Monday, March 22, 2010


တယ်လီဖုန်းဖြင့် ချစ်သူ ရှာဖွေခြင်း
ဇာနည်ဝင်း Tuesday, March 30, 2010
E-mail Print
သွားလေရာ ကိုယ်နှင့်မကွာ ဆောင်ထားနိုင်သည့် လက်ကိုင် ဖုန်းများက ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများကို ကောင်းစွာ အကျိုးပြုနေသည်။ ထိုတယ်လီဖုန်းများက မြန်မာပြည်သားတို့ ချစ်သူရည်းစား ရှာဖွေရာတွင် အလွန် အသုံးတည့်နေကြောင်း တွေ့ရသည်။

[အလုပ် နားချိန်တွင် တယ်လီဖုန်း ဆက်နေကြသော ထိုင်း နိုင်ငံရောက် မြန်မာ ပြည်သား အလုပ်သမား တချို့ (ဓာတ်ပုံ - ဇာနည်ဝင်း)]

အလုပ် နားချိန်တွင် တယ်လီဖုန်း ဆက်နေကြသော ထိုင်း နိုင်ငံရောက် မြန်မာ ပြည်သား အလုပ်သမား တချို့ (ဓာတ်ပုံ - ဇာနည်ဝင်း)
ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။

“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။

ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။

“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။

တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် Sim Card တခု ၀ယ်ယူရန် လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ ၎င်းတို့၏ အချစ်ရေးအတွက် အားသာချက်တခု ဖြစ်နေသည်။ တယ်လီဖုန်းအတွင်း ထည့်ရမည့် Sim Card ကို မြန်မာပြည် ကွမ်းယာဆိုင်များကဲ့သို့ နေရာတကာတွင် တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။

ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။

ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။


တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။

တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။

“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။

အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။

မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။

“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။

တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။

“အလုပ်ထဲမှာ ငါတို့ရွာက သူငယ်ချင်းတယောက် ရှိတယ်၊ သိပ်မိုက်တယ်၊ ပြောမလား၊ ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။

ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။

ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။

ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။

အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။

မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။

ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။

စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။

ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။

No comments: