Saturday, April 18, 2020

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဖြစ်ပေါ်လာပုံနှင့် ကြိုးပမ်းမှုအကျဉ်း





ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဖြစ်ပေါ်လာပုံနှင့် ကြိုးပမ်းမှုအကျဉ်း


          - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကို ၁၉၆၇-ခု၊ ဧပြီလ(၉)ရက်နေ့ ရန်ကုန်မြို့၏ အနောက်အုတ်ကျင်းရှိ သိပ္ပမဉ္ဖူကျောင်း(ရခိုင်ဘုန်းတော်ကြီးကျောင်း)တွင် ဖွဲ့စည်းခဲ့ကြသည်။ (ALP)ကို ဖွဲ့စည်းစဉ်က ဗဟိုကော်မတီ(၁၅)ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။
          - (ALP)ကို ဖွဲ့စည်းစဉ်က စီမံကိန်း(၄)ခုဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ပထမစီမံကိန်းမှာ ပါတီ ဥက္ကဌ ခိုင်ပြည်သိမ်း ဦးဆောင်သော အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်သို့သွားရောက်ပြီး ကရင်အမျိုးသားအစည်းအရုံး( KNU) နှင့် မဟာမိတ်ပြု လုပ်ရန် ဖြစ်သည်။
          - ဒုတိယ စီမံကိန်းမှာ လက်နက်ကိုင်တော်လှန်ရေးဆင်နွဲ့ရန်အတွက် ရခိုင့်တပ်မတော်တရပ် ထူထောင်ရေးအတွက် စစ်အတတ်ပညာ တက်မြောက်ရန်လိုအပ်သည်။ သို့ဖြစ်၍ ခိုင်မိုးလင်းဦးဆောင် ဗဟိုကော်မတီဝင်အချို့သည် ဗမာ့တပ်မ တော်(ကုန်းတပ်၊ ရေတပ်၊ လေတပ်)သို့ဝင်ရောက်ပြီး စစ်မှုထမ်းရန်တာဝန်ပေးခဲ့ကြသည်။ 

          - တတိယစီမံကိန်းမှာ (ALP) ၏ အထွေထွေအတွင်းရေးမှူး ခိုင်စိုးနိုင်(ယခင်ဘဏ္ဍရေးမှူး ခိုင်ရဲခိုင်(ယခု ပါတီဥက္ကဌ ခိုင်ရဲခိုင်)တို့သည် ရခိုင်ပြည်၏ မြို့တော်ဖြစ်သော စစ်တွေမြို့တွင် တည်ရှိသောဗမာ့တပ်မတော် ခလရ(၂၀)ရှိ ရခိုင်ရဲဘော် များအား ထိုးဖေါက်စည်းရုံးပြီး လက်နက်နှင့် တောခိုရန်ဖြစ်သည်။
          - စတုတ္ထစီမံကိန်းမှာ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ခိုင်ဘကျော်နှင့် ဒုတာဝန်ခံ ခိုင်စိုးနိုင်အောင်တို့ သည် မှောင်ခိုဈေးမှ လက်နက်ခဲယမ်းများ ၀ယ်ယူစုဆောင်းရန်လည်းကောင်း၊ ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဘော်များမှ စုဆောင်းပေးသော ကျဉ်မျိုးစုံ၊ လက်ပစ်ဗုံး စသည်များကို စုဆောင်းသိမ်းဆည်းပြီး မှောင်ခိုလမ်းဖြင့် ရခိုင်သို့ ပို့ဆောင်ရန်ဖြစ်သည်။
          - ထိုစီမံကိန်း(၄)ခုကို အသီးသီးအကောင်ထည်ဖေါ်ကြသည်။ ပါတီအထွေထွေအတွင်းရေးမှူး ခိုင်စိုးနိုင်နှင့် ဘဏ္ဍရေး မှူး ခိုင်ရဲခိုင်တို့ ဦးဆောင်သော အဖွဲ့သည် စစ်တွေရှိ ခလရ(၂၀) ရှိ ရခိုင့်ရဲဘော်များကို ထိုးဖေါက်စည်းရုံးပြီး လက်နက်နှင့် တောခိုရန်ကြိုးပမ်း ဆောင်ရွက်နေစဉ် ခလရ(၂၀)၏ ကျောက်တန်း၊၀ါဘို စခမ်း(ရှေ့တမ်းစခမ်း)တွင် တာဝန်ကျနေသော တပ်ကြပ်ကြီး အဆင့်ရှိ ခိုင်ရဲထွန်းဆိုသူမှ သစ္စာဖေါက်မှုဖြင့် အထွေထွေအတွင်းရေးမှူး ခိုင်စိုးနိုင်နှင့် ဘဏ္ဍာရေးမှူး ခိုင်ရဲခိုင် အပါအ၀င် ခေါင်းဆောင်၊ ရဲဘော်တချိ့ ဖမ်းဆီးခြင်း ခံခဲ့ကြရသည်။
          - ထိုသို့ဖမ်းဆီးခံရသဖြင့် သတင်းများပေါက်ကြားပြီး ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသော (ALP) ခေါင်းဆောင်များ နှင့်ပါတီဝင်များ ဖမ်းဆီးခံခဲ့ကြရသည်။ ပါတီဥက္ကဌ ခိုင်ပြည်သိမ်းသည်လည်းကောင်း၊ ကျနော် (ခိုင် စိုးနိုင်အောင်) လည်းကောင်း ဖမ်းဆီးခြင်းမှ လွတ်မြောက်ခဲ့ကြသည်။ ဖမ်းဆီးခံခဲ့ရသောအချိန်မှာ ၁၉၆၈-ခု၊ နိုဝင်ဘာလတွင် ဖြစ်သည်။ ယင်းအချိန်မှစ၍ (ALP)၏ ပထမအကြိမ်ကြိုးပမ်းမှု ၁၉၇၃-ခုနှစ်အထိ ရပ်တန့်ခဲ့ရသည်။
          - ၁၉၇၂-ခုတွင် မဆလ အစိုးရ၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင်ဖြင့် ဗမာ့တပ်တော်(ရေတပ်)တွင် တာဝန်ထမ်း ဆောင်ခဲ့သော ခိုင်မိုးလင်း(ALP)၏ ဒုတိယအကြိမ်ကြိုးပမ်းမှုတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သူ၊ လွတ်မြောက်လာ သည်။ ထိုအချိန်တွင် ကျနော်(ခိုင်စိုးနိုင်အောင်)နှင့် ခိုင်မိုးလင်း တို့ဆုံစည်းကြပြီး ဥက္ကဌ ခိုင်ပြည်သိမ်းရှိရာ (KNU)နယ်မြေသို့ သွားရန် စီမံကိန်းချခဲ့ကြသည်။
          - ၁၉၇၃-ခု၊ နိုဝင်ဘာလတွင် ခိုင်မိုးလင်းသည် ထိုင်း-မြန်မာနယ်စပ် (KNU) နယ်မြေသို့ ခရီးထွက်ခဲ့သည်။ ကျနော် ရန်ကုန်တွင် ကျန်ရှိခဲ့ပြီး စည်းရုံးရေးလုပ်ငန်း စသည့် တာဝန်ယူဆောင်ရွက်နေခဲ့သည်။ ၁၉၇၄-ခု၊ ဖေဖေါ်ဝါရီလတွင် ခိုင်မိုး လင်းထံမှ ကျနော့်ထံသို့ စာရောက်လာသဖြင့် ကျနော့်အနေဖြင့်လည်း ထိုင်း-မြန်မာနယ်စပ်သို့ ၁၉၇၄-ခု၊ ဖေဖေါ်ဝါရီလတွင် ခရီးထွက်ခဲ့သည်။
          - (KNU) မှ ရုပ်ဝတ္ထုဆိုင်ရာကူညီမှုဖြင့် ၁၉၇၄-ခု၊ ဇွန်လ(၁)ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) ကို ထိုင်း-မြန်မာနယ်စပ်ရှိ (KNLA)၏ အထူးတပ်ရင်း ဌာနချုပ်ဖြစ်သော ကော်မူးရာ(ခေါ်) ၀မ်းခတွင် ဖွဲ့စည်းခဲ့ကြသည်။ ဒုတိယအကြိမ် ကြိုးပမ်းမှုကို ကျနော်(ခိုင်စိုးနိုင်အောင်) နှင့် ခိုင်မိုးလင်းတို့ အဓိက ကြိုးပမ်းကြသူများဖြစ်သည်။
          - ၁၉၇၄-ခုမှ ၁၉၇၆-ခု၊ ဇွန်လအထိ ကရင်ပြည်အနှံ့(KNLA) ရဲဘော်များနှင့်လက်တွဲပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ၁၉၇၄-ခု၊ ဇွန်လတွင် ဥက္ကဌ ခိုင်မိုးလင်းဦးဆောင်သော ALP\ALA သည် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည် မြောက်ပိုင်း ၊ ကချင်ပြည်၊ ချင်းတွင်းမြစ် နာဂတောင်တန်း၊ ချင်းပြည်နယ်များကို ဖြတ်ကျော်ပြီး ခြေလျှင်ခရီးဖြင့် မိုင်ပေါင်း နှစ်ထောင် (၂၀၀၀) ကျော်ဝေးသော ခရီးရှည်ကြီးကို ချီတက်ခဲ့ကြသည်။
          - ၁၉၇၇-ခု၊ ဖေါ်ဖေါ်ဝါရီလတွင် ချင်းပြည်နယ်သို့ရောက်ရှိခဲ့ကြသည်။ ချင်းပြည်နယ်အရောက်တွင် မဆလ စစ်တပ် အင်အား (၆၀၀၀)ကျော်၊ ပြည်သူ့ရဲ၊ ပြည်သူ့စစ်တို့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၁၉၇၇-ခု၊ ဇွန်လ(၄)ရက်နေ့တွင် ပါတီ ဥက္ကဌ ခိုင်မိုင်းလင်းကျဆုံးခဲ့သည်။ ၁၉၇၇-ခု၊ ဖေဖေါ်ဝါရီလမှ ဇွန်လအထိ တိုက်ပွဲကြီး (၂၉)ကြိမ်၊ တိုက်ပွဲငယ်(၄၇)ကြိမ် ဖြစ်ပွါး ကာ ကျည်ကုန်၊ လူပန်း၊ ရိက္ခာများ ပြတ်တောက်ပြီး ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။
          - လက်ရှိ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ခေါင်းဆောင် ရဲဘော်အချို့ မန္တလေးအကျဉ်းထောင်တွင် အကျဉ်းချထားခြင်းကို ခံခဲ့ကြ ရသည်။ ၁၉၈၁-ခုနှစ်တွင် မဆလအစိုးရ၏ သံဃာ့ဂိုဏ်းပေါင်းစုံ ဖွဲ့စည်းခြင်း အောင်မြင်မှုအထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့သဖြင့် လက်ရှိ ပါတီဥက္ကဌ ခိုင်ရဲခိုင်နှင့် ခေါင်းဆောင် ရဲဘော်အချို့ လွတ်မြောက်လာကြသည်။ ဤသည်မှာ (ALP) ၏ ဒုတိယအကြိမ် ကြိုးပမ်းမှုဖြစ်သည်။
          - ကျနော်(ခိုင်စိုးနိုင်အောင်)သည် မိုင် နှစ်ထောင် ခရီးရှည်ချီတက်ပွဲတွင် မပါခဲ့ရသည့် အဓိက အကြောင်းရင်းမှာ ထိုင်း- မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အထူးသဖြင့် (KNU)နှင့် မဟာမိတ် ဆက်ဆံရေးကို ထိမ်းသိန်းရန်အတွက်လည်းကောင်း၊ တာဝန်ပေးခြင်း ခံရသဖြင့် (KNU) နယ်မြေတွင် ကျန်လိုက်ခဲ့ခြင်း ဖြစ်သည်။
          - ၁၉၈၃-ခုနှစ်မှ ယခုအချိန်ထိသည် (ALP)၏ တတိယအကြိမ် ကြိုးပမ်းမှုဖြစ်သည်။ တတိယအကြိမ် ကြိုးပမ်းမှုကို ခိုင်စိုးနိုင်အောင်မှ ထိုင်း-မြန်မာနယ်စပ် (KNU) နယ်မြေတွင် ဖေါ်ထုတ်ခဲ့သည်။ လက်ရှိ ဥက္ကဌ ခိုင်ရဲခိုင်မှ အိန္ဒိယ-မြန်မာနယ် စပ်(ရခိုင်နယ်စပ်) တွင် ဖေါ်ထုတ်သည်။
          - ကျနော် ခိုင်စိုးနိုင်အောင်သည် ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ထွန်းပေါ်ပေါက်ခဲ့သော တပ်ပေါင်းစုများစွာတွင် အဓိက ကျသောနေရာများ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၀၇၆-ခု၊ မေလ(၁၀)ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြသော အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ)တွင် ၁၉၈၇-ခုမှ ၂၀၀၀-ခုနှစ်အထိ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။
          - ၁၉၈၈-ခု၊ နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ)တွင် အမြဲတန်းအကြံပေးပုပ္ပိုလ်အဖြစ်လည်းကောင်း၊ ၁၉၉၂-ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင် စီ(NCUB) တွင် အတွင်းရေးမှူး အဖွဲ့ဝင်၊ အတွင်းရေးမှူး(၁) ၊ ဒုတိယဥက္ကဌ(၁)  သဘာပတိအဖွဲ့ဝင်၊ ဘဏ္ဍာရေးမှူး အဖြစ် လည်းကောင်း အဆင့်ဆင့် တာဝန်ယူခဲ့သည်။
          - ၂၀၁၂-ခု၊ ဧပြီလ(၅)ရက်တွင် သမ္မတ ဦးသိန်းစိန်အစိုးရမှ ဖွဲ့စည်းပေးခဲ့သော ရခိုင်ပြည်နယ် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကျနော် (ခိုင်စိုးနိုင်အောင်) ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အ ခက်ရပ်စဲရေးသဘောတူစာချုပ် ကို ချုပ်ဆိုခဲ့သည့်အပြင် ၂၀၁၅-ခု၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် ပြုလုပ်ကျင်းပသော “ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေးသဘောတူစာချုပ် - NCA” ကိုလည်း လက်မှတ်ရေးထိုးခဲ့သည့် ရခိုင့်လက်နက်ကိုင် အဖွဲ့ အစည်းတခု ဖြစ်သည်။
          - စောမြရာဇာလင်းသည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တွင် ဗဟိုကော်မတီဝင်၊ တွဲဘက်အတွင်းရေးမှူး၊ အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ သူသည် (ALP) ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့တွင် ဒု-အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်နေသည့် အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ယောက်ဖြစ်သည့်အပြင် ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU)တွင် ဥက္ကဌအဖြစ် တာဝန်ယူနေဆဲဖြစ်သည်။
          - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် တော်လှန်ရေးဖြတ်သန်းမှု သမိုင်းနှစ်ပေါင်း (၅၀)ကျော်ရှိပြီဖြစ်သည်။ နှစ်ပေါင်း(၅၀)ကျော်အတွင်း အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ပါတီကို မပျက်မစီးအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ရခိုင်ပြည်တွင်လက်နက်ကိုင် တော်လှန်ရေးအချို့အချို့ ပေါ်ပေါက်ခဲ့သော်လည်း ရည်ရှည်မခံဘဲ ကွယ်ပျောက်သွားခဲ့ကြသည်။
          - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ကို မပျက်မစီးအောင် ထိန်းသိမ်းထားနိုင်ခြင်းသည် တော်လှန်ရေးတွင် အခြေခံ ပြောက်ကျားစစ်နည်းဗျူဟာကို ကျင့်သုံးခြင်းကြောင်း ဖြစ်သည်ဟု ဝေဖန်သုံးသပ်မိသည်။
          - ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) သည် နိုင်ငံတကာပြောင်းလဲမှုနှင့် မျက်မှောက်အခြေအနေအပေါ် အဆက်စပ် ရှိစွာ ဆောင်ရွက်ရမည်ဟု နားလည်သဘောပေါက်သဖြင့် ဘ၀တူတိုင်းရင်းသားများနှင့် အတူ အထက်တွင် ဖေါ်ပြ ခဲ့သည့်အတိုင်း အပစ်အခက်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပေသည်။
          - မြန်မာပြည်၏ ပြည်တွင်းစစ်(သို့) ပြည်တွင်းပဌိပက္ခသည် နှစ်ပေါင်း(၇၀)ကျော်ကြပြီဖြစ်သော်လည်း အဖြေမထွက်ဘဲ ပြည်သူလူထုသာလျှင် ဒုက္ခရောက်ကြရသည်။ သို့ဖြစ်၍ တိုင်းရင်းသားလူမျိုးစု၏ အဓိကဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှ ရမည်ဟု သဘောပေါက်သဖြင့် “NCA”စာချုပ်ကို လက်မှတ်ရေးထိုးကာ ကြိုးပမ်းဆောင်ရွက်နေ ခြင်းဖြစ်သည်။

No comments: