Thursday, April 8, 2010


NLD ရဲ့ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် ရခိုင့်နိုင်ရေးသမားများ၏ သဘောထား အမြင်

4/6/2010

မတ်လ ၂၉ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ပါတီရဲ့ ဗဟို ဦးစီးအစည်းအဝေးမှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါတီမှတ်ပုံ မတင်ဖို့အတွက် ပါတီဝင်တွေအနေဖြင့် တညီတညွှတ်တည်း ဆုံးဖြတ် လိုက်တဲ့ အပေါ် ရခိုင့်နိုင်ငံရေး ခေါင်းဆောင် တချို့ရဲ့ သဘောထား အမြင်တွေကို လက်လှမ်းမှီသလောက် အခုလို စုစည်း တင်ပြလိုက်ပါတယ်။

ဦးထွန်းဝင်း

ဥက္ကဌ

(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ပြည်ပ)

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလို မှတ်ပုံ မတင်ဖို့အရေးကို ကန့်ကွက်မဲ မရှိဘဲ တခဲနက် ထောက်ခံပြီး အတည်ပြု ဆုံးဖြတ်လိုက်တဲ့ အတွက် NLD ရဲ့သဘောထားဟာ ကျွန်တော်တို့ ALD ရဲ့ သဘောထားနဲ့ ထပ်တူ ဖြစ်သွားပါတယ်။ ဒါကြောင့် NLD ဆုံးဖြတ်ချက် အပေါ် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ၂၀၁၀ ရွေးကိုပွဲကို အရင်တုန်းကတည်း ဆန့်ကျင်ထားပီးသား ဖြစ်ပါတယ်။ ပီးရင် ၁၉၉၀ခုနှစ်က တရားဝင် ရွေးကောက်ပွဲ ရလာဒ်ကို နအဖစစ်အစိုးရက အသိမှတ်မပြုဘူး။ သူတို့ ထင်သလို လုပ်ထားတယ်။ ဒီအတွက် ကျနော်တို့ ALD အနေနဲ့လည်း နအဖက တဖက်သတ် စီစဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ဘူး။ ပြီးတော့ ကျနော်တို့ ALD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူးလို့ ပြောထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိ ရေးနဲ့ ဒီမိုကရေစီရရှိရေး အတွက်လည်း NLD နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။


ဒေါ်စောမြရာဇာလင်း

ဥက္ကဌ

(ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အခုလို NLD က မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲ မဝင်ဖို့ အတွက် တညီတညွှတ်တည်း ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU) အနေနဲ့ဖြစ်စေ ရခိုင့်နိုင်ငံရေး အသိုင်းအဝိုင်းက အမျိုးသမီး တဦးအနေ နဲ့ ဖြစ်စေ အပြည့်အဝ ကြိုဆို ထောက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အခု NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်လို့ရှိရင် သူတို့ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သစ္စာ ဖေါက်ရာ ကျမယ်။ ပီးတော့ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ အကျဉ်းကျခံနေရတဲ့ သူတွေ အပေါ်မှာလည်း သစ္စာဖေါက်ရာ ကျပါမယ်၊ ပြည်သူတွေ အပေါ်မှာလည်း သစ္စာဖေါက်ရာ ကျမယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ နအဖဆီမှာ ရှုံးမယ့်အပြင် ပြည်သူ့ထောက်ခံမှုလည်း ဆုံးရှုံးသွားမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် NLD အနေနဲ့ ရွေးကောက်ပွဲမဝင်ဖို့ တညီတညွှတ်တည်း ထောက်ခံ လိုက်တဲ့အပေါ်မှာ ရခိုင်အမျိုးသမီးများအစည်း အရုံးအနေနဲ့ ဝမ်းသာအားရ ကျေနပ်မိပါတယ်။ နောက်တခုပြောချင်တာက နောင်အနာဂတ်မှာ NLDဟာ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်ရေး အတွက် ပြည်သူတွေဘက်က မားမား မတ်မတ် ရပ်တည်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ပီးတော့ ဒုက္ခခံစားနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝကို ထပ်တူထပ်မျှ ကိုယ်ချင်းစာနာပြီးတော့ အနာဂတ်မှာ အားလုံးသော တိုင်းရင်းသားပေါင်းစုံနဲ့ တန်းတူညီ မျှတဲ့ အနာဂတ်တခုကို မှန်ကန်စွာ တည်ဆောက် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


ဦးထွန်းဇော်

တွဲဖက်-အတွင်းရေးမှူး ၁

(ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး)

NLD အနေနဲ့ အခုလို ဆုံးဖြတ်တာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ AASYC အနေနဲ့လည်း အသိအမှတ် ပြုပါတယ်။ ပြီးတော့ အခုလို NLDရဲ့ ဆုံးဖြတ်ချက်က NLDဟာ ၁၉၉၀ ရွေးကောက်ပွဲ ကာလကတည်းက ပြည်သူအတွက် တစိုက်တမတ် ရပ်တည်လာတဲ့ ရပ်တည်ချက်ကို နောက်ဆုံးအချိန်ထိ ရတဲ့အခွင့်အရေးကို ပြတ်ပြတ်သားသား ရပ်တည်တာလို့ ကျနော် အနေနဲ့ မြင်ပါတယ်။ နောက်တခုက NLD အနေနဲ့ အခုလို မရပ်တည်ဘူးဆိုရင် NLDရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှုကို တဖက်က အသိအမှတ်မပြုရာရောက်မယ့် အနေအထား ဖြစ်တဲ့ အတွက်ကြောင့် သူတို့က အသိမှတ်ပြုတဲ့အနေနဲ့ နောက်ဆုံး အနေအထားမှာ ပြတ်ပြတ်သားသား ရပ်တည်သွားတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ပြီးတော့ ဒီ ခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲမဟုတ်သလို နိုင်ငံတကာကလည်း အယုံအကြည်မရှိဘူးလို့ ပြောထားတာတွေရှိပါတယ်။ ပြီးရင် ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ၊ ပါသင့် ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ မပါဝင်နိုင်တာကြောင့် ဒီရွေးကောက်ပွဲ ရလာဒ်ဟာ တိုင်းပြည်ရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် အဖြေတခုမဟုတ်ဘူး ဆိုတာကို ပြောချင်ပါတယ်။

(ကိုမင်းဆက်ခိုင် မေးမြန်းသည်)

No comments: