Monday, April 12, 2010


စစ်တွေ ရခိုင်ရိုးရာ သင်္ကြန် နအဖ စစ်အစိုးမှ ဖျက်ဆီးလိုက်ပြီဟု မြို့ခံ လူကြီးများကပြော

4/12/2010

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် နှစ်စဉ် ကျင်းပနေသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပ ပြုလုပ်ခွင့်ကို အာဏာပိုင်များက မြို့ထဲရပ်ကွက်များတွင် ပြုလုပ်ခွင့်ကို ပိတ်ပင်လိုက်သဖြင့် ယခုနှစ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို စစ်တွေတွင် ကျင်းပပြုလုပ်နိုင်မည် မဟုတ်ကြောင်း မြို့ခံ လူကြီးများက ပြောသည်။

“ ဒီစစ်အစိုးရက ကျွန်တော်တို့ ရခိုင်ရိုးရာ သင်္ကြန်ကို ဖျက်ဆီးချင်နေတာ ကြာနေပါပြီ။ ဒီနှစ်မှာတော့ ရပ်ကွက်တွေမှာ ရခိုင်ရိုးရာ ရေပက်ကစားတဲ့ မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်ကို ပိတ်ပင်လိုက်တဲ့အတွက် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကတော့ ဒီနှစ်မှာ ကျင်းပ နိုင်တော့မှာ မဟုတ်သလို စစ်တွေ ရခိုင်ရိုးရာ သင်္ကြန်ကတော့ ဒီအတိုင်း ပိတ်ပင် ကန့်သတ်မူတွေ များလာရင်တော့ နောင်ဆို ပျောက်ပျက် သွားနိုင်ပါတယ်။”

နအဖ စစ်အာဏာပိုင်များသည် စစ်တွေရှိ ၀န်ကြီးဌာန သုံးလေးခုစီကို ပေါင်းပြီး ဗမာလို ရေပိုက်များဖြင့် ရေကစားမည့် မဏ္ဍပ်များကို စစ်တွေ မြို့ပြင်ရှိ ဝေသာလီကွင်းတွင် ဆောက်လုပ် နေပြီး အဆိုပါ မဏ္ဍပ်များကို ယနေ့တွင် အပြီးသတ် ဆောက်လုပ်မည် ဖြစ်သည်ဟု သိရသည်။

“ မနက်ဖြန်တော့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကို ဝေသာလီကွင်းမှာ သူတို့ ဆောက်လုပ်ထားတဲ့ ဗဟိုမဏ္ဍပ်မှာ ဖွင့်လှစ်ပါလိမ့်မယ်။ ရခိုင်အမျိုးသား အမျိုးသမီးတွေနဲ့ အစိုးရ အရာရှိကြီးတွေ၊ လူကုံတန် မိသားစုတွေနဲ့ အစိုးရ ၀န်ထမ်းတွေ အားလုံး တက်ရောက်ကြပါလိမ့်မယ်။ ရခိုင်ရိုးရာ အတာသင်္ကြန် ဆိုတဲ့ စာလုံး ဆိုင်းဘုတ်တွေကိုတော့ စစ်တွေမြို့မှာ မြင်တွေ့ခွင့် ရရှိနိုင်ကြတော့မှာ မဟုတ်ပါဘူး” ဟု သူက ဆက် ပြောသည်။

အစိုးရ ၀န်ထမ်း ရခိုင်အမျိုးသား အမျိုးသမီးများမှာလည်း ဌာနဆိုင်ရာ မဏ္ဍပ်များတွင် ဗမာလို ရေပိုက်များဖြင့် ရေကစားကြရမည် ဖြစ်ပြီး အမျိုးသမီးများ ၀န်ထမ်းများ အနေဖြင့် ဌာနဆိုင်ရာ မဏ္ဍပ်များတွင် အလှပြ ယိမ်းအဖွဲ့များတွင် ပါဝင် ကပြရမည် ဖြစ်သည်ဟု ဌာနဆိုင်ရာ ၀န်ထမ်း တဦးက ပြောသည်။

“စစ်တွေမှာ ဌာနဆိုင်ရာတွေ အများကြီး ရှိပါတယ်။ ဌာနဆိုင်ရာမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင် အမျိုးသမီးငယ်တွေ အကုန်လုံး သူတို့ဌာနက ဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေမှာ ယိမ်းတွေကရမယ်။ ရေပက် ကစားရမယ်ဆိုပီး အမိန့် ထုတ်ထားတဲ့ အတွက် ဌာနဆိုင်ရာမှာ ရှိတဲ့ ရခိုင်အမျိုးသမီးတွေ ဘယ်လိုမှ ရခိုင်ရိုးရာ သင်္ကြန်ကို ဆင်နွှဲလို့ မရနိုင်တော့ ပါဘူး။ ဒါဟာ ရခိုင်ရိုးရာ သင်္ကြန်ကို နအဖ စစ်အာဏာပိုင်တွေက သေးသိမ်အောင် လုပ်လိုက်တာ ဖြစ်ပါတယ်။”

ရခိုင်ရိုးရာ ရေလောင်း ( ရေပက်ခံ) မဏ္ဍပ်များကို စစ်တွေရှိ ရပ်ကွက်များတွင် ဆောက်လုပ်ခွင့် မပြုဘဲ မြို့ပြင်တွင်သာ ဆောက်လုပ်ကစားရမည်ဟု အာဏာပိုင်များမှ အမိန့်ထုတ်ထားခြင်းမှာ ဆူပူမူများ ဖြစ်မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု သိရသည်။

အမည်မဖေါ်လိုသူ လူငယ် တဦးကလည်း “ စစ်တွေမှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ လူပ်ရှားမူတွေ ပေါ်ပေါက်နိုင်တဲ့ အတွက် ရေကစားမယ့် မဏ္ဍပ်တွေကို မြို့ပြင်ကို ထုတ်ခိုင်းတာ ဖြစ်ပါတယ်။ ရပ်ကွက်တွေက မြို့ပြင်သွာပြီး မဏ္ဍပ်တွေ ဆောက်လုပ်နိုင်တဲ့ အနေအထား မရှိဘူး။ အဓိကတော့ ငွေကြေး အခက်အခဲကြောင့် ဖြစ်ပါတယ်။” ဟုသူက ပြောသည်။

အများစု ရခိုင်လူငယ်များ အနေဖြင့် ရေပက်ကစားလိုပါက ဝေသာလီကွင်းတွင် တည်ဆောက်ထားသော ၀န်ကြီးဌာန မဏ္ဍပ်များသို့ သွားရောက်ပြီး ဗမာလို ရေပိုက်များ ကစားရမည် ဖြစ်ပြီး ရခိုင်အစဉ်အလာအတိုင်း မဏ္ဍပ်ထဲရှိ လောင်းလှေ များတွင် ရေဖြည့်ပြီး အမျိုးသားများက တဘက် အမျိုးသမီးများက တဘက် ရေပက်ကစားမည့် အခွင့်အရေး ရရှိကြတော့မည် မဟုတ်ဟု သိရသည်။

နအဖ စစ်အာဏာပိုင်များသည် တိုင်းရင်းသား ရိုးရာယဉ်ကျေးမူ ဓလေ့ထုံးစံများအား ဖေါ်ထုတ် အားပေးရမည်ဟု ကျယ်ကျယ်လောင်လောင် ပြောကြားနေသော်လည်း လက်တွေ့တွင် မြန်မာနိုင်ငံမှ အထူးခြားဆုံး ချစ်စရာကောင်းသော ရခိုင်ရိုးရာ သင်္ကြန်ကို အားပေး အားမြှောက် မပြုရုံမက မသိမသာ သွယ်ဝိုက်ကာ ဖျက်ဆီးနေသဖြင့် ထိုကဲ့သို့ ရခိုင်ရိုးရာ သင်္ကြန်နှင့် ပတ်သက်ပြီး ပြုလုပ်နေမူ အပေါ် ရခိုင်လူထု အကြား အထူး မကျေနပ်မူတိုးပွားနေသည်ဟု သိရသည်။