Saturday, January 23, 2010

စစ်တွေရှိ မြို့မ ရုပ်ရှင်ရုံ အပါအ၀င် ရခိုင်မှ စီးပွားရေး လုပ်ကွက်များကို ပုဂ္ဂလိလက်သို့ ရောင်းမည်

စံလင်း (နိရဉ္စရာ)နအဖ စစ်အစိုးရမှ စစ်တွေရှိ မြို့မ ရုပ်ရှင်ရုံ အပါအ၀င် ရခိုင်ရှိ စီးပွားရေး လုပ်ကွက် ၆ ခုကို ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ လက်သို့  ရောင်းချမည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့မ ရုပ်ရှင်ရုံမှာ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ဖြစ်ပြီး မြေဧရိယာ ၀.၁၅ ဧက ကျယ်ဝန်းသည်။ စစ်တွေတွင် တခုတည်းသော ရုပ်ရှင်ရုံ ဖြစ်သည်။

တခြားရောင်းချမည့် အစိုးရပိုင် စီးပွားရေး လုပ်ကွက်များမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း အနီးရှိ ပိုလန် သိုလှောင်ရုံ (၃)လုံး ဖြစ်သည်။ မြေဧရိယာ အကျယ်အဝန်း ၀.၆၉ ဧက ရှိသည်။

၎င်းအပြင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနပိုင် ဂွမြို့  ဂွရေခဲစက် မြေဧရိယာ အကျယ်အဝန်း ၅.၈၅ ဧက နှင့် သံတွဲမြို့  ရှိသဗြုချိုင် အအေးခန်းနှင့် ရေခဲစက်ရုံ ဆိပ်ခံ ဗောတံတား မြေဧရိယာ အကျယ်အဝန်း ၂၁.၇ ဧကတို့ ဖြစ်သည်။

တခြားရောင်းချမည့် နေရာများမှာ စာရင်းစစ်ချုပ်ရုံး လက်အောက်ရှိ ကျောက်ဖြူမြို့ အစိုးရ ရပ်ကွက်ရှိ သိုလှောင်ရုံ မြေဧရိယာ အကျယ်အဝန်း ၀.၀၉ ဧက နှင့် သံတွဲမြို့  ဒိုးတောင် ရပ်ကွက်ရှိ သိုလှောင်ရုံ မြေဧရိယာ အကျယ်အဝန်း ၁.၃ ဧက တို့ ဖြစ်သည်။

ယင်းစီးပွားရေး လုပ်ကွက်များကို စစ်အစိုးရမှ ပုဂ္ဂလိက လက်သို့ ရောင်းချမည် ဆိုသော်လည်း ဒေသခံ ရခိုင် စီးပွာရေး လုပ်ငန်းရှင်များ ရရှိနိုင်မည့် အလားအလာ မရှိကြောင်းကို စစ်တွေမြို့ မှ စီိးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

‘‘ ကျွန်တော်အထင် ပြောရရင် အခု နေရာတွေကို ရခိုင်ပြည်က ဒေသခံ စီးပွားရေးသမားတွေ ဝယ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင် စီးပွားရေး လုပ်ငန်းရှင်တွေမှာ အရင်းအနှီးတွေ မရှိတဲ့အတွက် ဖြစ်ပါတယ်။ ရခိုင်စီးပွားရေး သမားတွေက ဗမာပြည်က စီးပွားရေး သမားတွေနဲ့ ပြိုင်ပီး ဘယ်လေလံကို မဆွဲနိုင်ပါဘူး။ နောက်တခုက နအဖ စစ်အစိုးရက ဒေသခံ ရခိုင်စီးပွားရေး သမားတွေထက် ဗမာ စီးပွားရေး သမားတွေကို ဦးစားပေးတာတွေလည်း ရှိပါတယ်။ စစ်တွေမြို့က တန်တရာကျ ဆန်စက်တွေ၊ ကျွန်းသစ် တောတွေ၊ ငါးဖမ်း သင်္ဘောတွေ လေလံ ဆွဲတုန်းက ဆိုရင်လည်း ဗမာပြည်က ဦးတေဇ တို့ အပါအ၀င် သူတို့နဲ့ ဆက်စပ်သူတွေဘဲ ရရှိသွားပါတယ်။အခုလည်း ဒီအတိုင်းဘဲ ဖြစ်လာမှာပါ။”

ရခိုင်ပြည်ရှိ ပြည်သူပိုင် အဆောက်အဦးများစွာကို နအဖ စစ်အစိုးရမှ လေလံများပေးနေရာ တန်ဖိုးရှိသော နေရာများနှင့် စက်ရုံများကို ဗမာပြည်မှ စီးပွားရေး ကုမ္ပဏီများကသာ ရရှိနေကြောင်း သိရှိရသည်။

No comments: