
သင်္ကြန်တွင် လည်ပတ်မည့် Club အဖွဲ့များ ၀န်ခံ လက်မှတ် ရေးထိုးရ
4/11/2010
မင်းဆက်ခိုင်(နိရဉ္စရာ)
ရခိုင်ပြည်နယ် မောင်တောမြို့တွင် သင်္ကြန်ရက်များ အတွင်း လည်ပတ်မည့် Club အဖွဲ့များကို ရဲတပ်ဖွဲ့မှ ခေါ်ယူပြီး ခံဝန် လက်မှတ် ရေးထိုးခိုင်းသည်ဟု သိရသည်။
သင်္ကြန်ရက်များအတွင်း လည်ပတ်မည့် ကလပ်များမှ အဖွဲ့ ခေါင်းဆောင်၂ ဦးစီ ကို ရဲစခန်းသို့ ခေါ်ယူပြီး ကတိ ဝန်ခံချက် လက်မှတ် ရေးထိုးခိုင်းကြောင်းကို မောင်တောမြိုမှ ကလပ်အဖွဲ့ခေါင်းဆောင် လူငယ်တဦးက ယခုကဲ့သို့ ပြောသည်။
“အဖွဲ့တဖွဲ့စီက ခေါင်းဆောင် ၂ဦး ကျစီ ကို ခေါ်ယူပြီး သူတို့က လက်မှတ် ရေးထိုး ခိုင်းပါတယ်။ ဝန်ခံချက် ကတိ စာရွက်မှာ အဓိက ပါတဲ့ အချက်ကတော့ သင်္ကြန်ရက်တွေ အတွင်း ခိုက်ရန် ဖြစ်ပွားခြင်း မပြုရ၊ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ သရုပ်ပျက် ဝတ်စားဆင်ယင်မှု တွေ ဝတ်ဆင်ခြင်း မပြုရ၊ အဲဒါတွေပါပဲ။”
ယခုကဲ့သို့ ပြုလုပ်ခြင်းမှာ တဖက်မှ ကောင်းသော်လည်း ခေတ်လူငယ်များ၏ လွတ်လပ်မှုကို အဟန့်အတား တခုဖြစ်စေသည်ဟု မောင်တောမြို့မှ ကျောင်းဆရာ တဦးက ယခုကဲ့သို့ ပြောသည်။
“တဖက်က ကြည့်မယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ သင်္ကြန်အတွင်း ခိုက်ရန်ဖြစ်ပွား တာတွေ နည်းသွား မှာပေါ့။ ဒါပေမယ့် အခုလို လက်မှတ်တွေ ထိုးခိုင်းတဲ့အတွက် လူငယ်တွေကို ကန့်သတ် ချုပ်ချယ် လိုက်သလို ဖြစ်သွားတာပေါ့နော်။ ပီးတော့ သင်္ကြန်ဆိုတော့ လူငယ်တွေ လွတ်လွတ် လပ်လပ် ပျော်ချင် ကြတာပေါ့။ နောက်တခုက သရုပ်ပျက်လောက် အောင် ဝတ်စားဆင်ယင်တာတွေက ဒီမှာ မရှိပါဘူး။ ဂျင်းဘောင်ဘီ ဝတ်တာတို့၊ သူတို့အကြိုက် ခေတ်ပေါ် ဒီဇိုင်းတွေ ထွင်ပီး ၀တ်ကြ တာတွေကိုတော့ အာဏာပိုင်တွေ အနေနဲ့ ကန့်သတ် တားမြစ်မူ မလုပ်သင့်ဘူးလို့ ထင်ပါတယ်။”
ယခုနှစ်တွင် မောင်တောမြို့၌ သင်္ကြန်တွင် Club အဖွဲ့ ၂၀ ခန့် ပါဝင် ဆင်နွှဲကြမည်ဟု သိရသည်။
မောင်တောမြို့မှ တခြားအဖွဲ့ခေါင်းဆောင်တဦးကလည်း“ ခိုက်ရန် မဖြစ်ပွားစေဖို့ အတွက် ဝန်ခံ လက်မှတ် ထိုးရတာက ဟုတ်ပါပြီ။ ဒါပေမယ့် ဝတ်စားဆင်ယင်မှု ပိုင်းတို့၊ ဒီဇိုင်းပိုင်းတွေကို လာပြီးတော့ ကန့်သတ်တာက နည်းနည်း မမိုက်ဘူး ထင်ပါတယ်။ သင်္ကြန်ဆိုတာက ကျနော်တို့ ရခိုင်တွေအတွက် အပျော်ဆုံး ပွဲတော် တခုထဲမှာ ပါဝင် ပါတယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကို ထွင်ကြမှာပေါ့။ အနောက်တိုင်း ပုံစံပဲဖြစ်ဖြစ်၊ အရှေ့တိုင်းပုံစံပဲ ဖြစ်ဖြစ်ပေါ့။ ဘေးပတ်ဝန်း ကျင်ကို မထိခိုက်ရင် ပြီးတာပါပဲ။” ဟုပြောသည်။
မောင်တောမြို့ရှိ ရေကစားကြမည့် အဖွဲ့များကို အသင်းတွင် ပါဝင်သူများက ၎င်းတို့ ကြိုက်နှစ် သက်သည့် အမည် နာမများကို ပေးကြပြီး ၎င်းအထဲတွင် ကမ္ဘာကျော် တော်လှန်ရေး ခေါင်းဆောင် ဖြစ်သည့် “ချေဂွေဗားရား” လို သူများ ပါဝင်သလို စစ်အာဏာရှင် “ဟစ်တလာ” ၏ အမည်ကိုလည်း အဖွဲ့နာမည် အဖြစ် ပေးကြသည်ဟုသိရသည်။
အဖွဲ့တဖွဲ့တွင် အနည်းဆုံး အဖွဲ့ဝင် ၂၀ခန့် ပါဝင်ပြီး သင်္ကြန်ရက်များတွင် ကလပ်အဖွဲ့များ အနေဖြင့် ကားပေါ်၌ ဆောင်းဘောက်စ်များကို တင်ပြီး အသံကုန်ဖွင့်ကာ ကခုန်မြူးတူးပြီး မြို့အနှံ့ လျှောက်လည်ကြသည်။
ယခုနှစ် သင်္ကြန်တွင် ပါဝင်မည့် ကလပ်အဖွဲ့များတွင် ဆယ်ကျော်သက် လူငယ် အရွယ်များ များပြားကြောင်း သိရသည်။
No comments:
Post a Comment