Saturday, February 13, 2010

ဦးတင်ဦး ပြန်လွတ်ပြီ
Saturday, 13 February 2010 13:41 ဧရာဝတီ
E-mail Print

နေအိမ် အကျယ်ချုပ် ကျနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦးကို အာဏာပိုင်တို့က ယနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။

u-tinoo
၇ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရသည့် ဦးတင်ဦးက နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နေအိမ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲ၍ အစိုးရအာဏာပိုင်များက နှစ်စဉ် သက်တမ်းတိုး၍ ဆက် လက်ထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဦးတင်ဦးကို ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြား ထားသည်။

ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch- HRW)ကလည်း ဦးတင်ဦး သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက် လွှတ်ပေး ရမည် ဖြစ်ကြောင်း ယမန်နေ့က တောင်းဆို ထားသည်။
ALD ပြည်ပ နာယက ဂျပန် ခရီးစဉ်အတွင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ

2/13/2010

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) နာယက ဦးခိုင်အောင်ဝင်းသည် ယခုလ ၇ ရက်နေ့က ဂျပန်နိုင်ငံရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲကို တိုကျိုမြို့တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင် ၅၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဦးခိုင်အောင်ဝင်းက တက်ရောက်လာသူများအား အမျိုးသားနိုင်ငံရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍကို အကျယ်တ၀င့်ဟောပြောပြီး ရခိုင်သမိုင်း၊ လစ်ဘရယ် ဒီမိုကရေစီ၊ စီမံခန့်ခွဲရေး ပညာနှင့် ကမ္ဘာ့ နိုင်ငံရေး အခြေအနေများကို လူငယ်များ သိရှိထားရန် လိုအပ်ကြောင်း ပြောကြားသည်ဟု သိရသည်။

ဦးခိုင်အောင်ဝင်းမှာ ယခုအခါ နယ်သာလန်နိုင်ငံတွင် နေထိုင်နေပြီး ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၆၃ နှစ်မြှောက်ပြည်ထောင်စုနေ့သို့ ရခိုင်အမျိုးသား ကိုယ်စားပြု တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဂျပန်ဌာနခွဲ ဥက္ကဌ ဦးလှအေးမောင်မှလည်း မိန်းခွန်းစကား ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဂျပန်ဌာနခွဲ နာယက ဦးဇော်မင်းခိုင်မှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဗဟို၏ လက်ရှိ အခြေအနေများနှင့် ရခိုင်ပြည် အမျိုးသားကောင်စီတွင် ALD မှ ဒေါက်တိုင်တခုအနေဖြင့် အခိုင်အမာ ရပ်တည်နေကြောင်းနှင့် ရခိုင်ပြည်အမျိုးသားကောင်စီ၏ လိုအပ်ချက်များကို မိမိတို့ပါတီမှ အားဖြည့် ၀ိုင်းရန်သွားမည် ဖြစ်သည်ဟု ပြောကြားသည်ဟု သိရသည်။

လက်ရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ခေါင်းဆောင် အများစု ထောက်ခံထားသော အေအန်စီမှာ များမကြာမှီက ထိုင်းနိုင်ငံတွင် ဖွဲ့စည်းလိုက်သော အေအန်စီ ဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ဂျပန်ဌာနခွဲ အမျိုးသမီးရေးရာမှူး ဒေါ်လှလှဝေနှင့် စောစန္ဒာဖြူတို့မှလည်း အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ဟောပြောသွားခဲ့သည်ဟု သိရသည်။ အခမ်းအနားတွင် ဦးအောင်ဝင်း၊ ဦးဇော်မင်းခိုင်နှင့် ကိုလှအေးမောင်တို့မှ သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိသည်။
ALA နှင့်တိုက်ပွဲ ဖြစ်ပွား၍ နအဖ စစ်သား တဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ
2/13/2010

ALA ခေါ် ရခိုင်ပြည် လွှတ်မြှောက်ရေး တပ်မတော်နှင့် နအဖ စစ်တပ်တို့အကြား ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားရာ နအဖ စစ်တပ်မှ တဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားသည်။

ရခိုင်ပြည်လွှတ်မြောက်ရေး ပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ခိုင်ထွန်းလင်းက နအဖ ဘက်မှ တဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားခြင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ တိုက်ပွဲက ကျွန်တော်တို့ ရခိုင်ပြည်လွှတ်မြှောက်ရေးတပ်မတော်က တပ်ခွဲမှူး ဗိုလ်ခိုင်ကျော်မိုးထွန်း ဦးစီတဲ့ တပ်ဖွဲ့နဲ့ ဘူးသီးတောင် အခြေစိုက် ခမရ ၂၆၃ တပ်ရင်းက တပ်ဖွဲ့တဖွဲ့တို့ ပလက်ဝမြို့နယ် ပြိုင်ဇော်ရွာ အနီးမှာ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက် လက်ဦးမူ ရရှိပီး စတင် ပစ်ခတ်ခဲ့တဲ့ အတွက် ဗမာ နအဖ စစ်တပ်ဘက်က တဦးကျဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိသွားပါတယ်။”

၎င်းပြင်သူက တိုက်ပွဲအသေးစိတ် အခြေအနေများကို ယခုကဲ့သို့ ပြောကြားသည်။

“ တိုက်ပွဲကတော့ ရင်ဆိုင်တွေ့ဆုံ ဖြစ်ပွားတာပါ။ ရန်သူဘက်က ဗိုလ်မှူး စိုးအောင် ဦးစီးတဲ့ စစ်ကြောင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ၁၅ ဦးခန့်ပါပီး ရန်သူဘက်ကလည်း ၁၅ ဦးခန့် ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကတော့ နံနက် ၁၁ နာရီ ၄၅ မိနစ်က စတင် ဖြစ်ပွားခဲ့တာပါ။ စုစုပေါင်း မိနစ် ၅၀ ခန့် ကြာပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက် ဒဏ်ရာ ရရှိတာ မရှိပါဘူး။”

ယခုကဲ့သို့ နအဖ ဘက်မှ တပ်သား တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသွားကြောင်းကို အရပ်ဘက် သတင်းနှင့် နအဖ စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များ အရ သိရှိရကြောင်း သူက ပြောကြားသည်။

ယခု တိုက်ပွဲမှာ ၂၀၁၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ရခိုင်ပြည်တပ်မတော်နှင့် နအဖ တပ်မတော်တို့ အကြား စတင် ဖြစ်ပွားသော တိုက်ပွဲ ဖြစ်ပီး ၂၀၀၉ ခုနှစ်က ALA နှင့် နအဖ တို့အကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ကာ ၂၀၀၈ ခုနှစ်က ၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်သည် ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ရှိသည့် အတွက် ရခိုင်ပြည်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မူများကို နည်းမျိုးစုံဖြင့် ကျူးလွန်နေသော နအဖ စစ်တပ်အပေါ် အခြေအနေ အခွင့်ကောင်းများကို အရယူပြီး ဆက်လက် တိုက်ပွဲများ ဖေါ်ထုတ်သွားရန် အစီအစဉ်များရှိကြောင်း ကိုခိုင်ထွန်းလင်းမှ ပြောဆိုသည်။