Friday, June 25, 2010
ရှမ်းပြည် မြောက်ပိုင်း ကိုးကန့် ဒေသ ဘက်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့နည်းသွား သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အခြားဒေသ များနှင့် အရှေ့ပိုင်း၊ တောင်ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးချဲ့လာကြောင်း သိရသည်။
[ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးထားသော ဘိန်းခင်းတချို့ကို စစ်အစိုးရ စစ်တပ်က ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - AP)]
ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးထားသော ဘိန်းခင်းတချို့ကို စစ်အစိုးရ စစ်တပ်က ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - AP)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) ၌ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)က World Drug Report 2010 အစီရင်ခံစာနှင့် ပတ်သက်၍ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် UNODC အရှေ့အာရှနှင့် ပစိဖိတ် ဒေသ တာဝန်ခံ မစ္စတာ ဂယ်ရီ လူးဝစ်က ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။
ဂယ်ရီ လူးဝစ်က “အရင်က ကိုးကန့်ဒေသဟာ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်တဲ့ နေရာဖြစ်ခဲ့ပေမယ့် အခုတော့ တော်တော် လျော့ကျသွားပါပြီ။ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေက အကြီးအကျယ် ထုတ်လုပ် လာနေတာကို တွေ့ရတယ်။ ၂၀၀၉ ခုနှစ် တနှစ်တည်းမှာတင် ရှမ်းပြည်နယ်မှာ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၂၃ သန်း ဖမ်းဆီးရမိတာကို ထောက်ရင် သိနိုင်ပါတယ်”ဟု သတင်းထောက်များသို့ ပြောသည်။
စစ်အစိုးရက ဘိန်းခင်း ဖျက်ဆီးမှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း မူးယစ်ဆေးဝါး ထွက်ရှိမှု လျော့ကျသည်ဟု မဆိုနိုင်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းတွင် တောင်ကြီးဝန်းကျင်၊ အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် မြောက်ပိုင်းတွင် လားရှိုးတို့၌ အကြီးအကျယ် ထုပ်လုပ်လျက်ရှိကြောင်း မြေပုံကားချပ်များဖြင့် ရှင်းလင်းပြသွားသည်။
ရှမ်းပြည်နယ်အတွင်း ၂၀၀၅ ခုနှစ်က ဘိန်းစိုက်ခင်း ဧရိယာ ၁၈,၈၁၀ ဟက်ကာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ဧရိယာ ၄၀,၀၀၀ ဟက်ကာအထိ တိုးချဲ့ စိုက်ပျိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်ရာ၌ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်ဟု သိရသည်။
၂၀၀၉ ခုနှစ်တွင် အာဖဂန်နစ္စတန်က မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး မက်ထရစ်တန်ချိန် ၆၉၀၀ (စုစုပေါင်း ထုတ်လုပ်မှု၏ ၈၉ ရာခိုင်နှုန်း) ရှိသည်။ မြန်မာက ဒုတိယ အများဆုံးအဖြစ် မက်ထရစ်တန်ချိန် ၃၃၀ ထုတ်လုပ်ခဲ့ပြီး တတိယ အများဆုံး မက္ကဆီကိုနှင့် ကိုလံဘီယာက မက်ထရစ်တန် ၃၂၅ တန် ထုတ်လုပ်ခဲ့သည်။
အာဖဂန်နစ္စတန်မှ ထုတ်လုပ်သော မူးယစ်ဆေးဝါးများကို အီရန် ရုရှားနှင့် အနောက်ဥရောပ နိုင်ငံများသို့ အဓိက တင်သွင်း သည်။
မူးယစ်ဆေးဝါး ဖမ်းဆီးမှုများရှိသော်လည်း အမှန်တကယ် ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော မက်သာအဖက်တမင်း ဆေးပြားများသည်လည်း နယ်စပ်ဒေသများမှ တဆင့် မူးယစ်ဆေးဝါး ဖောက်သည်များရှိရာ ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိသွားသည်။
ဂယ်ရီ လူးဝစ်က ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်ရန် ကူညီ ဆောင်ရွက်လိုသော်လည်း မလွယ်ကူကြောင်း ပြောသည်။
“စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ၊ ပွင့်လင်းမှုမရှိတဲ့ အစိုးရတွေအောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ အလုပ်လုပ်ရတာ ခက်ခဲလွန်းပါတယ်။ သူတို့ အကျိုးစီးပွားအတွက်ကိုသာ ကြည့်တတ်တဲ့သူတွေမို့လို့ ကျနော်တို့က ဘယ်လိုပင် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား ပေ မယ့်လည်း သူတို့က လိုလိုလားလားမလုပ်တော့ အကောင်အထည် ဖော်ရတာ ခက်ခဲပါတယ်”ဟု ဂယ်ရီ လူးဝစ်က ဆိုသည်။
ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် ထုတ်ပြန်သော ပလောင် အမျိုးသမီး အစည်းအရုံးက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ အစီရင်ခံစာတွင်လည်း ရှမ်းပြည်နယ်၌ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ၅ ဆခန့် တိုးများလာကြောင်း ဖော်ပြထားသည်။