Tuesday, March 16, 2010

ကျောက်တော် ခေါင်းတုတ်ကျေးရွာ ရွာလုံးကျွတ် မီးလောင်

3/16/2010

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာတွင် မတ်လ ၁၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၈၃ လုံးမီးထဲပါသွားခဲ့သည်။

ကျောက်တော်မြို့ အလယ်ပိုင်းရပ်ကွက်မှ လူကြီး တဦးက “ မီးက မတ်လ ၁၃ ရက် ညနေ ၃ နာရီ ခန့်မှာ စလောင်တာ ဖြစ်ပါတယ်။ ထမင်းချက်ရာ ကနေ မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၃ လုံးတွင် နေထိုင်သော အိမ်ထောင်စု ၈၆ စု မှာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။

သို့သော်လည် ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီ မရရှိသေးသဖြင့် အနီးအနား ကျေးရွာများမှ အကူညီများဖြင့် ရပ်တည် စားသောက်နေရသည်ဟု သိရသည်။

ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပြီး နေရာချပေးထား သော်လည်း မီးဘေးဒုက္ခသည် အတွက် အကူညီများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း အဆိုပါ အရပ်လူကြီးမှ ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မီးလောင်မူများ တိုးပွားနေပြီး မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင်လည်း မကြာသေးမှီက မီးလောင်ကျွမ်းမူများ ရှိခဲ့သည်ဟု သိရသည်။

No comments: