Thursday, January 21, 2010

ရခိုင်ကမ်းရိုးတန်းတလျှောက် ငါးရှားပါးလာမှုကြောင့်ရေလုပ်ငန်းရှင်များ နှင့် ရေလုပ်သားများ အခက်ကြုံ

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတလျှောက်တွင် ရေနေသတ္တ၀ါများးရှားပါးလာမှုကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရသော ရခိုင်ဒေသမှ ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သား များမှာ အခက်ကြုံတွေ့နေရကြောင်း ငါးလုပ်ငန်းရှင်တဦးပြောပြချက်အရ သိရှိရသည်။
“ကျွန်တော်တို့ဒေသဟာ အရင်တုန်းက ပင်လယ်ရေလုပ်ငန်းမှာ အောင်မြင်တဲ့ဒေသတခု ဖြစ်တော့ စီးပွါးရေးလုပ်ငန်းရှင်တွေ အမြောက်အများလာကြတယ်၊ တခြားဒေသက ငါးဖမ်း စက်လှေတွေ၊ ရေလုပ်ငန်းရှင် တွေ၊ ရေလုပ်သားတွေနဲ့ ပြည့်ညှပ်နေတာပဲ၊ ခုတော့ ဒီလိုမဟုတ်တော့ဘူး၊ ပင်လယ်ပြင်မှာလဲ ငါးဖမ်းမရတဲ့အထဲ ဆီဈေးနှုန်းကမြင့်၊ အလုပ်သမား စရိတ်ကလည်း ကြီးလာတော့ လုံးဝတွက်ခြေမကိုက်တော့ဘူး ” ဟု ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှ ငါးလုပ်ငန်းရှင်တဦးက နိရဉ္စရာသို့ပြောသည်။
ယင်းကဲ့သို့ ရခိုင်ကမ်းရိုးတန်းဒေသတွင် ငါးပုစွန်အပါအ၀င် ရေသတ္တ၀ါများ ရှားပါးလာမှု ပြဿနာများ နှင့် ကြုံတွေ့နေရသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခင် ဆယ်စုနှစ်များမှစ၍ အဆိုပါပြဿနာ အစပျိုးလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ငါးရှားလာရတဲ့ အဓိကအကြောင်းကတော့ ၀ါးလတ်လို့ခေါ်တဲ့ ထိုင်းငါးဖမ်းလှေတွေကို ငါးဖမ်းခွင့် ပေးလိုက်ဒါကြောင့် ဖြစ်တယ်၊ အဲဒီ ငါးဖမ်းလှေတွေမှာပါတဲ့ ခေတ်မှီငါးဖမ်း ပိုက်တွေနဲ့ ဖမ်းလိုက်မယ်ဆိုရင် သိတဲ့အတိုင်းပဲ၊ ငါးအကြီးအငယ် အရွယ်အလတ် နောက်ဆုံး ရေမှိုပင်တောင်မကျန်ဘူး၊ ဒါကြောင့် ငါးမျိုးသုဉ်း လာတယ် ” ဟု သူက ဆက်ပြောသည်။
ယခုအခါ ရေလုပ်ငန်းအပေါ် မှီခိုအားထားနိုင်မှု ကင်းမဲ့လာခြင်းကြောင့် ရေလုပ်ငန်းရှင်များသာ မက ရေလုပ်သားများပါ အသက်မွေးဝမ်းကျောင်းမှု ပုံစံပြောင်းလဲလာပြီး တခြားကျွမ်းကျင်မှုမရှိသော လုပ်ငန်းခွင်များ တွင် ၀င်ရောက်လုပ်ကိုင်နေရခြင်း၊ မိမိဒေသကို စွန့်ခွါပြီး တခြားဒေသများတွင် သွားရောက်လုပ်ကိုင်နေရခြင်း အပြင် နိုင်ငံခြားတိုင်းပြည်များသို့ တရား မ၀င်ခိုးဝင်ပြီး အလုပ် လုပ်ကိုင်နေရကြောင်း သိရှိရသည်။
“အရင်တုန်းကဆိုရင် ကျွန်တော်တို့ဒေသမှာ ပင်လယ်ပြင်ကို ထွက်လိုက်တာနဲ့ ငါးရတယ်၊ ရလာတဲ့ ငါးတွေကိုရောင်းချပြီးတော့ မိသားစုစားဝတ်နေရေးကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် သားသမီးတွေကို ပညာ သင်ပေးနိုင်တယ်၊ အခုတော့ ငါးရှာထွက်လဲ ငါးမရ၊ ဆီကုန်တာပဲ အမြတ်၊ ဆီဈေးနှုန်းကြီးတော့ တခေါက် ငါးဖမ်း ထွက်လိုက်တာနဲ့ တခေါက်ဖိုး အကြွေး တင်တယ်၊ ဒါကြောင့် ကျွန်တော်တို့ တံငါသည်တွေဟာ ” ဖေါင်စီးရင်း ရေငတ် “ဆိုသလို ” ငါရှာရင်း လှေကိုပေါင် “ရတဲ့ကိန်းနဲ့ ကြုံတွေ့နေရတယ် ”ဟု အဆိုပါဒေသမှ ရေလုပ် သားကြီးတဦးက ပြောပြသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ ရေသတ္တ၀ါများရှားပါးလာမှုကြောင့် ဒေသခံတံငါသည်များမှာ မိမိတံငါလုပ်ငန်းများကို စွန့်လွတ်ပြီး နိုင်ငံခြားတိုင်းပြည်များဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြရာ နောက်ပိုင်းတွင် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံနေရသည့် အပြင် အလုပ်အကိုင်အခွင့်အလမ်း အကန့် အသတ်ရှိလာမှုတို့ကြောင့် တိုင်းတပါးတွင်လည်း အလုပ်အကိုင် အဆင်မပြေဖြစ်နေကြကာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရကြောင်း စုံးစမ်းသိရှိရသည်။
မောင်ရမ္မာ(နိရဉ္စရာ)

No comments: