Tuesday, January 12, 2010

နအဖ ရွေးကောက်ပွဲကို ၂၀၁၀ အောက်တိုဘာ ၁၀ ရက်တွင်ပြုလုပ်မည်


နအဖ စစ်အစိုးရမှ ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု အာဆာဟိသတင်းကို ကိုးကားပြီး မိုးသောက်ကြယ် ဘလော့တွင် ဖေါ်ပြသည်။

အာဏာသိမ်း နအဖ စစ်အုပ်စုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လာမည့် အောက်တိုဘာ ၁၀ ရက် တနင်္ဂနွေနေ့ တွင် ပြုလုပ်မည်ဟု ဂျပန်နိုင်ငံရှိ နာမည်ကြီးသတင်းစာ တစ်ခုဖြစ်သော အာဆာဟိ(Asahi) သတင်းစာက ဖေါ်ပြကြောင်း မိုးသောက်ကြယ်က ပြောသည်။

အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto) ဆိုသူက ရေးသား ပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် စစ်အရာရှိများ အနေဖြင့် ဧပြီလနောက်ဆုံးထားပြီး လက်ရှိရာထူးများမှ နှုတ်ထွက်ကြရမည် ဖြစ်ပြီး ရွှေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင် ကြရမည်ဟု ဆိုသည်။

၆ လတာ အချိန်ကာလမှာ မဲဆွယ်ရန် လုံလောက်သော အချိန်ဖြစ်ကြောင်း စစ်အာဏာပိုင်များက ပြောကြောင်း ဖေါ်ပြ ပါရှိသည်ဟုလည်း သိရသည်။

နအဖ စစ်အုပ်စုမှ တဖက်သတ်ရေးဆွဲထားသော ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အရ အောက်လွှတ်တော်တွင် အမတ် ၄၄၀ နေရာနှင့် အထက် လွှတ်တော်တွင် အမတ် ၂၄၂ နေရာကို အတည်ပြုနိုင်ရေး အတွက် တပြိုင်နက်တည်းလုပ်ဆောင်မည် ဖြစ်သည်ဟု ပြောသည်။

ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီ အဖွဲ့အစည်းများနှင့် တသီး ပုဂ္ဂအမတ်များကို ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဧပြီလတွင် သတ်မှတ်ပေးမည် ဖြစ်သည်ဟု ဆိုသည်။

ကြံဖွံ့အသင်းမှ အဆင့်(၂)နှင့် အဆင့်(၃)ရှိသူ ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးမှာ ပါတီထူထောင်ရန် အခြေအနေများနေသည်ဟု ဖေါ်ပြသည်။

သို့သော်လည်း အဆိုပါ သတင်းနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုချက်များကို နိရဉ္စရာက ရရှိခြင်းမရှိသေးပါ။

တရုတ် သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကျောက်ဖြူ အမှတ်(၁) ဆိပ်ခံ တံတားကို တိုးချဲ့ တည်ဆောက်

1/11/2010


မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ အမှတ်(၁) ဆိပ်ခံ တံတားတွင် တရုတ်သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် အတွက် စစ်အစိုးရမှ တံတားကို တိုးချဲ့ တည်ဆောက် နေသည်။

ကျောက်ဖြူမှ ဆောက်လုပ်ရေး အရာရှိ တဦးက“တိုးချဲ့ တည်ဆောက်မှုကို စတင် လုပ်ဆောင် နေပါပြီ။ နောက်ထပ် ပေ ၆၀၀ အထိတိုးချဲ့ပြီးတော့ အကြီးစား ဆိပ်ခံ တံတားအဖြစ် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ တည်ဆောက်မှုသည် ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့နှင့် တရုတ်နိုင်ငံသို့ သယ်ယူ တင်ပို့မည့် ရေနံ ပိုက်လိုင်း စီမံကိန်း အတွက် လိုအပ်သည့် ပစ္စည်းများကို အတင်အချ ပြုလုပ်မည့် တရုတ်သင်္ဘောကြီးများ ဆိုက်ကပ်ရန် အတွက် ဖြစ်သည်ဟု သူက ဆက်ပြောသည်။

“အခုရှိနေတဲ့ ဆိပ်ကမ်းက နိုင်ငံတကာ အဆင့်မမှီတဲ့ အပြင် နိုင်ငံခြား သင်္ဘောတွေ ဆိပ်ကပ်နိုင်တဲ့ အနေအထားမှာ မရှိဘူး။ ဒါကြောင့် သင်္ဘောဆိပ်ကမ်းကို တိုးချဲ့ ပြုပြင် တည်ဆောက်ရတာ ဖြစ်ပါတယ်။ တရုတ်က သင်္ဘောတွေအတွက် ရည်ရွယ် တည်ဆောက်တာ ဖြစ်ပါတယ်။”

တရုတ်အစိုးရသည် ရခိုင်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့နှင့် အာဖရိက တိုက်နှင့် အရှေ့အလယ်ပိုင်းမှ တင်ပို့မည့် ရေနံများကို ကျောက်ဖြူ ဆိပ်ကမ်းမှ တဆင့် ပိုက်လိုင်းတည်ဆောက်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ တင်ပို့မည် ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းသည် ကီလိုမီတာ ၄၀၀၀ ခန့် ရှည်လျားမည် ဖြစ်သည်။

၎င်းပိုက်လိုင်းစီမံကိန်းကို တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး ကုမ္ပဏီ တခုဖြစ်သော တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) မှ ၂၀၀၉ခုနှစ် စက်တင်္ဘာလမှ စတင် တည်ဆောက်နေသည်။

မြန်မာအစိုးရသည် ရခိုင်မှ ထွက်သော ဂတ်စ်ကို အဆိုပါ ပိုက်လိုင်းမှ တင်ပို့ ရောင်းချသဖြင့် လာမည့် နှစ်၃၀အတွင်း တနှစ်လျှင် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁ဘီလီယံခန့် ဝင်ငွေရရှိမည် ဖြစ်သည်ဟု ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့မှ ပြောသည်။

၎င်းအပြင် မြန်မာနိုင်ငံသည် ကမ္ဘာ့သဘာဝဓာတ်ငွေ့ အရင်းအမြစ်ပိုင်ဆိုင်သော နိုင်ငံများ စာရင်းတွင် အဆင့် ၁၀ နေရာတွင် ရှိနေပြီး ပြည်ပသို့ သဘာဝ ဓာတ်ငွေ့ကို ရောင်းချခြင်းဖြင့် တနှစ်လျှင် အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံခန့် ရရှိနေသည်။

ယခုတည်ဆောက်နေသော တရုတ်ပိုက်လိုင်း စီမံကိန်းကြောင့် အနီးအနားရှိ ကျေးရွာ အမြောက်အများ ပြောင်းရွေ့ခံရခြင်း၊ လယ်မြေများ သိမ်းဆည်းခံရခြင်းများနှင့် အဓမ္မလုပ်အားပေး စေခိုင်းမှုများမှာ ဒေသအတွင်း ဖြစ်ပေါ်နေသည်။

ရခိုင်ပြည်နယ်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသော ပြည်နယ် တခုဖြစ်သော်လည်း ရခိုင်ပြည်သူများ အကျိုးအမြတ် တစုံတရာ ခံစားရခြင်း မရှိဘဲ အဆိုပါ သဘာဝဓါတ်ငွေ့များကို စစ်အစိုးရမှ ပြည်ပသို့ ထုတ်ယူ ရောင်းစားလျက်ရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိစဉ်က စစ်တွေနှင့် ကျောက်ဖြူ အပါအ၀င် ရခိုင်မြို့ အများအပြားတွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိခဲ့သော်လည်း နအဖ စစ်အစိုးရ လက်ထက်တွက် တနေ့ ၂ နာရီကျော်သာ ရရှိသည်။
1/6/2010


ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ တတိယ အကြိမ်မြောက် ပါတီညီလာခံမှ လက်ရှိ ဥက္ကဌ ခိုင်ရဲခိုင်ကို ပါတီ ဥက္ကဌ အဖြစ် နောက်ထပ် တကြိမ် ပြန်လည် ရွှေးချယ် တင်မြှောက် လိုက်ကြောင်း သတင်းရရှိသည်။

ALP ၏ တတိယ အကြိမ်မြှောက် ညီလာခံကို ၂၀၀၉ ခုနှစ် ဒီဇင်္ဘာလ ၂၉ ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန္န၀ါရီလ ၂ ရက်နေ့ထိ (၅) ရက်တိုင်တိုင် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တနေရာရှိ ပါတီ ဗဟိုဌာနချုပ် တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ညီလာခံမှ ဥက္ကဌ ခိုင်ရဲခိုင် အပါအ၀င် တခြား ဗဟိုကော်မီတီဝင် ၁၅ ဦးကိုလည်း ရွှေးချယ် တင်မြှောက်ခဲ့သည်။

ရွှေးချယ် တင်မြှောက်ခံခဲ့ရသော ထိပ်ပိုင်း ခေါင်းဆောင်များမှာ ခိုင်စိုးနိုင်အောင် ( ဒု ဥက္ကဌ - ၁)၊ ခိုင်မျိုးမင်း (ဒု ဥက္ကဌ - ၂)၊ ခိုင်အောင်မိုးဝေ (အထွေထွေ အတွင်းရေးမှူး)၊ ခိုင်ရန်နောင် (တွဲဖက် အထွေထွေ အတွင်းရေးမှူး ၁)၊ ခိုင်သုခ (တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂)၊ တို့ဖြစ်ကြသည်။

ALP ၏ ထုတ်ပြန်ချက်တွင် ဗဟို အလုပ်အမူဆောင်ကော်မီတီ ၁ ဦး၊ ဗဟိုကော်မီတီဝင် ၄ ဦးနှင့် အရံဗဟိုကော်မီတီဝင် ၄ ဦးတို့ကို ရွှေးချယ် တင်မြှောက်ခဲ့ကြသည်ဟု ဖေါ်ပြသည်။

ALP တတိယ အကြိမ် ညီလာခံ ထုတ်ပြန် ကြေငြာချက်အရ ပါတီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ခဲ့ပြီး အဆိုပါ ရှေ့လုပ်ငန်းစဉ်များမှာ (၁) ပြည်တွင်း ပြည်ပ စည်းရုံးရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားရန် (၂) မြန်မာ စစ်အုပ်စု၏ ၂၀၁၀ ရွှေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်သွားရန် (၃)ပါတီ တပ်မတော်တွင်း စည်လုံးညီညွတ်မူကို ပိုမို ကျစ်လစ် ခိုင်မာအောင် တည်ဆောက်၍ ပါတီ၏ အန္တိမ ရည်မှန်းချက် ဖြစ်သော အချုပ်အချာအာဏာ ပြန်လည် ရရှိရေးအတွက် အစွမ်းကုန် ဆက်လက် တိုက်ပွဲဝင်သွားရန် (၄) အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံ၍ ရခိုင်ပြည်တော်လှန်ရေး အကျိုး၊ ပါတီနှင့် တပ်မတော် အကျိုး ပိုမို ဖြစ်ထွန်းစေရေး ကြိုးပမ်းဆောင်ရွက်သွားရန် (၅) ရခိုင်ပြည်မှ သဘာဝ အရင်းအမြစ်များအား မြန်မာ့ စစ်အုပ်စုက မတရားလုယက် ရောင်းချနေမူများကို ရပ်တန့်စေရေး အတွက် အတိုက်အခံ အင်အားစုများ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် တို့ဖြစ်သည်။

သို့သော်လည်း ALP ၏ တတိယ အကြိမ် ညီလာခံ ထုတ်ပြန်ချက်တွင် ရခိုင်တမျိုးသားလုံး အရေးတကြီး လိုလားနေသော အမျိုးသားစည်းလုံးညီညွတ်ရေး ရရှိရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်မှာ ပါတီ၏ ဆုံးဖြတ်ချက်ထဲတွင် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရှိရသည်။

ALP တတိယ အကြိမ် ညီလာခံသို့ ပါတီ ခေါင်းဆောင်ကြီးများ၊ ရဲဘော် ရဲမေများ အပြင် အိန္ဒိယ၊ဘင်္ဂလာဒေခ်ျ့ အခြေစိုက် ပါတီ ခေါင်းဆောင်များ၊ ကေဒါများ စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။