Thursday, March 18, 2010

ဝန်ကြီးချုပ် သိန်းစိန် ရခိုင် ခရီးစဉ် အတွင်း ရဟတ်ယဉ် တစင်း စက်ချွတ်ယွင်း ခဲ့သော်လည်း ပျက်ကျခဲ့ခြင်း မရှိဟု သိရ

3/18/2010

မတ်လ ၁၅ ရက်နေ့က စတင်ခဲ့သော နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ရခိုင် ခရီးစဉ် အတွင်း ရဟတ် တစီး စက်ချွတ်ယွင်းမူ ရှိခဲ့သော်လည်း ပျက်ကျခဲ့သည့် သတင်းမှာ မမှန်ကန်ကြောင်း စစ်တွေနှင့် ဘူးသီးတောင်မှ ပေးပို့သော သတင်းများတွင် ဖေါ်ပြသည်။

ဝန်ကြီးချုပ်သိန်းစိန်သည် မတ်လ ၁၅ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာပြီး မတ်လ ၁၆ ရက်နေ့က စစ်တွေမှ တဆင့် ကျောက်တော်၊ ပလက်ဝနှင့် ဘူးသီးတောင်မြို့သို့ သွားရောက် လည်ပတ်ခဲ့သည်။

ထိုသို့ သွားရောက်စဉ်အတွင်း ရဟတ်ယာဉ် သုံးစီးတွင် တစီးပျက်ကျသွားသည်ဟု ဆိုပြီး ကောလဟလ သတင်း တရပ် ထွက်ပေါ်လာခဲ့သည်။

အမှန်မှာ ၀န်ကြီးချုပ်သိန်းစိန်သည် ရဟတ်ယာဉ် သုံးစီးဖြင့် လာရောက်ခြင်း မဟုတ်ဘဲ ရဟတ် နှစ်စီးဖြင့် လာရောက်ခြင်းသာ ဖြစ်သည်။ ရဟတ်ယာဉ် အမှတ်များမှာ ၆၆၁၆ နှင့် ၆၆၁၇ ဖြစ်သည်။

မတ်လ ၁၆ ရက်နေ့က ဘူးသီးတောင်မှ စစ်တွေသို့ အပြန်တွင် ရဟတ်ယာဉ် နှစ်စီးတွင် တစီးမှာ စက်နိုးပြီး ပျံတက် သွားနိုင်ခဲ့သော်လည်း ကျန်တစီးမှာ စက်နိုး၍ မရသဖြင့် ၁၀ မိနစ်နီးပါးထိ ဘူသီးတောင်တွင် အချိန်ကြန့်ကြာခဲ့သည်ဟု သိရသည်။

ပထမ အစီးတွင် လူ ၁၃ ဦးပါရှိသွားပြီး ကျန်တစီးတွင် လူ ၁၇ ဦးပါရှိပြီး ထိုအထဲတွင် ၀န်ကြီးချုပ် သိန်းစိန်လည်း ပါဝင်ခဲ့သည်။ အဆိုပါနေ့ ညနေတွင် ဘူးသီးတောင်မှ စစ်တွေသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ဝန်ကြီး သိန်းစိန်သည် မတ်လ ၁၇ ရက်နေ့က စစ်တွေမှ ကျောက်ဖြူသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် သွားရောက်ခဲ့ပြီး အမ်းမြို့ရှိ အနောက်ပိုင်း စစ်ဌာနချုပ်တွင် ညအိပ် ရပ်နားခဲ့သည်ဟု သိရသည်။

ယနေ့ (မတ်လ ၁၈ ရက်နေ့) တွင် သံတွဲမှ တဆင့် နေပြည်တော်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

နအဖ ၀န်ကြီးချုပ်သိန်းစိန်သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မူ အခြေအနေများကို လာရောက်ကြည့်ရှု့ခြင်း ခေါင်းစဉ်ဖြင့် ရခိုင်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်ပြီး ကားလမ်း ရထားလမ်းဖေါက်လုပ်ခြင်းကြောင့် ရခိုင်ပြည်နယ်မှာ နအဖ စစ်အစိုးရ လက်အောက်တွင် များစွာ တိုးတက် လာကြောင်း ရှင်းလင်းပွဲများတွင် ပြောကြား ခဲ့သည်ဟု သိရသည်။

လက်တွေ့တွင် အလုပ်အကိုင် ရှားပါးမူနှင့် စီးပွားရေး ကျပ်တည်းမူကြောင့် ရခိုင်ပြည်သူ မြောက်မြားစွာ နေရပ်ရင်း စွန့်ခွာ သွားလာ နေရမူနှင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း မြို့ပြများတွင် နေထိုင်သူ ရခိုင်ပြည်သူများ တနေ့ လျှပ်စစ်မီး ၂ နာရီသာ ရရှိ ခံစားရ သဖြင့် လူနေမူ အဆင့် အတန်း အလွန် နှိမ့်ကျနေခြင်းကို မည်သို့ တိုးတက်အောင် လုပ်ဆောင်မည်ကို တခွန်းတပါဒမှ ပြောကြား သွားခြင်း မရှိကြောင်း သိရသည်။

No comments: