Saturday, February 13, 2010

ဦးတင်ဦး ပြန်လွတ်ပြီ
Saturday, 13 February 2010 13:41 ဧရာဝတီ
E-mail Print

နေအိမ် အကျယ်ချုပ် ကျနေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဦးတင်ဦးကို အာဏာပိုင်တို့က ယနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။

u-tinoo
၇ နှစ်နီးပါး ထိန်းသိမ်းခံခဲ့ရသည့် ဦးတင်ဦးက နိုင်ငံရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နေအိမ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို ပြောသည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်း ဆီးခံခဲ့ရခြင်းဖြစ်သည်။

၎င်းအား စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲ၍ အစိုးရအာဏာပိုင်များက နှစ်စဉ် သက်တမ်းတိုး၍ ဆက် လက်ထိန်းသိမ်းခဲ့သည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၁ ရက်နေ့က ဦးတင်ဦးကို ဖေဖော်ဝါရီလထဲတွင် လွှတ်မည်ဖြစ်ကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြား ထားသည်။

ဗိုလ်ချုပ်မောင်ဦးက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch- HRW)ကလည်း ဦးတင်ဦး သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည့်အတွက် လွှတ်ပေး ရမည် ဖြစ်ကြောင်း ယမန်နေ့က တောင်းဆို ထားသည်။

No comments: