Saturday, April 10, 2010


နယ်စပ်တွင် နအဖ စစ်တပ် စခန်းချ နေထိုင်မှု အပေါ် မြန်မာ-ဘင်္ဂလာ ဆွေးနွေး

4/8/2010

မင်းအောင် (နိရဉ္စရာ)
ဘင်္ဂလာ-မြန်မာနယ်စပ်တွင် မြန်မာဘက်က စစ်သားအများအပြားကို ပြန်လည် နေရာ ချထားမူကြောင့် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တို့ နယ်စပ်တနေရာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ ဆွေးနွေးမူကို ဧပြီလ ၄ ရက်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်တောင်တန်းနယ် မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိသော လိမ္မော်စရီ ကျေးရွာတွင် ပြုလုပ်ခဲ့ဟု အမည်မဖေါ်လိုသူ နစကနှင့် နီးစပ်သူ တဦးက ပြောသည်။

“ ဆွေးနွေးပွဲက နှစ်နိုင်ငံ စခန်းမှူး အဆင့် အလံတင် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဟိုဘက် ဒီဘက် အရာရှိ ၅ ဦးစီ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

ဆွေးနွေးပွဲတွင် နယ်စပ်တစ်လျှောက် မြန်မာဘက်မှ စစ်သားများ တိုးချဲ့ချထားခြင်းသည် နိုင်ငံတကာ သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့် မညီသည့် အပြင် နယ်စပ် လုံခြုံရေးကိုပါ ထိခိုက်နိုင်သည့် အတွက် မိမိတို့အနေဖြင့် အထူး စိုးရိမ်ကြောင်း ဘင်္ဂလာဒေ့ခ်ျဘက်က တင်ပြ ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြန်မာဘက်က စစ်သားများ ရောက်ရှိလာခြင်းမှာ နယ်စပ်တစ်လျှောက်တွင် ကာရံမည့် ခြံစည်းရိုး အတွက် ရောက်ရှိလာခြင်းပြီး စခန်းချ နေထိုင်ရန် အတွက် တပ်စခန်း တည်ဆောက်နေခြင်း မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

ယခုအခါ မြန်မာဘက်မှ နအဖ စစ်သား ၃၀၀ ခန့်သည် နစက အမှတ် (၁) နယ်မြေ အတွင်း တည်ရှိသော မိုင်တိုင်အမှတ် ၅၂ အနီး ဒုံးညိုကျေးရွာတွင် စခန်းချ နေထိုင်ကြောင်း သိရသည်။

စစ်သားများမှာ ခမရ ၃၅၂၊ ၃၅၃နှင့် ၅၃၅ တပ်ရင်းများ ဖြစ်ကြပြီး အဆိုပါ နယ်စပ်တွင် ဆက်လက် ကာရံမည့် ခြံစည်းရိုး လုပ်ငန်း အတွက် ရောက်ရှိလာခြင်း ဖြစ်သည်။

ဒုံးညို ကျေးရွာသား တဦးကလည်း စစ်သားများရောက်ရှိလာခြင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ရွာကို စစ်သား ၃၀၀ ကျော်လောက် အခုလ ၂ရက်နေ့က စပြီး ရောက်လာ ကြပါတယ်။ ဘယ်တပ်ရင်းက ဘယ်လောက်ပါတယ် ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ သူတို့ရောက်ရှီ လာတာဟာ ခြံစည်းရိုး ဆက်လက်ကာရံဖို့ အစီအစဉ် ရှိတဲ့ အတွက် ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။”�

ယခုကဲ့သို့ နှစ်နိုင်ငံ နယ်စပ် အနီးတွင် မြန်မာဖက်မှ စစ်သား အများအပြား စခန်းချ နေထိုင်မူကြောင့် နယ်စပ် ဒေသတွင် နေထိုင်ကြသော နှစ်ဖက် ပြည်သူများ အကြားတွင်လည်း စိုးရိမ်မှုများ တိုးပွား နေသည်ဟု နယ်စပ်ဒေသမှ လာသော သတင်းများ အရ သိရသည်။

ယခုအခါ မြန်မာဘက်မှာ နယ်စပ်တလျှောက် ကာရံနေသော ခြံစည်းရိုး ကာရံမှုမှာ မောင်တော မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း နတ်မြစ် ကမ်းခြေ တလျှောက်တွင် မိုင်တိုင်အမှတ် ၃၃ ထိ မိုင်ပေါင်း ၄၀ နီးပါး ပြီးစီး သွားပြီ ဖြစ်သည်။

ယခု တဖန် နအဖ စစ်အစိုးရမှ မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင် အမှတ် ၃၃ မှ မိုင်တိုင် အမှတ် ၅၄ ထိ ခြံစည်းရိုးကို ဆက်လက် ကာရံသွားမည်ဟု သိရသည်။

No comments: