Friday, April 23, 2010

ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေးမှု မွန်ပြည်သစ်ပါတီ ငြင်းဆန်
ဘစောတင် Friday, April 23, 2010

စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ ရန် ဖိအားပေး တောင်းဆိုမှုကို မွန်ပြည်သစ် ပါတီ (NMSP) က လက်မခံဘဲ ငြင်းပယ် လိုက်ကြောင်း ပါတီ ပြောရေး ဆိုခွင့်ရှိသူက ပြောသည်။

လွန်ခဲ့သော ၂ ရက်အတွင်း မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တွင် အရေးပေါ် အစည်းအဝေးခေါ်ယူကာ ယခု ကဲ့သို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း ယနေ့ ညနေပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောရေး ဆိုခွင့် ရှိသူ နိုင်ချေးမွန်က ပြောဆိုသည်။

“အမျိုးသားအခွင့်အရေး ပြဿနာကို ပြေလည်အောင် မဖြေရှင်းနိုင်ခင်စပ်ကြား တပ်ဖွဲ့ များ အသွင်ပြောင်း
ဖွဲ့ စည်းရန်မှာ အခက်အခဲများစွာရှိပါတယ်၊ မွန်ပြည်သစ် တပ်ဖွဲ့ ဝင်များနဲ့ မွန်ပြည်သူများက လက်ခံလိုသော ဆန္ဒမရှိပါ၊ ဒါကြောင့် နအဖ တောင်းဆိုတဲ့ ပြည်သူ့စစ်ဖွဲ့ ရန်ဆိုသည်မှာ မဖြစ်နိုင်ဘူးဆိုတာကို မနေ့ ကဘဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို အကြောင်းပြန်ကြားလိုက်ပြီးပါပြီ”ဟု ၎င်းက ဆိုသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဧပြီလ(၇)ရက်နေ့ တွင် မွန်ပြည် သစ် ပါတီမှ တာဝန်ရှိသူများနှင့် တွေ့ ဆုံစဉ် ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် မဖွဲ့ ပါက ပြည်သူ့ စစ်ဖွဲ့ ရန်နှင့် ပတ်သက်ပြီး အကြောင်းပြန်ရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ ဆုံပွဲသို့ NMSP ဥက္ကဌ နိုင်ရော့စ အပါအ၀င် ဗဟိုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ NMSP အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်စေ၊ ပြည်သူ့ စစ် အသွင်ကူးပြောင်းရေးကို ဖြစ်စေ ပြောင်းလဲဖွဲ့ စည်းရန် အကြိမ်ကြိမ် ငြင်းဆိုထားသည်။

“ကျနော်တို့ကို စစ်အစိုးရက ပြည်သူ့ စစ်ဖွဲ့ဖို့ အင်အားသုံး ဖိအားပေးလာရင်တော့ ကျနော်တို့ကိုယ် ကျနော် တို့ ကာကွယ်ရမှာပဲ”ဟု နိုင်ချေးမွန်ကပြောသည်။

ယခုကဲ့သို့ ငြင်းဆန်ပြီးနောက် ပြည်တွင်း၌ ဖွင့်လှစ်ထားရှိသော NMSP ရုံးများကို ပိတ်ပစ်ခြင်းနှင့် လူဦးရေ လျှော့ချ ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် မတ်လက NMSP သည် လက်နက် စုဆောင်းရေးဌာန အပါအဝင် ဌာနတချို့ကို နေရာရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

“ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ကျနော်တို့ ကို နယ်ခြားစောင့်တပ်ဖွဲ့ မလား၊ ပြည်သူ့ စစ်ဖွဲ့ မလား၊ ဘာမှ လက်မခံ ရင်တော့ ခင်ဗျားတို့ ဟာ အပစ်အခတ် ရပ်စဲမှု မပြုလုပ်ခင် ၁၉၈၉ ခုနှစ်က အနေအထားကို ရောက်သွားမယ် လို့ ပြောခဲ့တာကြောင့် ကျနော်တို့ ဘက်ကလည်း ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရုံးတွေမှာရှိတဲ့ လူတွေ လျှော့ချ တာတို့၊ ပိတ်တာတို့ စလုပ်နေပြီ၊ ဆက်ဆံရေး ရုံးတရုံးကိုပဲ ထားတော့မယ်”ဟု နိုင်ချေးမွန်က ဆက်ပြော သည်။

ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတောင်ကြားလမ်းမှ NMSP ပါတီဝင်တချို့ကလည်း နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး အတွက် ဆွေးနွေးညှိနှိုင်းမှုပျက်ပြားပြီး စစ်ကို မရှောင်လွှဲနိုင်ပါက နေအိမ်များစွန့်ခွာ၍ တောတွင်းသို့ ပြန်ဝင်ကြရန် ခေါင်းဆောင်များက မှာကြားထားကြောင်း ပြောဆိုသည်။

NMSP ၏ တရားဝင် စာရင်းများအရ အဖွဲ့ဝင် ၃၅၀၀ ရှိသော်လည်း လက်ရှိတွင် တာဝန်ထမ်းဆောင်နေသူမှာ ၇၀၀ ခန့် သာ ရှိကြောင်း သိရသည်။

အကယ်၍ စစ်ဖြစ်ပွားရန် အကြောင်းပေါ်လာပါက တပ်ဖွဲ့ဝင်များ ပြန်လာဖွယ်ရှိကြောင်း၊ အစပိုင်းတွင်မှု အခက်အခဲ ရှိမည်ဖြစ်ကြောင်း NMSP အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ မကြာသေးခင်က ပြော ဆိုထားသည်။

သို့သော် အပစ်ရပ်ထားသည့် ဆယ်စုနှစ်တခုကျော်ကြာအတွင်း မြို့ပေါ်၌ စီးပွားရေးလုပ်ငန်းများနှင့် အခြေကျနေသည့် ပါတီ အဖွဲ့ဝင်များအဖို့ လက်ရှိအခြေအနေကို စွန့်လွှတ်၍ NMSP နှင့် တောတွင်းသို့ လိုက်ပါပူးပေါင်းရန် အခက်အခဲရှိမည်ဟု မွန် နိုင်ငံရေး လေ့လာအကဲခတ်သူများက ဆိုသည်။

NMSP ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်တင်အောင်ကမူ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့ကို တိုက်ခိုက်လိမ့် မည်ဟု မထင်ကြောင်း ပြောဆိုဖူးသည်။

ယမန်နှစ်က နယ်ခြားစောင့်တပ် ဖွဲ့ရန် NMSP က ငြင်းဆန်ပြီးနောက် စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာခဲ့သည်။

အကယ်၍ တိုက်ပွဲ ပြန်ဖြစ်ခဲ့လျှင် ပြောက်ကျား နည်းဖြင့် ပြန်လည် ခုခံမည် ဖြစ်ကြောင်းလည်း NMSP ခေါင်းဆောင် များက ပြောဆိုထားသည်။

အပစ်အခတ်မရပ်စဲခင်က မွန်ဒေသတွင် စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲထားခဲ့သော်လည်း ၁၅ နှစ်ကြာ ကာလအတွင်း တပ်စွဲထားသည့် တပ်ရင်း ၃၀ ခန့် ရှိကြောင်း သိရသည်။

မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အပစ်ရပ်အဖွဲ့များအနေနှင့် ဧပြီ ၂၈ ရက်နေ့ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် မပြောင်းပါက စစ်အစိုးက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

စစ်တွေတွင် အမျိုးသမီးများက လျှပ်စစ်မီး ရရှိရေး တောင်းဆို ဆန္ဒပြ

4/23/2010

စစ်တွေမြို့ ကုန်တန်းရပ်ကွက်မှ အမျိုးသမီး ၃၀၀ ကျော်ခန့်သည် ဧပြီလ ၂၁ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ အမျိုးသား တဦးက “ အမျိုးသမီး ၃၀၀ ကျော်ခန့် ပါတယ်လို့သိရပါတယ်။ သူတို့ရပ်ကွက်မှာ မီးမလာတာ တလကျော်နေပြီ ဖြစ်တဲ့အတွက် ဒါကို သည်းမခံနိုင်တာကြောင့် လမ်းပေါ်ထွက် ဆန္ဒ ပြကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမျိုးသမီးများသည် တအိမ်မှ တယောက်ကျ ထွက်ကာ ရပ်ကွက် ရယကရုံးထိ ချီတက်ပြီး လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် တောင်းဆို ခဲ့ကြကြောင်းကို အမျိုးသမီး တဦးက ယခုကဲ့သို့ ပြောသည်။

“ကျွန်မတို့ရပ်ကွက်မှာ စစ်အစိုးရာ အာဏာပိုင်တွေက ဖွဲမီးစက်တလုံးကို တည်ပီး ရပ်ကွက်ကို မီးပေးခိုင်းပါတယ်။ ဒါပေမယ့် မီးက မလာပါဘူး။ မီးမလာတာ တလကျော်လာတော့ ကျွန်မတို့လည်း သည်းမခံနိုင်တော့ဘဲ လမ်းပေါ်ထွက်ပြီး လျှပ်စစ်မီး ရရှိရေးအတွက် တောင်းဆို ဆန္ဒပြရတာ ဖြစ်ပါတယ်။ ခုလို ဆန္ဒပြလိုက်တဲ့ အတွက် မနေ့က စပီးတော့ လျှပ်စစ်မီး လာပါပြီ။”

နအဖစစ်အစိုးရ အာဏာပိုင်များသည် စစ်တွေမြို့တွင် လျှပ်စစ်မီးကို ပုံမှန် မပေးနိုင်သဖြင့် တချို့ရပ်ကွက်များတွင် သူတို့နှင့် ရင်းနှီးသူ စီးပွားရေး သမားများကို စပါးခွံသုံး ဖွဲမီးစက်များကို တည်ဆောက် ခိုင်းကာ လျှပ်စစ်မီး ပေးဝေနေသည်ဟု သိရသည်။

ထိုသို့ ပေးဝေရာတွင် စစ်တွေမှ ကုန်တန်းရပ်ကွက်လည်း ပါဝင်သည်။

“ဖွဲခွံသုံး မီးစက်ကပေးတဲ့ မီးက ကြက်ဥလုံးလောက်သာ ရှိပြီး လင်းလည်း မလင်းပါဘူး။ ဒါကိုတောင် တလလုံးလုံး မပေးဘဲထားတာ ဖြစ်ပါတယ်။ ခုလို ကျွန်မတို့ရပ်ကွက်ကို လစ်လျူရှု့ထားတာကြောင့် လူတွေ ဒေါသ ပေါက်ကွဲပြီး ရယကရုံးကို သွားရောက်ပီး ဆန္ဒပြခဲ့ကြရတာ ဖြစ်ပါတယ်” ဟု သူမက ဆက်ပြောသည်။

စစ်အစိုးရ အာဏာပိုင်များ အနေဖြင့် ဆန္ဒပြသူ အမျိုးသမီးများကို တစုံတရာ ဖမ်းဆီးခြင်း မရှိသည့် အပြင် နောက်တနေ့တွင် ကုန်တန်း ရပ်ကွက်တွင် လျှပ်စစ်မီးကို စတင် ဖြန့်ဖြူး ပေးခဲ့သည်ဟု သိရသည်။

နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်မှ ထွက်သော ဂတ်စ်အား တရုတ်နိုင်ငံသို့ ရောင်းစားထားပြီး အဆိုပါ ဂတ်စ်ဖြင့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး ရရှိအောင် စီစဉ် ဆောင်ရွက်ပေးခြင်း တစုံတရာ မရှိသဖြင့် စစ်တွေ အပါအ၀င် ရခိုင်ပြည်နယ်မှ မြို့များတွင် တနေ့ လျှပ်စစ်မီး ၂ နာရီသာ ရရှိသည်။

သို့သော်လည်း နအဖ စစ်အစိုးရသည် သူတို့လက်ထက်တွင် ရခိုင်ပြည်နယ်မှာ မကြုံဖူးအောင် တိုးတက်လာခဲ့သည်ဟု ပြောဆိုနေသည်။
ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့ (၂) ဖွဲ့ကို နိုင်ငံရေးပါတီ အဖြစ် တည်ထောင်ခွင့် ပြုလိုက်ပြီ

4/23/2010

စံလင်း (နိရဉ္စရာ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ ၁၆ ခုမှ အဖွဲ့နှစ်ဖွဲ့ကို ပါတီ တည်ထောင်ခွင့် ပြုလိုက် ဖြစ်ကြောင်း သိရသည်။

ခွင့်ပြုချက်ရသော ပါတီနှစ်ခုမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် တို့ဖြစ်ပြီး ဧပြီ ၂၂ ရက်တွင် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပါတီတည်ထောင်ခွင့်ရရှိသော အဖွဲ့နှစ်ခုသည် ခွင့်ပြုချက်ရသည့် နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၇) နှင့် အညီ ကော်မရှင်သို့ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် ဆက်လက် လျှောက်ထားရမည် ဖြစ်သည်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးတွင် နအဖ စစ်အစိုးရမှ မဖျက်သိမ်းဘဲ ထားခဲ့သော ပါတီ ၁၀ ခု သာရှိခဲ့သည်။ ယင်းပါတီ ၁၀ခု အနက် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်ခွင့် ပြုရန် ပါတီ (၃) ခုကသာ လျှောက်ထားခဲ့သည်။

အသစ်လာရောက် လျှောက်ထားသော ပါတီ ၁၆ခုနှင့် ဆက်လက် ပါတီ တည်ထောင်ခွင့် လျှောက်ထားသော ပါတီ ၃ ခု စုစုပေါင်း ပါတီ ၁၉ ခုသာ ယခု အချိန်ထိ ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ အဖြစ် တည်ထောင်ခွင့် လျှောက်ထားခဲ့သည်။

အဆိုပါ အဖွဲ့များမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ကရင် အမျိုးသားများ အဖွဲချုပ် ပါတီ၊ မြို့(ခေါ်)ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့ (မ-ခ-မ-ည-ဖ)၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်၊ ဒီမိုကရတ်တစ် ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့ ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်(PNO)၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တအာင်း(ပလောင်) အမျိုးသား ပါတီ၊ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် “ဝ” ဒီမိုကရက်တစ် ပါတီ တို့ဖြစ်ကြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၂၀၁၀ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဥပဒေအမှတ် (၂/၂၀၁၀)ဖြင့် ပြဌာန်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နောက်ဆုံးနေ့ရက်သည် ၂၀၁၀ ခုနှစ် မေလ ၆ ရက်နေ့ ဖြစ်သည်ဟု ဥပဒေအမှတ် (၁၈/၂၀၁၀) ဖြင့် စစ်အစိုးရမှ ပြဌာန်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီများ ရွှေးကောက်ပွဲကော်မရှင်တွင် ပါတီ မှတ်ပုံတင်မည့် သတင်းများ ထွက်ပေါ်နေသော်လည်း ယခုအချိန်ထိ ရခိုင်ပြည်သူ့ ကိုယ်စားပြု အဖွဲ့အစည်း တခုမှ မှတ်ပုံတင် လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။
မန်မာ နိုင်ငံသား ၃၇ ယောက် ပြန်ပို့ခံရ

4/23/2010

ထွန်းထွန်း ( နိရဉ္စရာ)
ဘင်္ဂလားဒေ့ခ်ျ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ (BDR) မှ နယ်စပ်မှ တရားမ၀င် ခိုးဝင်လာသူ မြန်မာနိုင်ငံသား ၃၇ ယောက်ကို ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်လိုက်သည်ဟု သတင်း ရရှိသည်။

နှင်ထုတ်ခံရသူ အများစုမှာ ရခိုင်များဖြစ်ပြီး အနည်းစုမှာ အစ္စလာမ်ဘာသာဝင် ကုလားများ ဖြစ်ကြသည်ဟု ဒေသခံ ပန်းထိမ် ဆရာ တဦးကပြောသည်။

သူတို့အား တက်ကနက် အခြေစိုက် အမှတ် ဘီဒီအာရ် ၄၂တပ်ရင်းက ဧပြီ ၁၉ နှင့် ၂၀ ရက်နေ့များတွင် နယ်စပ်မှ ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

တချို့ရခိုင် အမျိုးသားများမှာ ကျွဲနွားများကို ရောင်းချရန် ဘင်္ဂလာဒေခ်ျ့သို့ တရား မ၀င် ၀င်ရောက်လာစဉ် ဖမ်းဆီးခံခဲ့ရပြီး ပစ္စည်းများကို အသိမ်းခံရကာ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ပြန်လည် နှင်ထုတ်ခံရခြင်း ဖြစ်သည်။

သူတို့ ၃၇ ဦးအား နတ်မြစ်မှ တဆင့် မော်တော် စက်လှေများဖြင့် ပြန်လည် နှင်ထုတ်လိုက်ခြင်းကို ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့ တာဝန်ရှိသူများကလည်း အတည်ပြု ပြောကြားသည်။

ပြည်တွင်း စီးပွားရေး မပြေလည်မှုကြောင့် အသက်ကိုစွန့်ပြီး ပင်လယ်ပြင်ကို ဖြတ်ကာ နှစ်နိုင်ငံ အကြား တရားမ၀င် ကုန်သွယ် ရောင်းကုန်ဝယ် ဖေါက်ကားသူ မြန်မာနိုင်ငံသားများမှာ ဘင်္ဂလာဒေခ်ျ့တွင် မကြာခဏ ဖမ်းဆီး ခံနေရပြီး တချို့မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ထောင်ထဲတွင် နှစ်ရှည်လများ ထိမ်းသိမ်း ခံနေရသည်ဟု သိရသည်။