများစုက ဘက်မလိုက်ဘဲ လုပ်လိုကြောင်း၊ ဘက်လိုက်သူလည်း ရှိကြောင်းနှင့် ပါတီများကလည်း ချဉ်းကပ်လာနိုင် ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်း အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်ရေးသို့ ကြိုတင် စိစစ်မှုခံယူ ရန် မလိုဘဲ ထုတ်ဝေနိုင်ကြောင်း မတ်လကုန်တွင် စစ်အစိုးရက ပါတီများကို အသိပေးခဲ့သည်။

“ပါတီတွေကိုလည်း ထုတ်ဝေခွင့် ပေးမယ် ပြောထားပြီးသားလေ၊ ဆင်ဆာ မတင်ရဘူး၊ ထုတ်ဝေပြီးမှ ကော်ပီတင်လိုက်ရုံပဲ၊ မကြိုက်ရင်တော့ အဲဒီစာစောင်ကို ပိတ်မှာပေါ့”ဟု ဂျာနယ်လစ်တဦးက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အကျဉ်းချခံထားရသူများထဲတွင် လူရွှင်တော် ဇာဂနာ၊ ဘလော့ဂါ နေဘုန်းလတ်၊ ကဗျာဆရာ စောဝေ စသည်တို့ ပါဝင်သည်။

ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခံရသော ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာနမှ ရုပ်သံ သတင်းထောက် တဦး ဖြစ်သူ မလှလှဝင်း၏ အယူခံကို မကွေးတိုင်း တရားရုံးက ဧပြီလ ၂၈ ရက်နေ့တွင် ပယ်ချခဲ့သည်။

ပြည်ပသို့ သတင်းများပို့သည်၊ ဗီဒီယိုများ ပို့သည်ဟု သံသယရှိသူများကိုလည်း စစ်အစိုးရက ဖမ်းဆီးလျက်ရှိရာ နောက်ဆုံး ဖမ်းဆီးခံရသူများမှာ သတင်းထောက် ဦးဇေယျနှင့် သားဖြစ်သူ စည်သူဇေယျတို့ ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ ရန်ကုန် ဗုံးပေါက်ကွဲမှုတွင် ဓာတ်ပုံရိုက်သဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တောင်ပေါ်သား လူနည်းစုများကို ပေါ်တာ အဖြစ် နအဖ စစ်တပ်မှ ခိုင်းစေနေ

5/4/2010

မောင်အေး (နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက ပြောသည်။

“စစ်တပ်တွေက ရွာတွေကို အဖွဲ့လိုက် အထမ်းသမားတွေ အတင်း တောင်းပီး ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေ အနေနဲ့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားဈေးက ရိက္ခာတွေကို ဒိုးတန်း တောင်ကို ဖြတ်ပြီး ၀ါးနက်ရုံစခန်းနဲ့ နဟုံးနဟန်း ရှေ့တန်း စခန်းတွေကို ပို့ပေးရပါတယ်။ ခရီးက အသွားအပြန်က ၂ ရက် ကြာပါတယ်။ တခါတခါ ပိုက်ဆံ တကျပ်မှ မရပါ။ တခါတခါ တလေကျတော့လည်း စစ်ဗိုလ်တွေက တယောက်ကို ၁၀၀ ကျပ် အဲသလိုမျိုးပေးတာ ရှိပါတယ်။ တနေ့လုပ်အားခ ကျပ် ၁၀၀၀ ရှိတဲ့ နေရာမှာ ကျပ် ၁၀၀ ရလို့ကတော့ ဘာမှ ထူးတာ မဟုတ်ပါဘူး။”

ဝါးနက်ရုံ စခန်းနှင့် နဟုံးနဟန်း ရှေ့တန်း စခန်းများ နအဖ စစ်တပ်၏ အမာခံ ခြေကုတ် ရှေ့တန်း စခန်းများ ဖြစ်ပြီး ဘူးသီတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေသော စခန်းများ ဖြစ်ကြသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် အဓိက နေထိုင်သော ရခိုင်မျိုးနွယ်စုများမှာ ဒိုင်းနက်နှင့် မြို လူမျိုးများ ဖြစ်ကြပြီး သူတို့ကို စစ်တပ် အတွက် ရိက္ခာများ သယ်ယူရာတွင် အမြဲ ခိုင်းစေနေကြောင်း သူက ပြောသည်။

“အခုက မိုးရာသီ လာတော့မယ်ဆိုတော့ စစ်တပ်က ရိက္ခာတွေကို အလုံအရင်းနဲ့ ရှေ့တန်းစခန်း တွေကို တင်ပို့နေပါတယ်။ မိုးရာသီဆိုရင် စိုင်းတင် ချောင်းက ရေစီးသန်တဲ့ အတွက် အဲဒီ ချောင်းကို ဖြတ်ပီး ရှေ့တန်း စခန်းတွေကို ရိက္ခာတွေ တင်ပို့လို့ မရဘူး။ ဒါကြောင့် စစ်တပ်က ကျေးရွာတွေ အလိုက် လူတွေကို ဆင့်ခေါ်ပီး ရိက္ခာတွေကို အခု ရှေ့တန်း စခန်းတွေကို ပို့ပေးနေတာ ဖြစ်ပါတယ်။”

ယခု စစ်တပ်မှ ရိက္ခာသယ်ရန် ပေါ်တာ အထမ်းသမားများ ခေါ်ယူ ခံနေကြရသော ကျေးရွာများမှာ ပန်းကုံးမ၊ ချောင်းရှည်၊ ပေါက်ကျပ်ဝ၊ စအုန်းခါး၊ ဘိုလီဖြူ၊ ပဲသတူ၊ ဂုတ်ပ်ီနှင့် သရဂူကျေးရွာများ ဖြစ်ကြသည်ဟု သူက ပြောသည်။

“ယခု လက်ရှိ ၀ါးနက်ရုံစခန်းမှာ စခန်းထိုင်နေတာကတော့ ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်း ဖြစ်ပါတယ်။ များမကြာမီ ရက်ပိုင်းအတွင်း ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ တပ်ရင်းနဲ့ အလဲအလှယ် ပြုလုပ်မယ်လို့ သိရပါတယ်။ တပ်ရင်း အလဲအလှယ် လုပ်ရင်လည်း ကျွန်တော်တို့ ဒေသခံတွေကို ပိုက်ဆံ တပြားမှ မပေးဘဲ အထုတ်အပိုးတွေကို သယ်ခိုင်းပါတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း သယ်ခိုင်းပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲသို့ ကျေးရွာသားများကို စစ်တပ်မှ ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြုနေသဖြင့် ဒိုင်းနက်နှင့် မြိုလူမျိုး အများစုမှာ မိုးရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း တောင်ယာ လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု သိရသည်။
မွန် ၁ဝ၃ ဦးကို ထိုင်းရဲက ပြန်လွှတ်ပေး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရက်ကြာဖမ်းဆီးပြီးနောက် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁ဝ၃ ဦးအား ထိုင်းလုံခြုံရေးများက ယမန်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ၁၂ မိုင်ကျော် ကွာဝေးသည့် ကန်ချနပူရီခရိုင် စံခလပူရီမြို့အနီး ဇာလီဖောင်းကျေးရွာ တောစပ်တွင် မေ ၃ ရက်နေ့က နယ်ခြားစောင့်တပ်နှင့် ရဲများပူးပေါင်းဖမ်းဆီးခဲ့ပြီး စံခလပူရီ ရဲစခန်းတွင် ချုပ်ထားရာမှ ယမန်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူများသည် အသက် ၂ဝ နှစ်မှ ၄ဝ နှစ်ကြား အမျိုးသား ၄ဝ ဦးနှင့် အမျိုးသမီး ၆၃ ဦး ဖြစ်ကြပြီး မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မှ ဖြစ်သည်။

“သူတို့ကိုခေါ်တဲ့ ပွဲစား (၄ဦး) တွေက တာဝန်ယူပေးတယ်။ မနေ့ မနက်ပိုင်းက ပြန်လွတ်လာကြတယ်” ဟု ထိုင်းအခြေစိုက် ကောင်းဝါ မွန်သတင်းဌာနမှ အယ်ဒီတာတဦးဖြစ်သူ မင်းစိုင်းနွန်ဒေါက မဇ္ဈိမကို ပြောသည်။
လွတ်မြောက်လာသူများသည် မြန်မာပြည်သို့ ပြန်သွားပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် စံခလပူရီ တောတွင်းတနေရာ၌ သောင်တင်နေသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်ရလျှင် ဝန်ဆောင်ခအဖြစ် မြန်မာငွေ ကျပ် ၅ သိန်း သို့မဟုတ် ထိုင်းဘတ်ငွေ ၁၇ဝဝဝ အား မိဘထံမှတဆင့် ပွဲစားခ ပေးဆောင်ရမည်ဟု သဘောတူကာ လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်မှုကြောင့် မွန်တိုင်းရင်းသားများ အဖမ်းဆီးခံရမှု ၁ဝ ကြိမ်ခန့်ရှိခဲ့သော်လည်း ယခုတခေါက်သည် အများဆုံး ဖမ်းဆီးမှုဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
ကမ်းဘဲလ်နှင့် တွေ့ခွင့်ရရန် အတိုက်အခံများလိုလား
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် Kurt Campbell နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် အတိုက်အခံများက လိုလားနေကြသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ ထွက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိသည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အနေဖြင့် စစ်အစိုးရနှင့် ဒီမိုကရေစီလိုလားသော အင်အားစုများအကြား ပိုမိုကြားဝင်ဆောင်ရွက်စေလိုနေကြသည်။

“အမေရိကန်ကိုယ်စားလှယ်နဲ့ အစိုးရတွေ့၊ အမေရိကန်ကိုယ်စားလှယ်နဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားတွေတွေ့၊ ပြီးရင် စစ်အစိုးရနဲ့ NLD နဲ့တွေ့၊ အဲဒါကို ဖန်တီးပေးပါ။ ညှိပေးပါ။ အဲဒီလိုလုပ်မှ တကယ်ဖြေရှင်းရာ ရောက်မယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဒေသဆိုင်ရာ အစည်းအဝေးတခုသို့ သွားရောက်ရန်ရှိပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း ဝင်ရောက်ဖွယ်ရှိသည်။

အမေရိကန်အစိုးရ ကိုယ်စားလှယ် လာရောက်မည့်အချိန်သည် ရွေးကောက်ပွဲဥပဒေအရ NLD ပါတီ အလိုအလျောက် ပျက်ပြယ်သွားမည့် အချိန်နှင့်လည်း ကိုက်ညီနေသည်။

မစ္စတာကမ်းဘဲလ် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

“အကုန်လုံးကို တွေ့ဆုံတယ်ဆိုလို့ရှိရင် ထိရောက်ပြီးတော့ အကျိုးရှိတဲ့ လုပ်ငန်းမျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ မြင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထောင်ကျနေသော ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံခွင့်ရရန်နှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေး ဖြစ်ထွန်းရန်အတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းလိုကြောင်း သူက ဆက်ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာ ရရှိပြီး၊ NLD ပြီးလျင် ဒုတိယ မဲအများဆုံး ရရှိသော တိုင်းရင်းသား နိုင်ငံရေးပါတီကြီးဖြစ်သည့် SNLD က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ မကျသည့်အပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်ခြင်း မရှိခြင်းကြောင့် ယခုနှစ် ရွေးကောက်ပွဲကို မဝင်ရန် ဆုံးဖြတ်ထားသည်ဟု ဦးစိုင်းလိတ်က ပြောသည်။

မစ္စတာကမ်းဘဲလ်၏ ခရီးစဉ်အပြီး စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးလိမ့်မည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ “နအဖဘက်က နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားတွေကို နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်ပေးဖို့ လိုလားတယ်ဆိုရင်တော့ ဘယ်သူ့ခရီးစဉ်မှ စောင့်စရာ မလိုဘူး။ လွှတ်ပေးသင့်တယ်” ဟု ပြောသည်။

နိုင်ငံတဝှန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ ကျာ်အနက် တိုင်းရင်းသား အကျဉ်းသား ၂ဝဝ ကျော်ရှိသည်ဟု AAPP-B က ပြောသည်။

မစ္စတာ ကမ်းဘဲလ်နှင့် သူ၏ လက်ထောက် စကော့ မာဆီယယ် Scot Marciel တို့သည် ပြီးခဲ့သည့်နှစ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့က စစ်အစိုးရ၏ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းစဉ်သည် တိုးတက်မှုမရှိသဖြင့် စစ်အာဏာပိုင်များနှင့် ဆွေးနွေးမည်ဆိုသည့် အမေရိကန်၏ မူဝါဒအသစ်အား ပြန်လည်သုံးသပ်မည်ဟု မစ္စတာ ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)