Monday, March 8, 2010


ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းဖုံး ဌာရမ်းခ နစက နယ်မြေမှူး တဦး တလ ကျပ်သိန်းရာကျော်ဝင်

3/7/2010

မောင်အေး(နိရဉ္စရာ) မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် တွင် တာဝန်ကျနေသော နစက နယ်မြေမှူး တဦးသည် ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို ဒေသအတွင်းရှိ စီးပွားရေး သမားများသို့ အခကြေးငွေယူပြီး ဌားရမ်းသဖြင့် တလအတွင်း သူ့အတွက် မြန်မာကျပ်ငွေ သိန်းရာကျော် ၀င်ငွေ ရရှိနေသည်ဟု အမည်မဖေါ် လိုသူ ရဲစခန်းမှူး တဦးက ပြောသည်။

“ဘင်္ဂလာဒေခ်ျ့က လက်ကိုင်ဖုံး ကိုင်ဆောင်ခွင့်ကို မြန်မာနိုင်ငံမှာ တရားဝင် ပိတ်ပင်ထားတဲ့အတွက် မည်သူမှ ကိုင်ဆောင်ပိုင်ခွင့် မရှိပါ။ ဒါကို အခွင့်ကောင်းယူပြီး မောင်တောမြို့နယ် အမှတ် (၇) နယ်မြေ နစကမှူး ဗိုလ်မှူး နေမျိုးက သူ့နယ်မြေအတွင်း မိုဘိုင်းဖုံး အလုံးပေါင်း ၇၀ ကို ဒေသအတွင်းက စီးပွားရေး သမားတွေကို ဖုံးတလုံးကို တလ တသိန်းခွဲနုန်းနဲ့ ဌားရမ်းပီး ကိုယ်ကျိုး စီးပွားရှာ နေပါတယ်။ သူ့နယ်မြေအတွင်းမှာ သူက အာဏာ အရှိဆုံး ဆိုတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ်ကျိုးစီးပွားကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”

အဆိုပါ ဘင်္ဂလာဒေခ်ျ့မှ မိုဘိုင်းဖုန်း အလုံး ၇၀ ကျော်ကို ဒေသအတွင်းရှိ ကျေးရွာများမှ မူဆလင် စီးပွားရေး သမားများသို့ ဌားရမ်းထားပြီး လစဉ်ကြေး အဖြစ် တလုံးကို ကျပ်ငွေ တသိန်းခွဲစီ ယူသည်ဟု သိရသည်။

“အခု သူဌားရမ်းထားတဲ့ မိုဘိုင်းဖုံးတွေကတော့ အလယ်သံကျော် ကျေးရွာမှာ ၁၀ လုံး၊ မြင်းလွှတ်မှာ ၈ လုံး၊ ကညင်တန်းမှာ ၇ လုံး၊ ကံပူးကျေးရွာမှာ ၃လုံး၊ ချိန်ခါလီကျေးရွာ ၃ လုံး၊ ၀က်ချ ကျေးရွာ ၂ လုံး၊ သန္တာကျေးရွာ၂ လုံး အပါအ၀င် ဖုံးအလုံးပေါင်း ၇၀ ခန့်ရှိတယ်လို့ သိရပါတယ်” ဟု ရဲအရာရှိက ပြောသည်။

လစဉ်ကြေးစနစ်ဖြင့် ငှားရမ်းထားသော မိုဘိုင်းဖုံးများကို စီးပွားရေး သမားများ အနေဖြင့် အမှတ် (၇) နစက နယ်မြေအတွင်းရှိ ကျေးရွာများတွင် ဖုံးဆိုင်များကို ပေါ်တင်ကြီး ဖွင့်လှစ်ကာ ဘင်္ဂလာဘက်သို့ တမိနစ်ပြောခ ၂၀၀ ကျပ် ယူကာ စီးပွားရေး လုပ်နေကြသည်ဟု သိရသည်။

တခြား အရပ်သား တဦးကလည်း နစက နယ်မြေမှူး နေမျိုးမှ ဘင်္ဂလာ လက်ကိုင် ဖုံးများကို စီးပွားရေး သမားများကို ဌားရမ်းပြီး ကိုယ်ကျိုး ရှာနေသည်ကို ယခုကဲ့သို့ ပြောသည်။

“ဘယ်အရပ်သားမှ မောင်တောမြို့နယ်မှာ ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးတွေကို ကိုင်ခွင့် မရှိပါ။ ကိုင်ရင် ဖမ်းပါတယ်။ ဒဏ်တပ်ပါတယ်။ ထောင်ချပါတယ်။ ဒါပေမယ့်လည်း နစက နယ်မြေမှူးတွေဆီက ဌားရမ်းပီး ကိုင်တဲ့သူဆိုရင်တော့ ဖမ်းတာ ဆီးတာတွေ မရှိသလို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ကိုင်လို့ ရပါတယ်။ သူတို့က နစက နယ်မြေမှူးဆီက ကျပ်တသိန်းခွဲပေးပြီး ဌားရမ်း ကိုင်ဆောင်တဲ့အတွက် သူတို့ကို ဘယ်သူမှ ဖမ်းလို့ မရပါ။ သာမန် အရပ်သားတွေကိုင်ရင်တော့ ဖုံးကို ချက်ချင်းသိမ်းပြီး ဒဏ်တပ်ပါတယ်။ ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ချပါတယ်။”

ယခု ဗိုလ်မှူး နေမျိုး ဌားရမ်းထားသော မိုဘိုင်းဖုံးများမှာလည်း ပြည်သူများထံမှ သိမ်းဆည်းထားသော မိုဘိုင်းဖုံးများ ဖြစ်ပြီး အရပ်သားများထံမှ သိမ်းဆည်း ရရှိပြီးနောက် ရဲလက်သို့ အဆိုပါ ဖုံးများကို မအပ်ဘဲ ကိုယ်ကျိုး အတွက် လျို့ဝှက် သိမ်းဆည်းထားကာ အရပ်သား စီးပွားရေး သမားများကို ဌားရမ်းပြီး စီးပွားရေး လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းဖုံးများကို ဒေသအတွင်းက စီးပွားရေး သမားများသို့ ဌားရမ်းပြီး ကိုယ်ကျိုးစီးပွား ရှာနေသူများမှာ ဗိုလ်မှူး နေမျိုး တဦးတည်း မဟုတ်ဘဲ မောင်တောမြို့နယ်ရှိ နစက နယ်မြေတိုင်းတွင် ဖြစ်ကြောင်း သတင်း ရရှိသည်။

No comments: