Saturday, June 12, 2010


စစ်တပ်သာမက ရေတပ်ကလည်း ပေါ်စတာကပ် ဆိုင်းဘုတ်ထောင်ပြီး ရခိုင်တွင် လူသစ်များ စုဆောင်း

6/12/2010

ရခိုင်ပြည်နယ်တွင် ကြည်းနှင့်ရေ နအဖ တပ်မတော်သားများက ရဲဘော်သစ်များကို ယခုအခါ အပြိုင်အဆိုင် အပြင်းအထန် စုဆောင်းနေကြောင်း သိရသည်။

ယခုအခါ နအဖ ရေတပ်မှ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပြီး ရေတပ်သားသစ်များကို စုဆောင်းနေကြောင်း ဒေသခံ တဦးက ပြောသည်။

“သူတို့ ထောင်တဲ့ ဆိုင်းဘုတ်နဲ့ ကြော်ငြာထဲမှာ ဘယ်လို ပါသလဲ ဆိုရင် - သင့်ကို မြန်မာ့ ပင်လယ်ပြင်ကို ကာကွယ်ဖို့ မြန်မာ့ရေတပ်က အလိုရှိသည်- ဆိုပီး ပါဝင်ပါတယ်။ ၀င်တဲ့သူကို ပိုက်ဆံ တသိန်း ဆန်တအိတ် ပေးတယ်လို့လည်း သိရပါတယ်။”

အရင်က မြန်မာ့ရေတပ်ကို ၁၀ တန်းအောင် အဆင့် ရှိသူများမှသာ ၀င်ရောက်ခွင့် ရှိသော်လည်း ယခုအခါ ရှစ်တန်းအောင် အဆင့်များကိုပါ စည်းရုံးသိမ်းသွင်းနေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့သိမ်းသွင်းနေမူအပေါ် စစ်တွေ ရေတပ် အငြိမ်းစား တဦးကို မေးကြည့်ရာ သူက “ အခုလို စုဆောင်းတာက အချက် နှစ်ချက် ရှိပါတယ်။ တချက်က ရေတပ်ကို အကြီးအကျယ် တိုးချဲ့ဖို့ နအဖ စစ်အစိုးရက စီစဉ်နေပါတယ်။ ဒုတိယ အချက်ကတော့ အရင်ကလို ရေတပ်တွေ စစ်တပ်တွေကို လူငယ်တွေက မ၀င်တော့ဘူး။ ဒါကြောင့် မြန်မာ့ ရေတပ် အနေနဲ့ ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပီး စည်းရုံးလာရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုအခါ ရေတပ်မှ တပ်သားသစ် စုဆောင်းသော ပိုစတာများနှင် ဆိုင်းဘုတ်များကို ပေါက်တောနှင့် မင်းပြားမြို့ နယ် ကျေးရွာတိုင်းတွင် မြင်တွေ့နိုင်ပြီး တပ်သားသစ်များ ရရှိရေး အတွက် လူငယ်များကို မက်လုံး အမျိုးမျိုးပေးကာ စည်းရုံးနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်သားသစ် တဦး၏ ဈေးနုံးမှာ ကျပ် တသိန်းနှင့် နှစ်သိန်းကြားရှိပြီး တပ်ထဲကို ၀င်ရောက်သည်နှင့် တပြိုင်နက် အဆိုပါငွေနှင့် ဆန်ကို ချက်ချင်း ထုတ်ပေးသည်ဟု သိရသည်။