Saturday, November 13, 2010

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူး RNDP မမျှော်မှန်း

နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအပြီး အင်အား အကောင်းဆုံး ပါတီအဖြစ် ပေါ်ထွက်လာသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြည်နယ် ဝန်ကြီးချုပ်နေရာ မမျှော်မှန်းဟု ဆိုသည်။

ရွေကောက်ပွဲဝင် ကတည်းက အစိုးရဖွဲ့ရန်နှင့် ပြည်နယ်ဝန်ကြီးချုပ် ရာထူးကို မမျှော်မှန်းခဲ့သလို၊ ဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်မည်ဖြစ်သဖြင့် မရရှိနိုင်ကြောင်း RNDP က ပြောဆိုခြင်း ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်များအရ RNDP က အမတ်လောင်း ၄၄ ဦး ဝင်ပြိုင်ခဲ့ရာ ၃၅ ဦး အနိုင်ရခဲ့သဖြင့် ၈ဝ ရခိုင်နှုန်း အောင်မြင်မှု ရရှိခဲ့သည်။

ယင်း ၃၅ ဦးအနက် ၇ ဦးသည် အမျိုးသား လွှတ်တော်နှင့် ၉ ဦးသည် ပြည်သူ့လွှတ်တော် အမတ်များဖြစ်ရာ၊ ပြည်နယ် လွှတ်တော်အတွက် ၁၈ ဦးသာ ပါရှိသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) မှ တဦးတည်းသော ပြည်နယ် လွှတ်တော်အမတ်နှင့် ပူးပေါင်းခဲ့လျှင်ပင် ၁၉ ဦးသာ ရှိသေးသဖြင့် အမတ်ဦးရေ ထက်ဝက်ပင် မပြည့်သေးပါ။

“ပြည်နယ် ဝန်ကြီးချုပ် နေရာကိုလည်း မမှန်းပါဘူး။ သိတဲ့အတိုင်းပဲ သမတက ရွေးမှာလေ၊ ပါတီထောင်ကတည်းက အစိုးရဖွဲ့ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး” ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

ပါတီထောင်စဉ်ကတည်းက လွှတ်တော်တွင်းမှာ ရခိုင်ပြည်သူများအတွက် သင့်လျော်မှု မရှိသော ဥပဒေများကို ပယ်ချနိုင်ရန်နှင့် ထောက်ပြ ပြောဆိုနိုင်ရန်သာ ရည်ရွယ်ထားခဲ့သည်ဟု ဆိုသည်။

ပြည်နယ် အရေးကိစ္စများအတွက် ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြည်နယ်လွှတ်တော်တွင် အမတ် ၄၆ ဦး သို့မဟုတ် ၄၇ ဦး ရှိမည်။ သို့သော် RNDP အမတ် ၁၈ ဦးသည် အစိုးရဖွဲ့နိုင်မည့် ၅ဝ ရာခိုင်နှုန်းအောက် ရှိနေသည်။ စစ်တပ်က အလိုအလျောက် ရောက်လာမည့် အမတ် ၁၁ ဦး သို့မဟုတ် ၁၂ ဦး ရှိနေမည်။ ကျန်ရှိသည့် ၁၆ ဦး သို့မဟုတ် ၁၇ ဦးထဲတွင် စစ်အစိုးရသြဇာခံ ကြံ့ဖွံ့ပါတီမှ အမတ် ၁၃ ဦးထက်မနည်း ပါရှိကြောင်း နောက်ဆုံး လေ့လာချက်များအရ သိရသည်။

RNDP သည် ရွေးကောက်ပွဲဝင်စဉ်ကပင် ပြည်နယ်လွှတ်တော်အတွက် လိုအပ်သော အမတ်လောင်း ဦးရေ၏ ထက်ဝက်ကျော်ပင် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပါ။

RNDP သည် တောင်ပိုင်းမြို့နယ်များတွင် ယှဉ်ပြိုင်အား နည်းခဲ့ပြီး၊ မြောက်ပိုင်းမြို့နယ်များတွင်သာ အဓိကထား ဝင်ပြိုင်ခဲ့သည်။ ၎င်းတို့အနေဖြင့် တောင်ပိုင်းမြို့နယ်များတွင် ယှဉ်ပြိုင်အား နည်းခဲ့ခြင်းမှာ ဘဏ္ဍာရေး အခြေအနေနှင့် စည်းရုံးချိန် နည်းပါခဲ့ခြင်းကြောင့်ဟု RNDP က ပြောဆိုသည်။

၁၉၉ဝ ပါတီစုံ ရွေးကောက်ပွဲတွင် တောင်ပိုင်းမြို့နယ်များ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သာ အနိုင်ရခဲ့ပြီး မြောက်ပိုင်း မြို့နယ်များတွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့သည်။