Saturday, February 13, 2010

ALD ပြည်ပ နာယက ဂျပန် ခရီးစဉ်အတွင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ

2/13/2010

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) နာယက ဦးခိုင်အောင်ဝင်းသည် ယခုလ ၇ ရက်နေ့က ဂျပန်နိုင်ငံရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲကို တိုကျိုမြို့တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင် ၅၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ဦးခိုင်အောင်ဝင်းက တက်ရောက်လာသူများအား အမျိုးသားနိုင်ငံရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍကို အကျယ်တ၀င့်ဟောပြောပြီး ရခိုင်သမိုင်း၊ လစ်ဘရယ် ဒီမိုကရေစီ၊ စီမံခန့်ခွဲရေး ပညာနှင့် ကမ္ဘာ့ နိုင်ငံရေး အခြေအနေများကို လူငယ်များ သိရှိထားရန် လိုအပ်ကြောင်း ပြောကြားသည်ဟု သိရသည်။

ဦးခိုင်အောင်ဝင်းမှာ ယခုအခါ နယ်သာလန်နိုင်ငံတွင် နေထိုင်နေပြီး ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၆၃ နှစ်မြှောက်ပြည်ထောင်စုနေ့သို့ ရခိုင်အမျိုးသား ကိုယ်စားပြု တက်ရောက်ရန် ရောက်ရှိနေခြင်း ဖြစ်သည်။

အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက်သူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဂျပန်ဌာနခွဲ ဥက္ကဌ ဦးလှအေးမောင်မှလည်း မိန်းခွန်းစကား ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဂျပန်ဌာနခွဲ နာယက ဦးဇော်မင်းခိုင်မှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ဗဟို၏ လက်ရှိ အခြေအနေများနှင့် ရခိုင်ပြည် အမျိုးသားကောင်စီတွင် ALD မှ ဒေါက်တိုင်တခုအနေဖြင့် အခိုင်အမာ ရပ်တည်နေကြောင်းနှင့် ရခိုင်ပြည်အမျိုးသားကောင်စီ၏ လိုအပ်ချက်များကို မိမိတို့ပါတီမှ အားဖြည့် ၀ိုင်းရန်သွားမည် ဖြစ်သည်ဟု ပြောကြားသည်ဟု သိရသည်။

လက်ရှိ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ခေါင်းဆောင် အများစု ထောက်ခံထားသော အေအန်စီမှာ များမကြာမှီက ထိုင်းနိုင်ငံတွင် ဖွဲ့စည်းလိုက်သော အေအန်စီ ဖြစ်သည်ဟု သိရသည်။

၎င်းအပြင် ဂျပန်ဌာနခွဲ အမျိုးသမီးရေးရာမှူး ဒေါ်လှလှဝေနှင့် စောစန္ဒာဖြူတို့မှလည်း အမျိုးသမီးရေးရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ဟောပြောသွားခဲ့သည်ဟု သိရသည်။ အခမ်းအနားတွင် ဦးအောင်ဝင်း၊ ဦးဇော်မင်းခိုင်နှင့် ကိုလှအေးမောင်တို့မှ သဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

No comments: