
ရန်ကုန်မြို့ ကန်တော်ကြီး စောင်းတွင် ဆောက်လုပ်ထားသော X2၀ သင်္ကြန်ရေကစား မဏ္ဍပ်တွင် ဗုံးသုံးလုံးပေါက်ကွဲပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး လူများ ဒါဇင်နှင့် ချီပြီးဒဏ်ရာ ရရှိသွားခဲ့သည်။
ရန်ကုန်မြို့မှ လူငယ် တဦးက “ လူ အနည်းဆုံး ၅ ဦးခန့် သေတယ်လို့ ကြားရတယ်။ ဒဏ်ရာ ရသူက ၃၀ ခန့် ရှိတယ်လို့ သိရပါတယ်။ အခု ရဲတွေ၊ မီးသတ်ကားတွေ နဲ့ လူနာတင်ကားတွေ မဏ္ဍပ်ရှေ့ကို ရောက်နေပြီး ဒဏ်ရာ ရတဲ့ လူတွေကို ကယ်ထုတ်နေပါတယ်။ ဗုံးက သုံးလုံးတောင် ကွဲပါတယ်” ဟု ပြောသည်။
ရန်ကုန် ဆေးရုံကြီး သတင်းအရ အနည်းဆုံး လူ ၃၀ ဒဏ်ရာ ရရှိသွားပြီး .ခုအခါ ဆေးကုသမူ ခံယူနေရသည်ဟု သိရသည်။

ရန်ကုန်ရဲမှ ၁ ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ပြောဆိုသည်။ သို့သော်လည်း သေဆုံးသူမှာ ထိုထက် အရေအတွက်များနိုင်သည်ဟု မျက်မြင်များက ပြောသည်။
ယခုအခါ အနီးတ၀ိုက်ရှိ တခြား မဏ္ဍပ်များဖြစ်သည့် Black Culture နှင့် Black Jack ကိုလည်း ပိတ်ထားလိုက်ရသည်ဟု သိရသည်။
ဗုံးကွဲမူကြောင့် မင်္ဂလာတောင်ညွန့် မြို့နယ် သိမ်ဖြူကွင်းတွင် ကျင်းပ နေသော ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များကိုလည်း ရပ်နားလိုက်ရသည်ဟု အမည်မဖေါ်လိုသူ လူငယ် တဦးက ပြောသည်။
ယခုအခါ ဗုံးပေါက်ကွဲရာ ကန်တော်ကြီး အနီးတ၀ိုက်တွင် လုံခြုံရေးကို တင်းကျပ်ထားလိုက်ပြီး သက်ဆိုင်ရာ နအဖ အာဏာပိုင်များက စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေသည်ဟု သိရသည်။