Saturday, November 6, 2010

ရခိုင်ပြည်နယ် ဥက္ကဌလောင်းဆိုသူက မဲရုံမှူးများကို ငွေပေးပြီး အနိုင်ရရေး လုပ်ဆောင်ပေးရန် တိုက်တွန်း

11/6/2010
Adjust font size:

ရမ်းဗြဲမြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ကျော်ခင်မှ မိမိမှာ ရခိုင် ပြည်နယ် ဥက္ကဌ လောင်းဖြစ်သဖြင့် မိမိအနိုင်ရရှိရေး ပြုလုပ်ပေးရန် မဲရုံမှူးများကို ငွေပေး စည်းရုံးခဲ့သည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ ဦးကျော်ခင်က သူလူတွေက တဆင့် နိုဝင်္ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီမှာ မဲရုံမှူး လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျောက်နီမော် အထက်တန်းကျောင်းထဲကို လက်မှတ်ထိုး ဖိတ်ကြားပီး အစည်းအဝေး တစ်ခု ပြုလုပ်ပါတယ်။ သူက မိမိကိုယ်ကို ပြည်နယ် ဥက္ကဌလောင်းဖြစ်တယ်။ သူသာ ရမ်းဗြဲမှာ အနိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် သူကို အနိုင်ရရှိရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါဆိုပီး ပြောတယ်။ ပီးရင် မဲရုံမှူးတွေ လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျပ်ငွေ တစ်သောင်းစီပေးပါတယ်” ဟု သူက ပြောသည်။

ကျောက်နီမော် ကျေးရွာမှာ ရမ်းဗြဲမြို့နယ်အတွင်း တည်ရှိပြီး အဆိုပါ အစည်းအဝေးသို့ ဆရာ ဆရာမ ၄၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

“ ဒါ့ပြင် ဦးကျော်ခင်က ကျောက်နီမော်က မူဆလင် ငါးဖမ်းလုပ်သားတွေဆီက ကြိုတင်မဲ ၄၀၀ ကိုကောက်ယူပြီး သူ့ကို မဲပေးခိုင်းထားပါတယ်။ ပီးရင် ရွာသားတွေကို သူ့ကိုမဲမပေးရင် ဒုက္ခ အကြီးအကျယ် ရောက်ကြရလိမ့်မယ်ဆိုပီး ရွာသားတွေအကုန်လုံးကို သတိပေးထားပါတယ်” ဟုသူက ဆက်ပြောသည်။

ဦးကျော်ခင်မှာ သူအနိုင်ရရှိရေးအတွက် ရမ်းဗြဲမြို့နယ် အတွင်း ကျေးရွာသားများကို ခြိမ်းခြောက်မူများ အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်း

Sunday, August 29, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး စစ်ဘက်ရာထူးမှ အနားယူ
သောမတ်စ် မောင်ရွှေ | စနေနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၀ ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ အနားယူခြင်း အပါအဝင် တပ်မတော် ထိပ်တန်း စစ်ဘက် ရာထူးများတွင် အပြောင်းအရွေ့များ သောကြာနေ့က ဖြစ်ပွားခဲ့သည်။

ယခင် စစ်ရေးချူပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပြီး အခြားသော ကစထမှူး (၃) ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ နေရာတွင် ယခင် စစ်ဆင်ရေး အထူးအဖွဲ့မှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အား အစားထိုး ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဆယ်စုနှစ် နှစ်ခုအကြာတွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပရန်ရှိသော နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ရာ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ သမတလောင်း သုံးဦးကို အဆိုပြုရမည် ဖြစ်သည်။ ထိုသုံးဦး အနက်မှ ရှုံးနိမ့်သွားသူ နှစ်ဦးသည် ဒုသမ္မတများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။

စစ်ဘက် ရာထူး အပြောင်းအလဲများအရ ၁၉၉၂ ခုနှစ် ကတည်းက စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့သော အသက် ၇၇ နှစ်အရွယ် ဦးသန်းရွှေသည် သမတ ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပြီး ၄င်း၏ လက်ရုံး အသက် ၇၂ နှစ် ရှိပြီဖြစ်သော ဦးမောင်အေးနှင့် အသက် ၆၂ နှစ်အရွယ် ဦးသူရရွှေမန်းတို့သည် ဒုတိယ သမတများ ဖြစ်လာနိုင်စရာ အကြောင်းရှိနေသည်။ ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် ပြည်တွင်းပြည်ပမှ လေ့လာသူများ မှန်းဆထားကြသော ရွေးကောက်ပွဲသည် အတုအယောင် ဟန်ပြသာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်းကို ချွတ်ကာ အရပ်သား ဝတ်စုံဖြစ်သော ပုဆိုးပြောင်းဝတ်၍ အာဏာကိုမူ ၄င်းတို့ကပင် ဆက်လက် ကိုင်စွဲထားလိမ့်မည်ဟူသော ယူဆချက်များနှင့် ကိုက်ညီနေပေလိမ့်မည်။

လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်ဘက်အရာရှိနှင့် ၂၇ ဦးခန့် သည်လည်း ယခုနှစ် နှစ်လယ်ပိုင်းက စစ်ဘက် ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများအား မကြာခဏ အကြမ်းဖက်လေ့ရှိသည့် စစ်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်သည်။ စစ်ယူနီဖောင်း ချွတ်ကာ စစ်ဘက်ရာထူးများမှ နုတ်ထွက်လိုက်ခြင်းသည် ကြံ့ဖွံ့ပါတီဝင်များအဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သဘောပင်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး အကဲခတ်များက စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီး သမတ မရွေးချယ်ရသေးခင် အချိန်အထိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေကာ နိုင်ငံ အကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု ခန့်မှန်းကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတဝှမ်းလုံး၌ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရသည် ထိုရလဒ်အား လျစ်လျူရှုခဲ့ကာ အာဏာကို ဆက်လက် ကိုင်စွဲထားခဲ့သည်။ ထို့ပြင် ထောင်နှင့်ချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား ထောင်သွင်း အကျဉ်းချခဲ့သည်။

ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးလျှင် အရပ်သား အစိုးရသည် ဥပဒေပြဌာန်းသူများ ဖြစ်လာမည်ဟု ဆိုသော်လည်း ထိုအရပ်သား အစိုးရတွင် စစ်ဘက်မူဝါဒများအား စစ်ဆေးနိုင်သည့် အာဏာရှိလိမ့်မည် မဟုတ်ပေ။ စစ်ဘက်သည် လွှတ်တော်အရပ်ရပ်တွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာ ရယူလိမ့်မည် ဖြစ်ပြီး အဓိက ဝန်ကြီးရာထူးများကိုလည်း စစ်ဘက်မှပင် ရယူနိုင်ရန် ကြိုတင် စီစဉ်ထားသည်။

စစ်အစိုးရက ရေးဆွဲခဲ့သော အငြင်းပွါးဖွယ်ရာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ဆီးနိတ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များအတွက် ဥပဒေပြုအမတ်များကို မဲဖြင့် ရွေးချယ်ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း အဓိက စီရင်ဆုံးဖြတ်ခွင့်ရှိသော နေရာများကိုမူ စစ်ဘက်က ထိန်းချုပ်ထားလိမ့်မည် ဖြစ်သည်။

နေပြည်တော်မှ ရရှိသော သတင်းများအရ သူရမြင့်အောင်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူမည့် စစ်ဘက်မှ ကိုယ်စားလှယ်များအား ရွေးချယ်ပေးလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် အခြေခံဥပဒေအရ လွှတ်တော်သုံးရပ်တွင် စုစုပေါင်း ရာနှင့်ချီသည့် စစ်ဘက်မှ အရာရှိများ နေရာ ရလာလိမ့်မည် ဖြစ်သည်။ ထို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးကာ နှစ်သန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည် နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်းတွင် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လေ့လာသူများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် နိုင်ငံတကာ အစိုးရများက ဝေဖန်ရာတွင် စစ်အစိုးရသည် အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပျက်စီး ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းအပြီး လိုအပ်နေသော ရေ၊ အစားအစာ၊ ဆေးဝါးများနှင့် ယာယီနေရာထိုင်ခင်းပြုလုပ်ရန် အထောက်အကူပစ္စည်းများအား လိုအပ်သူများထံသို့ သယ်ယူပို့ဆောင် ပေးရမည့်အစား ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်ကာ ထရပ်ကားများဖြင့် မဲများကိုသာ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သောကြာနေ့က ရာထူး အပြောင်းအလဲတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာခဲ့သည်။

အနည်းဆုံး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ဆယ်ဦးခန့် ရာထူးမှ နှုတ်ထွက်သွားပြီး ထိုရာထူးများအား တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများ နှင့် အစားထိုးခဲ့သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် နိုဝင်ဘာ ၇ရက်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။ စစ်ဘက်ရာထူး အပြောင်းအလဲ နောက်ဆုံး အသေးစိတ် အခြေအနေနှင့် သတင်းများကို ဆက်လက် စုံစမ်းလျက် ရှိသည်။

Saturday, August 14, 2010


၁၃ သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်းနား ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွင် ကျင်းပ
8/14/2010
ထွန်းထွန်း
------------
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ၄၃ နှစ်မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် ရခိုင်နိုင်ငံရေး လှုပ်ရှားသူများက ကောစ်ဘဇား (ဖလောင်းချိပ်) မြို့တွင် ကျင်းပခဲ့ကြသည်။

၄၃ နှစ်မြောက် ပြည့်မြောက်နှစ် ဖြစ်သော ၂၀၁၀ သြဂတ်စ် ၁၃ ရက်နေ့ မနက်ပိုင်းတွင် ဆန်ပြဿနေ့တွင် ကျဆုံးသွားခဲ့ကြသော ပြည်သူများကို ရည်စူးပြီး တောကျောင်း ဘုန်းတော်ကြီး ကျောင်းတွင် ရဟန်းသံဃာများကို ဆွမ်းများ ဆက်ကပ်လှူဒါန်း အမျှပေးဝေကာ နေ့လည် ၁နာရီတွင် အခမ်းနားကို စတင် ကျင်းပခဲ့ကြသည်။

အခမ်းတွင် ဆရာတော် ဦးဣန္ဒာစက္က က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လူပေါင်း ၄၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ကျင်းပရေး ကော်မီတီ အဖွဲ့ဝင်သူ တဦး ဖြစ်သူ ကိုကျော်ဇံက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

“ဆန်ရေစပါး ပေါကြွယ်ဝတဲ့ ရခိုင်ပြည်မှာ နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးလက်ထက်မှာ အငတ်ဘေးဆိုက်ကပ်မှုကို ပြည်သူများက ဖြေရှင်းပေးရန် တောင်ဆိုတာကို အာဏာပိုင်များ က အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ အတွက် လူပေါင်း ၃၀၀ကျော် သေဆုံး ခဲ့ကြရပါတယ်။ ဒါကို နောင်လာ နောက်သား ရခိုင်သားများ သိရှိစေရန်နဲ့ လက်ရှိ ရခိုင်ပြည်မှာ ထိုထက် ဆိုးဝါးမှု ဖြစ်ပေါ်လာပါက ဘယ်လို ပြင်ဆင်သင့် သလဲ စတာတွေ အပြင် သင်ခန်းစာ ယူနိုင်ရန်နဲ့ မိမိတို့ လူမျိုးအနေနဲ့ ကိုယ်ပိုင် ဖန်တီးနိုင်ခွင့် မရှိသေးတာကြောင့် အခုလိုအဖြစ်ဆိုးမျိုး ကြုံတွေရတယ် ဆိုတာကို မျိုးဆက်သစ် လူငယ်များ အနေဖြင့် သိရှိထားရန်နဲ့ ဆင်ခြင် တွေးတော နိုင်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်” ပြောသည်။

အခမ်းနားတွင် တက်ရောက် လာသူများကလည်း ဆန်ပြဿနာ ဖြစ်ပွားရခြင်း၏ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး အခမ်းနားကို ညနေ ၄ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

ယခုနှစ်ကျရောက်သော စစ်တွေ ဆန်ပြဿနာနေ့ကို စစ်တွေမြို့ရှိ ဘုန်းတော်ကြီး ကျောင်းတချို့နှင့် မင်းဂံရပ်ကွက်လည်း ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင်လည်း သြဂတ်စ်လ ၁၄ ရက်နေ့တွင် ၄၃ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့နှင့် နှစ် ၂၀ မြောက် ဆရာကြီး ဦးသာထွန်းနေ့တို့အား တပြိုင်တည်း ကျင်းပမည် ဖြစ်ပြီး ဆရာကြီး ဒေါက်တာ အေးကျော်နှင့် ဆန်အရေးအခင်းတွင် ထိပ်ဆုံးက ဦးဆောင်ပါဝင်ခဲ့သူ ဦးခိုင်အောင်ကျော်တို့မှ တက်ရောက်ပြီး အဆို အခမ်းအနားများနှင့် ပတ်သက်ပြီး ဟောပြောကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

အလားတူ ရခိုင်နိုင်ငံရေး ပါတီများ ဖြစ်ကြသည့် ရခိုင်ပြည် အမျိုးသား ကောင်စီ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) နှင့် ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှလည်း သြဂတ်စ် ၁၃ စစ်တွေ ဆန်ပြဿနာနေ့နှင့် ပတ်သက်ပြီး ကျေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

၁၉၇၆ ခုနှစ် မိုးရာသီတွင် ရခိုင်ပြည်သူများ ဆန်ရှားပါးပြီး အငတ်ဘေး ကျရောက်ခဲ့သဖြင့် စစ်တွေမြို့ လမ်းမများပေါ်တွင် ဆန်ရရှိရေး တောင်းဆို တိုက်ပွဲဝင်မူကို ဗိုလ်နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီ စစ်အစိုးရမှ လူမျိုးရေးအရ အငြိုးတေးထားကာ သတ်ဖြတ်ခဲ့သဖြင့် အဆိုပါနှစ် သြဂတ်စ် ၁၃ရက်နေ့တွင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ကြရသည်။ အဆိုပါ နေ့မှာ နောင်အခါတွင် သမိုင်းဝင်နေ့ တနေ့ ဖြစ်လာပြီး နှစ်စဉ် နှစ်တိုင်း သြဂတ်စ်လ ၁၃ ရက်နေ့ ရောက်တိုင်း ရခိုင်လူမျိုးများက အောက်မေ့ဖွယ် အခမ်းနားကို ကျင်းပကြသည်။

Tuesday, August 10, 2010

မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းကိစ္စ ပြည်တွင်း နိုင်ငံရေး ပါတီ တခုမှ သဘောထားထုတ်ပြန်
8/9/2010
မင်းဆက်ခိုင်
---------------
ရမ္မာဝတီ အရှင် ပညာစာရ ဖမ်းဆီး လူဝတ်လဲ ခံရပြီးနောက် ရခိုင်ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များ သိမ်းဆည်းခံရမူနှင့် ကလေးငယ်များကို နယ်ဝေး ပြောင်းရွှေ့မူများနှင့် ပတ်သက်ပြီး များမကြာမှီကမှ နိုင်ငံရေး ပါတီ တခု အဖြစ် အသိအမှတ် ပြုခံထားရသော RNDP မှ ကျေညာချက် တစောင်ကို သြဂတ်စ်လ ၉ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

သဘောထားထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ ဦးခိုင်ပြည်စိုးကို မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“ကျောင်းမှာ ကျန်ရှိလိုက်တဲ့ကလေးတွေ၊ တခြားနေရာတွေကို ခေါ်ဆောင် သွားခံရတဲ့ ကလေးတွေ၊ နောက် စာအုပ် စာပေတွေနဲ့ ပတ်သက်ပြီး အစိုးရက သိမ်းဆည်းသွားတဲ့ကိစ္စကို အဓိက ရည်ရွယ် ပါတယ်။ ဒီကိစ္စကို ဘယ်လို ဆက်လက်ထိမ်းသိန်းမလဲ၊ ဘယ်လို နေရာချ ထားပေးမလဲဆိုတဲ့ အပိုင်းကို ကျနော်တို့ အဓိကထား စဉ်းစားပါတယ်။ နောက်ပြီးတော့ အဲဒီ ကျောင်းမှာ မှီတင်း နေထိုင်နေကြတဲ့ သူတွေဟာ မှီခိုရာမဲ့ ဖြစ်နေကြ ပါတယ်။ အဲဒါတွေကို ကျနော်တို့ စနစ်တကျ ပြန်လည် နေရာ ချပေးနိုင်ဖို့ အတွက် မြို့မိမြို့ဖတွေ ရဟန်းသင်္ဃာတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးတော့ ပြန်လည် လုပ်ပေးသင့်တယ် ဆိုတဲ့ အမြင်မျိုး ရှိနေတဲ့ အတွက် အခုလို ကျနော်တို့ သဘောထားကို ထုတ်ပြန်ရ တာ ဖြစ်ပါတယ်။”

အဆိုပါ သဘောထား ထုတ်ပြန်ချက်ထဲတွင် “ မဟာမုနိ ဗုဒ္ဓဝိဟာရ ကျောင်းတွင် ထားရှိခဲ့သော ရခိုင်သမိုင်းဝင် ပေစာ၊ ကျမ်းစာ၊ ဒင်္ဂါးပြား အစရှိသော ပစ္စည်းများသည် ရခိုင်အမျိုးသားများ မြတ်နိုးတန်ဖိုးထားသော သမိုင်းအမွေအနှစ် ပစ္စည်းများ ဖြစ်သည်နှင့် အညီ ရခိုင် အမျိုးသားများ အစဉ်အမြဲ တန်ဖိုးထား ဂုဏ်ယူလေ့လာ နိုင်ရန် အတွက် အမျိုးသား ဂုဏ်ဆောင်ပစ္စည်းများ အဖြစ် ရခိုင် ဒေသ၌သာလျှင် ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောင့် ခင်းကျင်းပြသနိုင်ရမည်ဟု ကျွန်ုပ်တို့ အခိုင်အမာယုံကြည်ပါသည်။” ဟု ဖေါ်ပြထားသည်။

၎င်းအပြင် ထုတ်ပြန်ချက်ထဲတွင် “ဘုန်းတော်ကြီးကျောင်း အရိပ်အာဝါသ အောက်တွင် ခိုလှုံခဲ့ကြသော ကျောင်း သားလူငယ်၊ ကလေးသူငယ်များ အနေဖြင့် မိမိတို့ နေထိုင်ရာ ဇာတိပတ်ဝန်ကျင်းမှ ဝေးကွာသော နေရာသို့ ခရီးဝေးသွားလာရခြင်းများကြောင့် နာဖျား မကျန်းဖြစ်ရခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားငယ် စိုးရွံ့မှုများ ခံစားရနိုင်ဖွယ် ရှိခြင်းတို့ အပေါ် စိုးရိမ် မကင်း ဖြစ်ကြသူများ လာရောက်တင်ပြ အကြံပြုကြသကဲ့သို့ မိမိတို့လည်း ပြည်သူများနှင့် ထပ်တူ စိုးရိမ် ပူပန်မှုရှိပါသည်” ဟု ဖေါ်ပြထားသည်။

ရမ္မာဝတီ အရှင် ဦးပညာစာရအား ဇူလိုင်လ ၂၇ ရက်နေ့က အာဏာပိုင်များ မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကျောင်း၌ထားရှိသော သမိုင်းဝင် ပစ္စည်းများ၊ စာပေကျမ်းဂန်များ၊ ရွှေဒင်္ဂါး ငွေဒင်္ဂါးများနှင့် အဖိုးတန်ပစ္စည်း မြောက်များစွာ ကို သိမ်းဆည်းသွားခဲ့သည်။

ထိုနောက် ယခုလ ၅ရက်နေ့က ကျောင်း၌ကျန်ရှိခဲ့သည့် ကလေးများထဲမှ ၉၀ကျော်ကို မကွေးတိုင်းနှင့် မန္တလေးတိုင်းသို့ အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့သည်။

ဦးခိုင်ပြည်စိုးမှ “အခုက ဒီကလေးတွေ ရပ်ဝေးကို ပါသွားတဲ့ကိစ္စနဲ့ ကျောင်းကို မှီတင်းနေထိုင်ခဲ့တဲ့ သူတွေ အပေါ်မှာ ပြည်သူတွေက စိုးရိမ် မှုတွေဖြစ်နေကြပါတယ်။ ကျောင်းမှာ မှီတင်းနေထိုင်ခဲ့တဲ့ သူတွေ အခုဆို စစ်တွေမြို့မှာ ပြန့်ကျဲ နေကြပါတယ်။ ဒီလိုဖြစ်နေတဲ့ အတွက်ကြောင့် ဒီကိစ္စကို မြို့ခံ လူထုတွေအနေနဲ့ ငါတို့ တခုမှ လုပ်မပေးနိုင် ပါလားဆိုတဲ့ အမြင်တွေ ရှိနေကြပါတယ်။ လုပ်ပေး ချင်ပေမယ့် မလုပ်ပေးနိုင်တဲ့ အနေအထားကို ရောက်ရှိနေကြရပါတယ်။ စစ်တွေမြို့မှာ ရှိတဲ့ မြို့မိမြို့ဖတွေ လူမှုရေး အဖွဲ့အစည်းတွေက တာဝန်ယူ လုပ်ဆောင် ပေးချင်စိတ်တွေ ရှိနေကြတာကို တွေ့နေကြပါတယ်။” ဟု ဆက်ပြောသည်။

ဦးပညာစာရအား တရားစစ်ဆေးစီရင်ရာတွင် ပြည်ထောင်စု မြန်မာနိုင်ငံသား တဦး၏ ရပိုင်ခွင့်များနှင့် အညီ ဥပဒေအရ နည်းလမ်းတကျ ခုခံနိုင်သော အခွင့်အရေး ရရှိသင့်သည်ဟုလည်း RNDP က ကျေညာချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြို့ခံပြည်သူလူထုအကြား၊ အစိုးရဌာနဆိုင်ရာ ရုံးများတွင်လည်း ဆက်လက် ဖြန့်ဝေသွားမည်ဟု ဦးခိုင်ပြည်စိုးက ပြောသည်။

ဆရာတော်အား ဖမ်းဆီးခြင်း၊ ရခိုင်သမိုင်းဝင်ပစ္စည်းများကို သိမ်းယူခြင်း၊ ကလေးငယ်များအား ဗမာပြည်သို့ ခေါ်ဆောင်ခြင်းများသည် ဥပဒေအရ လုပ်ဆောင်ခြင်းမဟုတ်ပဲ လူမျိုးရေး အရ လုပ်ကြံ ဖန်တီးခြင်းများသာ ဖြစ်သည်ဟု ရခိုင် ပြည်သူလူထုအကြားတွင် ပြောဆိုနေကြကြောင်း သတင်း ရရှိသည်။

ရှစ်လေးလုံးနေ့ နှင့် ၁၃ သြဂတ်စ် ဆန်ပြဿနာနေ့ အခမ်းနား RWU မှ ကျင်းပ
8/10/2010
ထွန်းထွန်းနှင့် စံလင်း
-----------------------
ရခိုင်အမျိုးသမီး အစည်းအရုံး RWU မှ ၂၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့နှင့် ၄၃ နှစ် မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခမ်းအနားများကို ဘင်္ဂလာဒေခ်ျ့- မြန်မာနယ်စပ်တွင် သြတ်စ်လ ၈ ရက်နေ့က တပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ သမိုင်းဝင် အရေးတော်ပုံကြီး နှစ်ခုကို တပြိုင်တည်း ကျင်းပရခြင်းနှင့် ပတ်သက်ပြီး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“ဒီသမိုင်းဝင် အရေးတော်ပုံကြီးနှစ်ရပ်ဟာ တိုက်တိုက်ဆိုင်ဆိုင် သြဂတ်စ်လ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အတွက် တချိန်တည်း တနေရာတည်းမှာ တခါတည်း ကျင်းပရတာ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံနေ့ကို ပြည်သူတွေ သိစေချင်သလို စစ်တွေ ဆန်ပြဿနာနေ့ကိုလည်း ပြည်သူတွေကို သိစေလိုပါတယ်။ ဖြစ်ရပ် နှစ်ခုလုံးကို တပြိုင်တည်း ကျင်းပရတဲ့ အတွက် ပြည်သူတွေကိုရော နောင်အနာဂတ် မျိုးဆက်သစ်တွေပါ အဲဒီ အရေးအခင်းတွေနဲ့ ပတ်သက်ပြီး ပိုမိုပြီး သိရှိနားလည် သဘောပေါက် နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

အခမ်းအနားတွင် သဘာပတိအဖြစ် ဖလောင်းချိတ် တောကျောင်းဆရာတော် ဦးစန္ဒာဝရမှ ဆောင်ရွက်သည်။ အခမ်းအနားတွင် ဦးစန္ဒာဝရက ယခုကဲ့သို့ အဖွင့်မိန့်ခွန်းကို မိန်းကြားသည်။

“မြန်မာနိုင်ငံမှာ ၈ လေးလုံးနေ့ဟာ မြန်မာပြည်သူအားလုံး အတွက် မမေ့နိုင်၊ မမေ့အပ်တဲ့ နေ့ဖြစ်သလို ရခိုင်ပြည်မှာလည်း ဆန်ပြသနာနေ့ဟာ ရခိုင်ပြည်သူတွေ အတွက် မမေ့အပ် မမေ့ထိုက်တဲ့ နေ့တွေ ဖြစ်ပါတယ်။ အဲဒီလို နေ့ထူး နေ့မြတ်တွေကို ယခုလိုကျင်းပခြင်းဟာ နောက်လာ နောင်သားတွေကို မေ့မသွားအောင် ပြန်လည်နိုးဆွပေးသလိုဖြစ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အခုလို ထူးခြားတဲ့နေ့တွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပသင့်ပါတယ်။ ခုလို ကျင်းပတဲ့ အတွက်လည်း အဲဒီ အရေးတော်ပုံတွေ အတွင်းမှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ဂုဏ်ပြု ဦးညွှတ် လေးစားရာလည်း ရောက်ပါတယ်”ဟု ပြောသည်။

အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရခိုင်အမျိုးသမီး အစည်းရုံး ဥက္ကဌ ဒေါ်မြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“အဓိက ရည်ရွယ်ချက်ကတော့ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ နိုင်ငံရေး ပြဿနာတွေ အပေါ်မှာ ၈၈၈၈ မျိုးဆက်သစ်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့၊ ၈၈၈၈ လှုပ်ရှားမှု အကြောင်းတွေကို ပြည်တွင်းပြည်မှာ ရှိနေကြတဲ့ သူတွေကို သတင်းမီဒီယာတွေက တဆင့် သိစေဖို့၊ နောက်ထက် ၈၈၈၈ မျိုးဆက်သစ် လူငယ်တွေလို အနာဂတ်မှာ မျိုးဆက်သစ်တွေ ရှင်သန် ပေါက်ဖွား လာစေဖို့နဲ့ ၈၈ အသိစိတ်ဓါတ်တွေ ကိန်းအောင်းလာပြီး မျိုးဆက်သစ်လူငယ်တွေမှာ စိတ်ဓါတ်ရေးရာ အရ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပ ရတာဖြစ်ပါတယ်”ဟု ပြောသည်။

အခမ်းနားသို့ RWU ၊ AASYC နှင့် အခြားအဖွဲ့စည်းများ၊ တသီးပုဂ္ဂလ ပုဂ္ဂိုလ်များ စုစုပေါင်း အင်အား ၅၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းနားမှာ တက်ရောက်လာသူများက ရှစ်လေးလုံး အရေးတော်ပုံအကြောင်း၊နှင့် စစ်တွေ ဆန်ပြဿနာ ဖြစ်ပေါ်လာရသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြပြီး နေ့လည် ၁ နာရီမှ စတင်ခဲ့သော အခမ်းအနားကို ညနေ ၄နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်

Wednesday, July 21, 2010

နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ထိုင်းဝန်ကြီး မြန်မာပြည် သွားမည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အကြီးမားဆုံးဖြစ်သည့် မဲဆောက်-မြဝတီ နယ်စပ်တံတားကို စစ်အစိုးရဘက်က ပိတ်ထားမှု အဆုံးသတ်စေရေးအတွက် ဆွေးနွေးရန် ထိုင်းနိုင်ငံ ဒုတိယ ကုန်သွယ်ရေးဝန်ကြီး မြန်မာဘက်ခြမ်းသို့ မနက်ဖြန်တွင် သွားရောက်မည်ဟု MCOT ထိုင်း သတင်းဌာနတွင် ဖော်ပြထားသည်။

ယခုလ ၉ ရက်နေ့မှစ၍ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှ နယ်စပ်ဖြတ်ကျော်မှု ပိတ်ပင်ခဲ့ပြီးနောက် ၁ဝ ရက်ခန့်အကြာတွင် ထိုင်းဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်အကြောင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

နယ်စပ်မျဉ်း သောင်းရင်းမြစ်တလျှောက် နယ်စပ်ဂိတ် ၂ဝ ကျော်ကို ကုန်ဖြတ်သန်းမှု ပိတ်ခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ထိခိုက်လျက်ရှိကြောင်း ဒုတိယ ကုန်သွယ်ရေးဝန်ကြီး မစ္စတာ အလောင်ကွန် ဖွန်လဘု Alongkorn Ponlaboot က ယမန်နေ့တွင် ပြောကြားကြောင်း MCOT တွင် ရေးသားထားသေးသည်။

မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြဝတီ၊ ရနောင်း-ကော့သောင်း စသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ် ၃ ခုအနက် မဲဆောက်-မြဝတီဂိတ်သည် ကုန်စည်စီးဆင်းသည့် အကြီးဆုံးဂိတ်ဖြစ်ပြီး မြန်မာဘက်မှ ဆန် အပါအဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များ၊ ပရိဘောဂနှင့် ကျောက်စိမ်း အပါအဝင် တွင်းထွက်ပစ္စည်းများ တင်ပို့သည်။

ထိုင်းဘက်ကမူ စားသုံးဆီ၊ ဓာတ်ဆီ၊ တပတ်ရစ်ကား၊ ကော်ဖီ၊ ဆေးနှင့် လျှပ်စစ်ပစ္စည်းများ မြန်မာဘက်သို့ တင်ပို့နေသည်။

ပြီးခဲ့သည့်နှစ်တွင် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၇၂၄ သန်း ရှိခဲ့ပြီး ၂ဝဝ၈ ခုနှစ်ထက် ၂၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

မဲဆောက်မြို့မှ မြန်မာကျောင်းဆရာတဦးက “လူကြီးတွေ လာမယ်လို့လည်း ပြောတယ်။ မဲဆောက်က နည်းနည်း ငြိမ်သွားတယ်။ ခါတိုင်းဆို မြန်မာဘက်က ကားတွေ မြင်နေရတယ် ဥဒဟိုသွားနေတာ။ တံတားမှာဆိုလည်း ခြောက်နေတာပဲ” ဟု ပြောသည်။

ထိုင်းဘက်အခြမ်း၌ မြစ်ကမ်းပါး ရေတိုက်စားမှုမှ ကာကွယ်ရန် ကမ်းပါးကာ နံရံများ တည်ဆောက်လျက်ရှိရာ ထွက်ပေါ်လာသည့် မြေကြီးနှင့် ကျောက်များကြောင့် ရေကြောင်း ပြောင်းလဲကာ မြန်မာဘက်ကမ်း ရေတိုက်စားနိုင်သောကြောင့် မြန်မာအာဏာပိုင်များက ကန့်ကွက်ခြင်း ဖြစ်သည်ဟု MCOT ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

နှစ်နိုင်ငံနယ်စပ် သောင်ရင်းမြစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများအတွက် နှစ်နိုင်ငံနယ်စပ် ကော်မတီ၏ ခွင့်ပြုချက်ယူရမည် ဖြစ်သော်လည်း ယခုဆောက်လုပ်နေမှုသည် ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနအောက် ပြည်သူ့အလုပ်အကိုင်နှင့် အိုးအိမ်စီမံကိန်းဌာနက တာဝန်ယူထားပြီး နယ်စပ်ကော်မတီထံမှ တရားဝင်ခွင့်ပြုချက် မယူထားကြောင်း ထိုင်းနိုင်ငံထုတ် သတင်းများက ဆိုသည်။

သောင်းရင်းမြစ်အတွင်း စက်ကြီးများဖြင့် မြေတူးနေမှုနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ယခုအခါ ထိုင်းဘက်က ခေတ္တရပ်ထားပြီး နယ်စပ်ပိတ်မှု ပြဿနာကို နယ်စပ်ကော်မတီမှတဆင့် ဖြေရှင်းနိုင်မည်ဟု စီးပွားရေးသမားများ မျှော်လင့်နေကြကြောင်း ထိုင်းသတင်းစာများတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့များကို အဓိက ဝယ်ယူနေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ၂ဝဝ၈-ဝ၉ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂ဝဝဝ ကျော် ရှိခဲ့သည်။

ပျမ်းမျှ ကီလိုမီတာ ၂၄ဝဝ ရှည်လျားသည့် ထိုင်း-မြန်မာ နယ်စပ်တွင် ကီလိုမီတာ ၆ဝ ခန့်ကိုသာ နှစ်ဖက်စလုံးက တရားဝင် သတ်မှတ်နိုင်သေးသည်။ နှစ်နိုင်ငံနယ်စပ်မျဉ်းကို ကိုလိုနီလက်ထက် ဗြိတိန်နှင့် ထိုင်းအစိုးရတို့က ၁၈၂၆ ခုနှစ်တွင် လက်မှတ်ထိုးထားခြင်း ဖြစ်သည်။

Saturday, July 17, 2010

ဒိုင်းနက် အမျိုးသား တော်လှန်ရေး ခေါင်းဆောင် ဦးစိန်လှမောင် ကွယ်လွန်
7/17/2010
မောင်အေး
ရခိုင်ပြည် အမျိုးသား တော်လှန်ရေးတွင် တစိုက်မတ်မတ် ပါဝင်ခဲ့သူ ဒိုင်းနက် အမျိုးသား ခေါင်းဆောင် တော်လှန်ရေး သမားကြီး ဦးစိန်လှမောင်သည် ဇူလိုင်လ ၄ ရက် တနင်္ဂနွေနေ့က လူကြီးရောဂါဖြင့် ဘင်္ဂလား-မြန်မာ နယ်စပ် တနေရာတွင် ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

ဦးစိန်လှမောင်သည် ၁၉၆၆ ခုနှစ်တွင် ရခိုင်ပြည် အမျိုးသား လွတ်မြောက်ရေးပါတီ (ရမလပ) သို့ ၀င်ရောက်ခဲ့ပြီး ရခိုင် တော်လှန်ရေး လမ်းကြောင်းတွင် စတင် ခြေချခဲ့သည်။ ၎င်းနောက်ပိုင်း ပါတီများ ပေါင်းစည်းပြီးနောက် ရခိုင်ပြည်အမျိုးသား ညီညွတ်ရေးပါတီ(NUPA)တွင် ပါတီဝင် တဦး ဖြစ်လာကာ ၂၀၀၀ ခုနှစ်တွင် ဗဟို ကော်မီတီ အဆင့်ထိ တာဝန်ထမ်း ပေးအပ်ခြင်း ခံခဲ့ရသည်။

ဦးစိန်လှမောင်မှာ ဒိုင်းနက် အမျိုးသား တဦးဖြစ်ပြီး သူ့၏ အမျိုးသားများ အပေါ် သြဇာရှိကာ သေဆုံးချိန်ထိ ဒိုင်းနက် အမျိုးသားများ၏ လေးစားယုံကြည်မှုကို ရရှိခဲ့သူဖြစ်သည်။

“ ဦးစိန်လှမောင် ကျဆုံးသွားတာဟာ ရခိုင်အမျိုးသား တော်လှန်ရေးမှာ ရဲဘော်ကောင်း တဦး ကျဆုံး သွားတာဖြစ်တဲ့ အတွက် ၀မ်းနည်းဖို့ကောင်းပါတယ်။ သူ့ ညီတွေက မြန်မာနိုင်ငံကို ပြန်ဖို့ လာခေါ် ခဲ့ပေမဲ့ ရန်သူ့ထံ ဒူးမထောက်လိုတဲ့ အတွက် လိုက်မသွားဘူး။ နောက်ဆုံးအချိန်ထိ အမျိုးသား တော်လှန်ရေး အပေါ်မှာ သစ္စာရှိရှိ ရပ်တည်ခဲ့တဲ့ တော်လှန်ရေး သမားတဦး ဖြစ်ပါတယ်” ဟု သူ၏ လုပ် ဖော်ကိုင်ဖက် တဦးဖြစ်သူ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ တပ်မှူး ဦးမောင်စောယဉ်က ပြောသည်။

၎င်းပြင် ရမလ ပါတီမှ ခေါင်းဆောင်ဟောင်း တဦး ဖြစ်သူ ဦးဘတင်ကလည်း “သူ့ကတော့ တကယ့် လေးစားဖို့ ကောင်းတဲ့ တော်လှန်ရေး ရဲဘော်တဦး ဖြစ်တယ်။ ပြီးတော့ သူဟာ ပညာမတတ်ပေမဲ့ ရိုးသားတဲ့ အတွက် လူတိုင်းက ခင်မင်ကြတယ်။ ပါတီတာဝန်ကိုလည်း ဘယ်အချိန်ခါဆို ကျေပွန် အောင် ထမ်းဆောင်ခဲ့သူ တဦး ဖြစ်ပါ တယ်။ ဒိုင်းနက်အမျိုးသားတွေကိုလည်း သူစည်းရုံးနိုင် ခဲ့ပါတယ်။ တကယ့် တော်လှန်ရေး ရဲဘော်ကောင်း တဦး ဖြစ်တယ်။”ဟု ပြောသည်။

ဦးစိန်လှမောင်သာ် ၁၉၇၂ ခုနှစ်က ရမလပ ပါတီမှ စကားပြန် အဖြစ် တာဝန်ပေးချက် အရ အိန္ဒိယ အစိုးရနှင့် ဆက်သွယ်ရန် လိုက်ပါသွားခဲ့ရာ အိန္ဒိယအစိုးရမှ မီဇူရမ်ပြည်နယ် တွင်ဖမ်းဆီးပြီး တမူးဘက်မှ နေပြီး မြန်မာ စစ်တပ်သို့ လွဲပြောင်း ပေးအပ် ခံခဲ့ရသည်။

မြန်မာ့ စစ်တပ်မှ သတ်ပစ်ရန် စီစဉ်နေချိန်တွင် ရခိုင် စစ်ဗိုလ် တဦး၏ အကူအညီမူဖြင့် အသက်ဘေးက ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

သူ့ဘ၀တွင် အိမ်ထောင် နှစ်ဆက်ကျခဲ့ပြီး ပထမ အိမ်တောင်မှာ သူ့၏ ဇာတိ ကျေးရွာ တောင်မော်ကျေးရွာမှ ဒိုင်းနက် အမျိုးသမီး တဦးနှင့် ဖြစ်ပြီး ဒုတိယအိမ်ထောင်မှာ ဘင်္ဂလီ အမျိုးသမီး ခွီးချိဒါဆိုသူနှင့် ဖြစ်ကာ သမီးတဦး ရရှိခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ကွာရှင်းခဲ့ပြီး နှစ်ပေါင်းများစွာ တဦးတည်း နေထိုင်ခဲ့သည်။

ဦးစိန်လှမောင် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။

Friday, July 16, 2010

ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ထောင်ဒဏ် ၁၅ လ ချမှတ် သတင်းနှင့် ပတ်သက်ပြီး အမှားပြင်ဆင်ချက်

အိန္ဒိယ နိုင်ငံ ကာလကတ္တားထောင်ထဲတွင် ဖမ်းဆီးခံထားရသော ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို ကာလကတ္တား တရားရုံး တခုမှ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်နေ့) က ထောင်ဒဏ် ၁၅ လ ချမှတ်လိုက်သည်ဟု နိရဉ္စရာမှ သတင်း ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် ဖေါ်ပြသော ထောင် ၁၅ လမှာ မှားယွင်းနေပါသဖြင့် ထောင် ၃ နှစ် ချမှတ်သည်ဟု ပြင်ဆင် ဖတ်ရှု့စေလိုပါသည်။

သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁နှစ် သုံးလ နှင့် ဒဏ်ငွေ ရူပီ ၂၀၀၀၊ ပေါက်ကွဲစေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ)ဖြင့် ထောင် တနှစ် သုံးလနှင့် ဒဏ်ငွေ ၂၀၀၀ နှင့် လက်နက်မူ တခု ပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂၀၀၀ ဟု သိရပါသည်။

၎င်းပြင် သူတို့ အနေဖြင့် ဒဏ်ငွေများ မပေးဆောင်ပါက နောက်ထပ် ထောင် ၈ လထိ ကျခံရမည် ဖြစ်သည်ဟု သိရပါသည်။

သူတို့အမူအား တရားသူကြီး Uday Chandra Nag က စီရင်ချက် ချမှတ်ခဲ့သည်ဟု လည်း သိရပါသည်။

အမူမှာ ပြီးပြတ်သွားပြီ ဖြစ်သော်လည်း သူတို့ လွှတ်မြှောက်ရေး အတွက် အနည်းငယ် အချိန်ယူရအုံးမည်ဟု သိရပါသည်

Friday, June 25, 2010

ဒုက္ခသည်များ ဘဝသစ်စရေး ထိုင်း အကူအညီတောင်း
စိုင်းဇွမ်ဆိုင်း Friday, June 25, 2010
ထိုင်းနိုင်ငံရောက် ဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမားများ မိမိနိုင်ငံသို့ ပြန်လည် ရောက်ရှိပါက ဘဝကို လွယ်ကူစွာ ပြန်လည် စတင်နိုင်ရန် သင်တန်းပေးမည့် အစီအစဉ် အတွက် ဥရောပ သမဂ္ဂ (EU) ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အကူအညီ တောင်းခံကြောင်း သိရသည်။

“မြန်မာ ဒုက္ခသည်တွေကို သင်တန်းပေးဖို့အတွက် EU ဆီက အကူအညီတွေကို ထိုင်းအစိုးရက တောင်းခံပေးမှာ ဖြစ် ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ဖိရုမ်းက ယမန်နေ့တွင် ဘန်ကောက်မြို့ရှိ EU ရုံးချုပ်၌ ပြော ကြောင်း သိရသည်။

EU ထံမှ အကူအညီတောင်းခံမှုကို မစ္စတာ ကဆစ် သည် ဘယ်လ်ဂျီယံ ခရီးစဉ်အတွင်း EU ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ စာနာထောက်ထားသော အကူအညီပေးရေးနှင့် အကျပ်အတည်းများ တုံ့ပြန်ရေးဆိုင်ရာမဟာမင်းကြီး မစ္စ ခရစ္စတာလီနာ ဂျော်ဂျီဗာ ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားသည်။

မစ္စတာ ကဆစ် ဖိရုမ်းက ထိုင်းမြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်း အလုပ် သမား များ အရေးကိုဆောင်ရွက်နေသော အဖွဲ့အစည်းများသည် အကူအညီလိုအပ်နေကြောင်း ဖော်ပြချက်လည်း သတင်းစာတွင် ပါရှိသည်။

စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ထိုင်းအစိုးရက ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကို ပြန်လည် ပို့ဆောင်ဖွယ်ရှိကြောင်း သိရသည်။

မစ္စတာ ကဆစ် ဖိရုမ်းက “မြန်မာအစိုးရက ရွေးကောက်ပွဲကို ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမယ်ဆိုတော့ ကျနော်တို့ အနေ နဲ့ မြန်မာနိုင်ငံပြင်ပမှာ နေထိုင်နေရသူတွေ အိမ်ကို ချောချောမွေ့မွေ့ပြန်နိုင်ဖို့နဲ့ သူတို့ဘဝတွေ ကောင်းကောင်းမွန်မွန် ပြန်စနိုင်ဖို့ ကူညီ သင့်တယ်လို့ ထင်ပါတယ်”ဟု ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့(TBBC) ၏ ဒုတိယ ညွှန်ကြားရေးမှူး မစ္စ ဆယ်လီ သော်မဆင် က “တရက်ရက်မှာ ဒီ ဒုက္ခသည်တွေကို ပြန်ပို့တော့မယ်ဆိုရင် သူတို့ရဲ့ ဘဝတွေကို အစီအစဉ် တကျ နေတတ်အောင် NGO တွေကနေ ဒုက္ခသည်တွေကို ပညာပေး၊ သင်တန်းပေးတဲ့ အစီအစဉ်ပေါင်း ၆၀ ကျော် ရှိပါတယ်၊ ဒီအစီအစဉ်တွေက ဒုက္ခသည်တွေအတွက် အခွင့်အလမ်းကောင်းတရပ် ဖြစ်မယ်လို့ ကျမတို့ မျှော်လင့်ပါ တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

ထိုင်းနိုင်ငံသည် ဒုက္ခသည်များကို အချိန်အတိုင်းအတာ တခုအထိ ယာယီလက်ခံ ထားသော်လည်း တနေ့တွင် သက်ဆိုင်ရာ နိုင်ငံသို့ ပြန်ပို့ရန် မူဝါဒ ရှိပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အခြေအနေများ ငြိမ်းချမ်းသွားပါက ဒုက္ခ သည်များ ကိုယ်တိုင်ကလည်း ပြန်လိုကြောင်း ဆယ်လီ သော်မဆင်က ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နယ်ခြားမဲ့ မိတ်ဆွေများ အဖွဲ့ (Friends Without Border) မှ ထိုင်းလူမျိုး ညွှန်ကြားရေးမှူး မစ္စ ပင်မ် ကွက်ဆဝမ် ကမူ “မစ္စတာ ကဆစ် ဟာ ပြက်လုံးတခုပြောနေတာ ဖြစ်ပါလိမ့်မယ်။ ထိုင်းအစိုးရက ဒီ ရွေးကောက် ပွဲ ကို မြင်ရုံနဲ့ ဘယ်လိုလုပ်ပြီး ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေကို ပြန်ပို့ဖို့ စဉ်းစားမှာလဲ။ တကယ်လို့ စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတခဲ့မယ် ဆိုရင်တောင်မှ တိုင်းရင်းသား နယ်မြေတွေမှာ ဖြစ်နေတဲ့ ပြည်တွင်း စစ်ပွဲတွေကို ဘယ်လို ဖြေရှင်းပေးနိုင်မှာလဲ”ဟု ဆိုသည်။

EU နှင့် ထိုင်းနိုင်ငံသည် စစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဒီမိုကရေစီအတွက် ပထမခြေလှမ်းဟု သဘော ထားကြသည့်တိုင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် အများယုံကြည်မှုရှိသော ရွေးကောက်ပွဲ ဖြစ်စေရန် တောင်းဆိုနေရဆဲဖြစ်သည်။

ရှမ်းပြည် မြောက်ပိုင်း ကိုးကန့် ဒေသ ဘက်တွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျော့နည်းသွား သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အခြားဒေသ များနှင့် အရှေ့ပိုင်း၊ တောင်ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးမှု ပိုမို တိုးချဲ့လာကြောင်း သိရသည်။

[ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးထားသော ဘိန်းခင်းတချို့ကို စစ်အစိုးရ စစ်တပ်က ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - AP)]

ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးထားသော ဘိန်းခင်းတချို့ကို စစ်အစိုးရ စစ်တပ်က ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - AP)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ် (FCCT) ၌ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)က World Drug Report 2010 အစီရင်ခံစာနှင့် ပတ်သက်၍ ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် UNODC အရှေ့အာရှနှင့် ပစိဖိတ် ဒေသ တာဝန်ခံ မစ္စတာ ဂယ်ရီ လူးဝစ်က ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။

ဂယ်ရီ လူးဝစ်က “အရင်က ကိုးကန့်ဒေသဟာ မူးယစ်ဆေးဝါး အကြီးအကျယ် ထုတ်လုပ်တဲ့ နေရာဖြစ်ခဲ့ပေမယ့် အခုတော့ တော်တော် လျော့ကျသွားပါပြီ။ ဒါပေမယ့် ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေက အကြီးအကျယ် ထုတ်လုပ် လာနေတာကို တွေ့ရတယ်။ ၂၀၀၉ ခုနှစ် တနှစ်တည်းမှာတင် ရှမ်းပြည်နယ်မှာ မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၂၃ သန်း ဖမ်းဆီးရမိတာကို ထောက်ရင် သိနိုင်ပါတယ်”ဟု သတင်းထောက်များသို့ ပြောသည်။

စစ်အစိုးရက ဘိန်းခင်း ဖျက်ဆီးမှုများ၊ ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း မူးယစ်ဆေးဝါး ထွက်ရှိမှု လျော့ကျသည်ဟု မဆိုနိုင်ကြောင်း၊ ရှမ်းပြည် တောင်ပိုင်းတွင် တောင်ကြီးဝန်းကျင်၊ အရှေ့ပိုင်းတွင် ကျိုင်းတုံနှင့် မြောက်ပိုင်းတွင် လားရှိုးတို့၌ အကြီးအကျယ် ထုပ်လုပ်လျက်ရှိကြောင်း မြေပုံကားချပ်များဖြင့် ရှင်းလင်းပြသွားသည်။

ရှမ်းပြည်နယ်အတွင်း ၂၀၀၅ ခုနှစ်က ဘိန်းစိုက်ခင်း ဧရိယာ ၁၈,၈၁၀ ဟက်ကာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ်တွင် ဧရိယာ ၄၀,၀၀၀ ဟက်ကာအထိ တိုးချဲ့ စိုက်ပျိုးလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်ရာ၌ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယ အများဆုံး နိုင်ငံ ဖြစ်သည်ဟု သိရသည်။

၂၀၀၉ ခုနှစ်တွင် အာဖဂန်နစ္စတန်က မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံးဖြစ်ပြီး မက်ထရစ်တန်ချိန် ၆၉၀၀ (စုစုပေါင်း ထုတ်လုပ်မှု၏ ၈၉ ရာခိုင်နှုန်း) ရှိသည်။ မြန်မာက ဒုတိယ အများဆုံးအဖြစ် မက်ထရစ်တန်ချိန် ၃၃၀ ထုတ်လုပ်ခဲ့ပြီး တတိယ အများဆုံး မက္ကဆီကိုနှင့် ကိုလံဘီယာက မက်ထရစ်တန် ၃၂၅ တန် ထုတ်လုပ်ခဲ့သည်။

အာဖဂန်နစ္စတန်မှ ထုတ်လုပ်သော မူးယစ်ဆေးဝါးများကို အီရန် ရုရှားနှင့် အနောက်ဥရောပ နိုင်ငံများသို့ အဓိက တင်သွင်း သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးမှုများရှိသော်လည်း အမှန်တကယ် ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟုလည်း အစီရင်ခံစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော မက်သာအဖက်တမင်း ဆေးပြားများသည်လည်း နယ်စပ်ဒေသများမှ တဆင့် မူးယစ်ဆေးဝါး ဖောက်သည်များရှိရာ ကမ္ဘာအနှံ့အပြားသို့ ရောက်ရှိသွားသည်။

ဂယ်ရီ လူးဝစ်က ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု ပပျောက်ရန် ကူညီ ဆောင်ရွက်လိုသော်လည်း မလွယ်ကူကြောင်း ပြောသည်။

“စစ်ပွဲဖြစ်ပွားနေတဲ့ နေရာတွေ၊ ပွင့်လင်းမှုမရှိတဲ့ အစိုးရတွေအောက်မှာရှိတဲ့ နိုင်ငံတွေနဲ့ အလုပ်လုပ်ရတာ ခက်ခဲလွန်းပါတယ်။ သူတို့ အကျိုးစီးပွားအတွက်ကိုသာ ကြည့်တတ်တဲ့သူတွေမို့လို့ ကျနော်တို့က ဘယ်လိုပင် ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစား ပေ မယ့်လည်း သူတို့က လိုလိုလားလားမလုပ်တော့ အကောင်အထည် ဖော်ရတာ ခက်ခဲပါတယ်”ဟု ဂယ်ရီ လူးဝစ်က ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် ထုတ်ပြန်သော ပလောင် အမျိုးသမီး အစည်းအရုံးက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ အစီရင်ခံစာတွင်လည်း ရှမ်းပြည်နယ်၌ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ၅ ဆခန့် တိုးများလာကြောင်း ဖော်ပြထားသည်။

Saturday, June 19, 2010

၂၀၀၉-၂၀၁၀ ပညာသင်နှစ်တွင် ရခိုင်မှ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၈ဦး ထွက်ပေါ်

6/17/2010
မင်းဆက်ခိုင်
မြန်မာနိုင်ငံ၏ ၂၀၀၉-၂၀၁၀ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် အောင်စာရင်းများ ထုတ်ပြန်ခဲ့ရာ တွင် ရခိုင်ပြည်နယ်မှ ဘာသာစုံ ဂုဏ်ထူးရှင် ၁၈ ဦး ထွက်ပေါ်ခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ၁၈ဦးမှာ စစ်တွေမြို့မှ ၁၂ ဦး၊ သံတွဲမြို့မှ ၅ ဦးနှင့် ပုဏ္ဏားကျွန်းမြို့မှ ၁ဦး တို့ဖြစ်ကြသည်။

စစ်တွေမြို့ခံတဦးက" ဒီနှစ် စစ်တွေက ဘာသာစုံ ဂုဏ်ထူးရှင် ၁၂ဦး ပါတယ်ဆိုလို့ ဝမ်းသာမိပါတယ်။ ၁ ဘာသာ၊ ၂ဘာသာ ဂုဏ်ထူးရှင်တွေလည်း အများကြီး ပါဘဲ။ ဒါပေမယ့် အောင်ချက် ရာနှုန်းက တော်တော့ကို နည်းပါတယ်။ ကျတဲ့ကျောင်းသား ကျောင်းသူတွေ များတယ်လို့ သိရပါတယ်။" ဟု ပြောသည်။

အလားတူ ရခိုင်တပြည်နယ်လုံးတွင် ၅ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး ထွက်ပေါ် ခဲ့ကြောင်း သိရသည်။

၎င်းတို့မှာ စစ်တွေမြို့မှ ၉ဦး၊ သံတွဲမြို့မှ ၆ဦး၊ ကျောက်ဖြူမြို့မှ ၅ဦး၊ ကျောက်တော်မြို့မှ ၁ဦး၊ ပေါက်တောမြို့မှ ၁ဦး၊ တောင်ကုတ်မြို့မှ ၁ ဦး၊ မင်းပြားမြို့မှ ၁ဦးနှင့် ရသေ့တောင်မြို့မှ ၁ဦး တို့ဖြစ်ကြသည်။

မောင်တောမြို့ခံ တဦးကလည်း" ရခိုင်ပြည်နယ်က ဂုဏ်ထူးပါတဲ့ ကျောင်းသား ကျောင်းသူတွေ ဒီနှစ်မှာ တော်တော် များပါတယ်။ ဒါပေမယ့် အောင်တဲ့သူတွေက နည်းပါတယ်။ မောင်တောမှာ ဆိုရင် ၄ ဘာသာ ဂုဏ်ထူးရှင် ၃ဦး ပါ ပါတယ်။ နောက် ၁ဘာသာ၊ ၂ဘာသာ ပါတဲ့သူတွေလည်း ရှိပါတယ်။" ဟု ပြောသည်။

ယခုနှစ် ရခိုင်တပြည်နယ်လုံးတွင် ၆ဘာသာ ဂုဏ်ထူးရှင် ၁၈ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၃၇ဦး၊ ၃ဘာသာ ဂုဏ်ထူးရှင် ၅၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၁၁၆ ဦးနှင့် ၁ဘာသာ ဂုဏ်ထူးရှင် ၇၃၇ ဦးတို့ ဖြစ်သည်။

စစ်တွေမှ အထက်တန်းပြ ဆရာတဦးကလည်း" အောင်တဲ့သူတွေထဲမှာ ဘော်ဒါဆောင်မှာ နေပြီး သင်တဲ့သူတွေ၊ စာသင်ဝိုင်းတွေနဲ့ သင်တဲ့ ကျောင်းသူ ကျောင်းသားတွေ များတယ်။ သာမာန် ရိုးရိုး အစိုးရကျောင်းမှာ တက်ပြီး ဖြေဆိုသူတွေ သိပ်အောင်တာ မတွေ့ရဘူး။" ဟု နိရဉ္စရာသို့ ပြောသည်။

မြန်မာနိုင်ငံ ပညာရေးဌာနမှ ဆယ်တန်း အောင်စာရင်းကို ယခုလ ၁၃ရက် တနင်္ဂနွေနေ့ နံနက်က ထုတ်ပြန် ကြေငြာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရန်ကုန်တွင် ကျင်းပ
ကြည်ဝေ Saturday, June 19, 2010
လရိပ်ပြာအောက် ကုမုဒြာတို့ ပွင့်သစ်ခဲ့
မတူညီတဲ့ ဒေသတွေက တူညီတဲ့ မျှော်လင့်ချက်တွေနဲ့
သင့်ခေါင်းဆောင်မှုရဲ့ နောက်မှာ ပြည်သူတွေဟာ သွေးစည်းညီညာခဲ့ကြ
သံမဏိဒါး ကျခဲ့ကြ
သင်ဟာ လေထဲက ဖယောင်းတိုင် မဟုတ်
မုန်တိုင်းကြားမှာ မြူးပျော်ပျံတက်
မုန်တိုင်းကို ကြိုဆိုနှုတ်ဆက် မုန်တိုင်းငှက်ဖြစ်တယ်။
.......................................
.......................................
.......................................
အော်နေတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး
ဂီလာန အမှောင်ခေတ်နဲ့ အိမ်မက်မဲ့ ညတာရှည်များ
အောင်မြင်စွာဖြတ်သန်းသွားကြစို့။
တန်းတူရေးလား သွေးခွဲရေးလား
တွေ့ဆုံရေးလား ပျက်သုဉ်းရေးလား
နာကျဉ်းခြင်းလား ခွင့်လွှတ်ခြင်းလား
ကော်ဇောနီလား ကြိုးနီလား
အချိန်က စည်းခြားခဲ့ပြီ
သစ္စာတရားဟာ ထာဝရ ဘက်လိုက်နေလိမ့်မယ်။

[ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ကိတ် (ဓာတ်ပုံ - ဧရာဝတီ)]

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ကိတ် (ဓာတ်ပုံ - ဧရာဝတီ)
ပင်နီ တိုက်ပုံဝတ်၊ မျက်မှန် ထူထူ တပ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း တဦးက ကဗျာဆရာ၊ စာရေးဆရာ ဖျာပုံနီလုံဦး ရေးစပ် ထားသော ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ အမှတ်တရ ကဗျာကို ရွတ်ဆို အပြီး လူပေါင်း ၇၀၀ ကျော်၏ လက်ခုပ် သံတို့က ခြံဝင်း အတွင်း ဆူညံ သွားတော့သည်။

အင်းစိန် မြို့နယ် ၁၀ မိုင်ကုန်း ဈေးအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ ခြံဝင်း အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပနေခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရေဘေး အကူအညီ များစွာ လိုအပ်နေဆဲ

6/18/2010

မင်းဆက်ခိုင်
ရခိုင်ပြည်နယ်တွင် ယခုလ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ သုံးရက်တိုင်တိုင် လေပြင်းနှင့်အတူ မိုးသည်းစွာ ရွာသွန်းခဲ့ သောကြောင့် ရေကြီး မြေပြိုကာ လူသေဆုံးမှု၊ နေအိမ်များပျက်စီးမှု၊ ရေလွှမ်းမိုးမှု ရှိခဲ့ပြီး ရေဘေးဒဏ် ခံခဲ့ရသူများလည်း ထောင်ချီပြီ ရှိခဲ့သည်။

အဆိုပါ ရေဘေးဒဏ်ခံခဲ့ရသူများ အတွက် အကူအညီများစွာ လိုအပ် နေဆဲ ဖြစ်ကြောင်း နိရဉ္စရာမှ စုံးစမ်းသိရှိရသည်။

အကူအညီ လိုအပ်နေသော မြို့နယ်များမှာ ရေဘေးနှင့် လေဘေးကို အဓိက ခံခဲ့ရသည့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်းနှင့် မြေပုံမြို့နယ် တို့ဖြစ်ကြသည်။

ဘူးသီးတောင်မြို့ခံတဦးက“ရေဘေး၊ လေဘေး သင့်တဲ့ နေရာတွေက လူတွေ အကူအညီ များစွာ လိုအပ် နေဆဲဖြစ် ပါတယ်။ ဒီမှာက နေရာ တော်တော် များများမှာ ရေဖုံးလွှမ်းခဲ့ပါတယ်။ နေရေး ထိုင်ရေး၊ စားရေး သောက်ရေးက အစ အဆင်မပြေကြသေးဘူး။ အခု နိုင်ငံခြားအဖွဲ့ အစည်းတွေက အကူအညီ ပေးနေတာတွေတော့ ရှိပါတယ်။ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကူညီ ပေးတာတွေ တော့ မရှိသေးပါဘူး။ သေဆုံးသူ ဘူးသီးတောင်မှာ အယောက် ၉၀ လောက် ရှိတယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျ မှုတို့ကြောင့် ရပ်ကွက်(၅)ရှိ ဟန်မလာကျေးရွာ၊ ကျောက်ရွက်ပြင်တိုးချဲ့ကျေးရွာနှင့် ကကျဘက်ပြင်ကျေးရွာ အုပ်စုတို့မှ အမျိုးသား ၁၃ဦးနှင့် အမျိုးသမီး ၁၈ဦး စုစုပေါင်း ၃၁ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နအဖ စစ်အစိုးရ အာဏာပိုင် များမှ ထုတ်ပြန်ထားသည်။

အလားတူ မောင်တောမြို့ခံတဦးကလည်း“ အခု လောလောဆယ်တော့ ယူအန်က ရေဘေး၊ လေဘေးသင့် ဒုက္ခသည်တွေကို ကူညီပေးနေပါတယ်။ ရေဘေး သင့်သူတွေကို မောင်တော အထက ကျောင်းနဲ့ အလက ကျောင်းတွေမှာ နေရာချပေးထားပါတယ်။ ဒါပေမယ့် နယ်က ရေဘေးသင့်ခဲ့တဲ့ နေရာတွေမှာ အကူအညီတွေကတော့ အများကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေ ကလည်း ထိထိရောက်ရောက် ကူညီပေးတာ တွေမရှိသေးသလို NGO’s အဖွဲ့အစည်းတွေကလည်း အဲဒီဒေသတွေ အထိ လက်မရောက်နိုင်သေးပါဘူး။” ဟု ပြောသည်။

မောင်တောမြို့တွင် ရပ်ကွက်(၄)ရှိ ရွာသစ်နှင့် ဗိုလ်မှူးရွာ တို့တွင် ရေ အမြင့်ပေ ၄ပေအထိ မြင့်တက်ခဲ့သော ကြောင့် မိသားစု ၂၅၀ ခန့် မောင်တော အထကကျောင်းနှင့် အလကကျောင်းသို့ ရွှေ့ပြောင်း ခဲ့ရသည်။

၎င်းအပြင် မောင်တောမြို့နယ် အောက်ပြူးမကျေးရွာ၊ ရေမျက်တောင်ကျေးရွာ၊ ဦးချဥ့်ကျကျေးရွာ၊ ဇီးပင်ချောင်းကျေးရွာနှင့် အနီးအနားမှ ကျေးရွာများတွင် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျမှုတို့ကြောင့် လူ ၃၀ ခန့် သေဆုံးခဲ့သည်။

မင်းပြားမြို့နယ် ဆပ်ကြားကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၅ လုံးနှင့် စာသင်ကျောင်း တကျောင်း လုံးဝ ပျက်စီးသွားခဲ့ပြီး ကျန်နေအိမ် အများအပြားလည်း တစိတ်တပိုင်း ပျက်စီး သွားကြောင်း သိရသည်။

ဒေသခံတဦးက“ဒီမှာ ရှိတဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်ဆိုတော့ ခိုလှုံစရာ နေရာမရှိသလို ဖြစ်နေပါ တယ်။ အကူအညီတွေ လိုအပ်နေဆဲပါ။ စားရေး သောက်ရေးတွေလည်း အဆင်မပြေ သေးဘူး။ အခုလော လောဆယ်တော့ ကျန်ရှိခဲ့တဲ့ အိမ်တွေနဲ့ အနီးအနား ကျေးရွာတွေက နေအိမ် တွေမှာ လေဘေးသင့်သူ တွေကို နေရာချပေးထားပါတယ်။”

ထို့အတူ မြေပုံမြို့နယ် ကြာအင်းတောင်းကျေးရွာတွင်လည်း နေအိမ်များ ပျက်စီးခဲ့ပြီး ပုဇွန်ကန် အများ အပြားလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကားလမ်းများနှင့် ကျေးရွာဆက် လမ်းအများအပြားလည်း ပျက်စီးခဲ့ပြီး တံတားများလည်း ရေထဲ မျောပါသွားခဲ့သဖြင့် ကျေးလက် တောရွာများသို့ ရေဘေး အကူ အညီများ အချိန်မှီ မရောက်ရှိ နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။