Saturday, April 10, 2010


ရခိုင်တွင် ကြံ့ဖွံ့ပါတီ အင်တိုက် အားတိုက် စည်းရုံးရေး ဆင်းပြီ

4/10/2010

ထွန်းထွန်း (နိရဉ္စရာ)
ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ တခု အဖြစ် မှတ်ပုံ မတင်သေးသော်လည်း ကြံ့ဖွံ့ပါတီမှာ ရခိုင်ပြည်နယ်တွင် မဲဆွယ် စည်းရုံးမူကို အင်တိုက် အားတိုက် ပြုလုပ်နေပြီ ဖြစ်သည်ဟု ကျောက်တော်နယ်က လယ်သမာကြီး တဦးက ပြောသည်။

“ကျွန်တော်တို့ ကျောက်တော် မြိုနယ်မှာ ကြံ့ဖွံ့ ပါတီက ရွာအကြီး အငယ်အလိုက် အိမ်ခြေ ၄ ဆောင်ကနေ ၁၀ ဆောင် အထိ အုပ်စုကလေးတွေ ဖွဲ့ပီး စည်းရုံးရေးမှူး တဦးစီကို တာဝန် ပေးအပ် နေပါတယ်။ သူတို့က ကျေးရွာတွေမှာ မဲဆွယ်ရန်နဲ့ မဲရရှိရေး အတွက် ဦးဆောင် လူပ်ရှားရမယ့် သူတွေ ဖြစ်ပါ တယ်။”

ထိုကဲ့သို့ ခန့်အပ်ခံရသူ ကြံ့ဖွံ့စည်းရုံးရေးမှူး တဦးကို တလကို လစာငွေ ၆၀၀၀ ထောက်ပံ့ ပေးသည်ဟု သိရသည်။

ယခု ကြံ့ဖွံ စည်းရုံး ဆင်းနေသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာများမှာ တောင်ဘွယ်၊ ရတနာပုံ၊ သံတောင်၊ ငါးဆောင်ဖက်၊ ပီထု၊ သြရမ၊ သပုံ၊ လောင်းရှည်၊ တင်းမ၊ စပါးဆိပ်နှင့် တခြား ကျေးရွာ အများအပြားတို့တွင် ဖြစ်သည်။

ကျောက်တော်မြို့နယ် သကြားစက်ကျေးရွာ သားတဦးကလည်း ကြံ့ဖွံ့ ပါတီဝင်များမှာ ဒေသအတွင်းရှိ စစ်တပ် အကူအညီ များကို ယူပြီး မဲဆွယ် စည်းရုံးနေခြင်း ဖြစ်သည်ဟု ယခုကဲ့သို့ ပြောသည်။

“ ကြံ့ဖွံ့ခေါင်းဆောင်တွေက ကျောက်တော် အခြေစိုက် ခလရ ၃၇၄ တပ်ရင်းက အရာရှိတွေနဲ့ တိုင်ပင်မူတွေ အစည်းအဝေး တွေ ခဏခဏ လုပ်ပီး ကျေးရွာကို ဆင်းလာတယ်။ သူတို့ ပါတီကို မဲရရှိရေး အတွက် စစ်တပ်က ကူညီမယ့် အနေအထား တွေကို တွေ့နေရပါတယ်” ဟု ပြောသည်။

၎င်းအပြင် ကျောက်တ်ာမြို့နယ် အတွင်း ကြံ့ဖွံ့မှ မဲရရှိရေး အတွက် ငွေကြေး အမြောက်အများ အသုံးပြုရန် အစီအစဉ်များလည်း ရှိနေသည်ဟု သူက ပြောသည်။

“ ကြံ့ဖွံ့က ဘုန်းကြီးကျောင်းတွေ အပါအ၀င် ဓမ္မာရုံ၊ ကျေးရွာ စာကြည့်တိုက် တခုစီကို ကျပ်ငွေ နှစ်သိန်းစီ ကူညီ ထောက်ပံ့ ပေးမယ်ဆိုပီး ပြောပါတယ်။ သူတို့ကို ရွာလုံးကျွတ် ထောက်ခံမဲပေးရင် စာသင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေကို ဆောက်လုပ်ပေးမယ်ဆိုပီး ကျေးရွာတွေမှာ စည်းရုံးမူတွေ လုပ်နေတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

များမကြာခင် ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမထည့်ဘဲ နေသူများကို ရွှေးကောက်ပွဲကို သပိတ်မှောက်သူများ အဖြစ် သတ်မှတ်ပြီး အိမ်ထောင်စုအလိုက် နိုင်ငံတော်၏ စည်းကမ်း ဥပဒေကို ချိုးဖေါက်သည့် ပြစ်မူဖြင့် တရားစွဲဆို အရေးယူသွားမည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်ဟုလည်း သိရသည်။

ပြည်သူများမှာ ရွှေးကောက်ပွဲကြောင့် ပြည်ပ ရေဒီယိုများမှ သတင်း ထုတ်လွှင့်မူကို ယခုအခါ ပိုမို အာရုံစိုက် နားထောင် လာကြပြီး လက်ရှိ ပြုလုပ်မည့် ရွှေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင် သပိတ်မှောက်မည်ဟူသော ကောလဟလ သတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ယခုကဲ့သို့ ခြိမ်းခြောက်မူများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရမည့် နောက်ဆုံး နေ့ရက် သတ်မှတ်

4/10/2010

စံလင်း(နိဉ္စရာ)
ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေး ပါတီ ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင် လျှောက်ထားခွင့် နောက်ဆုံး နေ့ရက်ကို ၂၀၁၀ နှစ် မေလ ၆ ရက်နေ့ အဖြစ် သတ်မှတ် လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အဆိုပါ နေ့ရက်ကို နောက်ဆုံးနေ့ အဖြစ် သတ်မှတ် ခြင်းကို ဧပြီလ ၉ ရက်နေ့က ကျေညာချက် ၁၈/၂၀၁၀ ဖြင့် ထုတ်ပြန် ကြေညာသည်။

ဧပြီလ ၉ ရက်နေ့ထိ ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့် အဖွဲ့အစည်းများမှာ (၁၆)ဖွဲ့ ရှိပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါ အဖွဲ့များမှာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရတ်တစ် ပါတီ(မြန်မာ)၊ ကရင်ပြည်သူ့ ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်(PNO)၊ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ၊ မြန်မာ့ လူဘောင်သစ် ဒီမိုကရစ်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ တအာင်း(ပလောင်) အမျိုးသား ပါတီ၊ ကရင် အမျိုးသားများ အဖွဲချုပ် ပါတီ၊ ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနှင့် “ဝ” ဒီမိုကရက်တစ် ပါတီ တို့ဖြစ်ကြသည်။

ယခုအချိန်ထိ ရခိုင်ကိုယ်စားပြု အဖွဲ့အစည်း တခုမှ မှတ်ပုံတင် လျှောက်ထားခြင်း မရှိသေးကြောင်း သိရသည်။

နအဖ စစ်အစိုးရသည် နိုင်ငံရေးပါတီများ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားရန် နောက်ဆုံး နေ့ရက်ကို ထုတ်ပြန်ကျေညာသော်လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကိုမူ ယခုအချိန်ထိ သတ်မှတ် ကျေညာခြင်း မရှိသေးကြောင်း သိရသည်။

နယ်စပ်တွင် နအဖ စစ်တပ် စခန်းချ နေထိုင်မှု အပေါ် မြန်မာ-ဘင်္ဂလာ ဆွေးနွေး

4/8/2010

မင်းအောင် (နိရဉ္စရာ)
ဘင်္ဂလာ-မြန်မာနယ်စပ်တွင် မြန်မာဘက်က စစ်သားအများအပြားကို ပြန်လည် နေရာ ချထားမူကြောင့် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်တို့ နယ်စပ်တနေရာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ ဆွေးနွေးမူကို ဧပြီလ ၄ ရက်နေ့က ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်တောင်တန်းနယ် မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိသော လိမ္မော်စရီ ကျေးရွာတွင် ပြုလုပ်ခဲ့ဟု အမည်မဖေါ်လိုသူ နစကနှင့် နီးစပ်သူ တဦးက ပြောသည်။

“ ဆွေးနွေးပွဲက နှစ်နိုင်ငံ စခန်းမှူး အဆင့် အလံတင် ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဟိုဘက် ဒီဘက် အရာရှိ ၅ ဦးစီ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

ဆွေးနွေးပွဲတွင် နယ်စပ်တစ်လျှောက် မြန်မာဘက်မှ စစ်သားများ တိုးချဲ့ချထားခြင်းသည် နိုင်ငံတကာ သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့် မညီသည့် အပြင် နယ်စပ် လုံခြုံရေးကိုပါ ထိခိုက်နိုင်သည့် အတွက် မိမိတို့အနေဖြင့် အထူး စိုးရိမ်ကြောင်း ဘင်္ဂလာဒေ့ခ်ျဘက်က တင်ပြ ဆွေးနွေးခဲ့သည်ဟု သိရသည်။

မြန်မာဘက်က စစ်သားများ ရောက်ရှိလာခြင်းမှာ နယ်စပ်တစ်လျှောက်တွင် ကာရံမည့် ခြံစည်းရိုး အတွက် ရောက်ရှိလာခြင်းပြီး စခန်းချ နေထိုင်ရန် အတွက် တပ်စခန်း တည်ဆောက်နေခြင်း မဟုတ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

ယခုအခါ မြန်မာဘက်မှ နအဖ စစ်သား ၃၀၀ ခန့်သည် နစက အမှတ် (၁) နယ်မြေ အတွင်း တည်ရှိသော မိုင်တိုင်အမှတ် ၅၂ အနီး ဒုံးညိုကျေးရွာတွင် စခန်းချ နေထိုင်ကြောင်း သိရသည်။

စစ်သားများမှာ ခမရ ၃၅၂၊ ၃၅၃နှင့် ၅၃၅ တပ်ရင်းများ ဖြစ်ကြပြီး အဆိုပါ နယ်စပ်တွင် ဆက်လက် ကာရံမည့် ခြံစည်းရိုး လုပ်ငန်း အတွက် ရောက်ရှိလာခြင်း ဖြစ်သည်။

ဒုံးညို ကျေးရွာသား တဦးကလည်း စစ်သားများရောက်ရှိလာခြင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ရွာကို စစ်သား ၃၀၀ ကျော်လောက် အခုလ ၂ရက်နေ့က စပြီး ရောက်လာ ကြပါတယ်။ ဘယ်တပ်ရင်းက ဘယ်လောက်ပါတယ် ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ သူတို့ရောက်ရှီ လာတာဟာ ခြံစည်းရိုး ဆက်လက်ကာရံဖို့ အစီအစဉ် ရှိတဲ့ အတွက် ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။”�

ယခုကဲ့သို့ နှစ်နိုင်ငံ နယ်စပ် အနီးတွင် မြန်မာဖက်မှ စစ်သား အများအပြား စခန်းချ နေထိုင်မူကြောင့် နယ်စပ် ဒေသတွင် နေထိုင်ကြသော နှစ်ဖက် ပြည်သူများ အကြားတွင်လည်း စိုးရိမ်မှုများ တိုးပွား နေသည်ဟု နယ်စပ်ဒေသမှ လာသော သတင်းများ အရ သိရသည်။

ယခုအခါ မြန်မာဘက်မှာ နယ်စပ်တလျှောက် ကာရံနေသော ခြံစည်းရိုး ကာရံမှုမှာ မောင်တော မြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း နတ်မြစ် ကမ်းခြေ တလျှောက်တွင် မိုင်တိုင်အမှတ် ၃၃ ထိ မိုင်ပေါင်း ၄၀ နီးပါး ပြီးစီး သွားပြီ ဖြစ်သည်။

ယခု တဖန် နအဖ စစ်အစိုးရမှ မောင်တောမြို့နယ် မြောက်ပိုင်း မိုင်တိုင် အမှတ် ၃၃ မှ မိုင်တိုင် အမှတ် ၅၄ ထိ ခြံစည်းရိုးကို ဆက်လက် ကာရံသွားမည်ဟု သိရသည်။

Thursday, April 8, 2010


NLD ရဲ့ဆုံးဖြတ်ချက်အပေါ် ပြည်ပရောက် ရခိုင့်နိုင်ရေးသမားများ၏ သဘောထား အမြင်

4/6/2010

မတ်လ ၂၉ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ပါတီရဲ့ ဗဟို ဦးစီးအစည်းအဝေးမှာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပါတီမှတ်ပုံ မတင်ဖို့အတွက် ပါတီဝင်တွေအနေဖြင့် တညီတညွှတ်တည်း ဆုံးဖြတ် လိုက်တဲ့ အပေါ် ရခိုင့်နိုင်ငံရေး ခေါင်းဆောင် တချို့ရဲ့ သဘောထား အမြင်တွေကို လက်လှမ်းမှီသလောက် အခုလို စုစည်း တင်ပြလိုက်ပါတယ်။

ဦးထွန်းဝင်း

ဥက္ကဌ

(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် - ပြည်ပ)

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခုလို မှတ်ပုံ မတင်ဖို့အရေးကို ကန့်ကွက်မဲ မရှိဘဲ တခဲနက် ထောက်ခံပြီး အတည်ပြု ဆုံးဖြတ်လိုက်တဲ့ အတွက် NLD ရဲ့သဘောထားဟာ ကျွန်တော်တို့ ALD ရဲ့ သဘောထားနဲ့ ထပ်တူ ဖြစ်သွားပါတယ်။ ဒါကြောင့် NLD ဆုံးဖြတ်ချက် အပေါ် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ၂၀၁၀ ရွေးကိုပွဲကို အရင်တုန်းကတည်း ဆန့်ကျင်ထားပီးသား ဖြစ်ပါတယ်။ ပီးရင် ၁၉၉၀ခုနှစ်က တရားဝင် ရွေးကောက်ပွဲ ရလာဒ်ကို နအဖစစ်အစိုးရက အသိမှတ်မပြုဘူး။ သူတို့ ထင်သလို လုပ်ထားတယ်။ ဒီအတွက် ကျနော်တို့ ALD အနေနဲ့လည်း နအဖက တဖက်သတ် စီစဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ဘူး။ ပြီးတော့ ကျနော်တို့ ALD အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်မပြင်ရင် ရွေးကောက်ပွဲ ဝင်မှာ မဟုတ်ဘူးလို့ ပြောထားပြီးသား ဖြစ်ပါတယ်။ နောက်ပြီးတော့ တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိ ရေးနဲ့ ဒီမိုကရေစီရရှိရေး အတွက်လည်း NLD နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။


ဒေါ်စောမြရာဇာလင်း

ဥက္ကဌ

(ရခိုင်အမျိုးသမီးများ အစည်းအရုံး)

အခုလို NLD က မှတ်ပုံမတင်ဖို့နဲ့ ရွေးကောက်ပွဲ မဝင်ဖို့ အတွက် တညီတညွှတ်တည်း ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာ ရခိုင်အမျိုးသမီးများအစည်းအရုံး(RWU) အနေနဲ့ဖြစ်စေ ရခိုင့်နိုင်ငံရေး အသိုင်းအဝိုင်းက အမျိုးသမီး တဦးအနေ နဲ့ ဖြစ်စေ အပြည့်အဝ ကြိုဆို ထောက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် အခု NLD ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်လို့ရှိရင် သူတို့ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သစ္စာ ဖေါက်ရာ ကျမယ်။ ပီးတော့ နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ အကျဉ်းကျခံနေရတဲ့ သူတွေ အပေါ်မှာလည်း သစ္စာဖေါက်ရာ ကျပါမယ်၊ ပြည်သူတွေ အပေါ်မှာလည်း သစ္စာဖေါက်ရာ ကျမယ်လို့မြင်ပါတယ်။ နောက်ပြီးတော့ နအဖဆီမှာ ရှုံးမယ့်အပြင် ပြည်သူ့ထောက်ခံမှုလည်း ဆုံးရှုံးသွားမှာဖြစ်တယ်။ အဲဒီအတွက်ကြောင့် NLD အနေနဲ့ ရွေးကောက်ပွဲမဝင်ဖို့ တညီတညွှတ်တည်း ထောက်ခံ လိုက်တဲ့အပေါ်မှာ ရခိုင်အမျိုးသမီးများအစည်း အရုံးအနေနဲ့ ဝမ်းသာအားရ ကျေနပ်မိပါတယ်။ နောက်တခုပြောချင်တာက နောင်အနာဂတ်မှာ NLDဟာ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်ရေး အတွက် ပြည်သူတွေဘက်က မားမား မတ်မတ် ရပ်တည်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ပီးတော့ ဒုက္ခခံစားနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဘဝကို ထပ်တူထပ်မျှ ကိုယ်ချင်းစာနာပြီးတော့ အနာဂတ်မှာ အားလုံးသော တိုင်းရင်းသားပေါင်းစုံနဲ့ တန်းတူညီ မျှတဲ့ အနာဂတ်တခုကို မှန်ကန်စွာ တည်ဆောက် နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


ဦးထွန်းဇော်

တွဲဖက်-အတွင်းရေးမှူး ၁

(ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး)

NLD အနေနဲ့ အခုလို ဆုံးဖြတ်တာကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ AASYC အနေနဲ့လည်း အသိအမှတ် ပြုပါတယ်။ ပြီးတော့ အခုလို NLDရဲ့ ဆုံးဖြတ်ချက်က NLDဟာ ၁၉၉၀ ရွေးကောက်ပွဲ ကာလကတည်းက ပြည်သူအတွက် တစိုက်တမတ် ရပ်တည်လာတဲ့ ရပ်တည်ချက်ကို နောက်ဆုံးအချိန်ထိ ရတဲ့အခွင့်အရေးကို ပြတ်ပြတ်သားသား ရပ်တည်တာလို့ ကျနော် အနေနဲ့ မြင်ပါတယ်။ နောက်တခုက NLD အနေနဲ့ အခုလို မရပ်တည်ဘူးဆိုရင် NLDရဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ ပြည်သူလူထုက တခဲနက် ထောက်ခံမှုကို တဖက်က အသိအမှတ်မပြုရာရောက်မယ့် အနေအထား ဖြစ်တဲ့ အတွက်ကြောင့် သူတို့က အသိမှတ်ပြုတဲ့အနေနဲ့ နောက်ဆုံး အနေအထားမှာ ပြတ်ပြတ်သားသား ရပ်တည်သွားတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ပြီးတော့ ဒီ ခုကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲမဟုတ်သလို နိုင်ငံတကာကလည်း အယုံအကြည်မရှိဘူးလို့ ပြောထားတာတွေရှိပါတယ်။ ပြီးရင် ဒီရွေးကောက်ပွဲမှာ ပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ၊ ပါသင့် ပါထိုက်တဲ့ လူပုဂ္ဂိုလ်တွေ မပါဝင်နိုင်တာကြောင့် ဒီရွေးကောက်ပွဲ ရလာဒ်ဟာ တိုင်းပြည်ရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် အဖြေတခုမဟုတ်ဘူး ဆိုတာကို ပြောချင်ပါတယ်။

(ကိုမင်းဆက်ခိုင် မေးမြန်းသည်)
ရခိုင်တွင် ဘတ်စ်ကား တိမ်းမှောက်၍ တဦးသေ အများအပြား ဒဏ်ရာရ

4/6/2010

မင်းဆက်ခိုင်(နိရဉ္စရာ)
စစ်တွေ- ရန်ကုန် ကားလမ်းတွင် ခရီးသည်တင် ဘတ်စ်ကား တစီး တိမ်းမှောက် သွားသဖြင့် လူတဦးသေဆုံးကာ ခရီးသည် ၁၉ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

ဧပြီလ ၃ရက်နေ့ နံနက် ၂နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ အသွား စစ်တွေ-အမ်း ကားလမ်း မိုင်တိုင် အမှတ် (၉/၀) အနီး၌ အဆိုပါ ဘတ်စ်ကားမှာ တိမ်းမှောက် သွားခြင်း ဖြစ်သည်။

တိမ်းမှောက်သွားသော ကားမှာ စစ်တွေ-ရန်ကုန် အကြား ပြေးဆွဲနေသော ရွှေကံ့ကော် အမည်ရှိ ခရီးသည်တင် ဘတ်(စ်) ကားဖြစ်သည်ဟု စစ်တွေမြို့ အဝေးပြေးကားဂိတ်မှ တာဝန်ရှိသူတဦးက အတည်ပြု ပြောကြားသည်။

၎င်းကားပေါ်တွင် ခရီးသည် ၂၀ကျော် လိုက်ပါလာပြီး အမျိုးသား တဦးသေဆုံးသွားကာ အမျိုးသား ၁၄ ဦး နှင့် အမျိုးသမီး ၅ဦး ဒဏ်ရာ ပြင်းထန်းစွာ ရရှိသွားပြီး ယခုအခါ အမ်းမြို့နယ် ပြည့်သူဆေးရုံတွင် ဆေးကုသမူ ခံယူုနေရသည်ဟု သိရသည်။

စစ်တွေ-ရန်ကုန်ကားလမ်းတွင် ရခိုင်ဘက်ခြမ်းတွင် ကားလမ်းများကို စနစ် တကျ ဖေါက်လုပ်ထားခြင်း မဟုတ်သဖြင့် မကြာခဏ ကားတိမ်းမှောက်မှုများ ဖြစ်ပ်ါနေပြီး လူအသေ အပျောက်များ မကြာခဏ ရှိနေသည်။ သို့သော်လည်း သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက တစုံတရာ ကောင်းမွန်အောင် ကားလမ်းများကို ပြုလုပ်ပေးခြင်း မရှိကြောင်း သိရသည်။

စစ်တွေမှ အမျိုးသမီး တဦးကို ရန်ကုန် စစ်တွေ ကားလမ်း အခြေအနေကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ကျမတို့ တတ်နိုင်ရင် ဒီကားလမ်းက သွားကို မသွားချင်တာ။ မတတ်သာလို့သာ သွားနေရတာပါ။ ရခိုင်ဘက်မှာဆိုရင် တနေရာမှ လမ်းကောင်းတာ မရှိဘူး။ ပြောရမှာတော့ အားနာ ပါတယ်။ ရန်ကုန် စစ်တွေလမ်းမှာ ရခိုင်ဘက်က လမ်းတွေမှာ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ သွားလို့ မရတဲ့ အဆင့်ထိ ဆိုးရွားနေပါတယ်။ ရန်ကုန်ကို သွားရင် လမ်းတလျှောက်လုံး တခုခု ဖြစ်မလား ဆိုပြီး စိုးရိမ်စိတ်တွေနဲ့ ဘုရားတပြီး သွားနေရပါတယ်။ ဗမာပြည်ဘက်ကို ရောက်မှပဲ စိတ်က နည်းနည်း အေးသွားပါတယ်။” ဟု ပြောသည်။

နအဖ စစ်အစိုးရသည် ယခုကဲ့သို့ ကားတိမ်းမှောက်မူကြောင့် မကြာခဏ လူသေမူများ ရှိနေသော်လည်း စစ်တွေ ရန်ကုန် ကားလမ်းအား တစုံတရာ ကောင်းမွန်အောင် ပြုလုပ်ခြင်း မရှိဘဲ ရခိုင်လူထုအကြား ၀ါဒဖြန့်ရန် စစ်တွေ - အမ်း - မင်းဘူး ရထားလမ်းကို မလိုအပ်ဘဲ ဖေါက်လုပ်နေသည်။

ယခုအခါ ကားမောင်းသူမှာ ထွက်ပြေး တိမ်းရှောင်နေပြီး သူ့အား ရဲက လူသေမှု အပါအ၀င် သာမာန်နာကျင်မှု/ အပြင်းအထန် နာကျင်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပထမဆုံး အကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် မလေးရှားတွင် ကျင်းပမည်

4/5/2010

ထွန်းထွန်း ( နိရဉ္စရာ)
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ပထမဆုံး အကြိမ် အဖြစ် မလေးရှားနိုင်ငံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မလေးရှားနိုင်ငံ၏ သာယာ လှပသော Port Dickson အပန်းဖြေ ကမ်းခြေတွင် ဧပြီလ ၁၄ ရက်နေ့တွင် နံနက် ၈ နာရီမှ ၆ နာရီထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း ပွဲတော် ကြီးကြပ်ရေး ကော်မတီ ARRC နာယက ဦးလှကျော်က ပြောသည်။

၎င်းပြင်သူက � ဒီနှစ် မလေးရှား နိုင်ငံမှာ ပထဆုံး အကြိမ် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပ သွားမှာ ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော် အတွင်း ရခိုင်ရိုးရာ နံ့သာသွေးပွဲနဲ့ အတူ ဘုရား ရေသပ္ပာယ် သွားမှာဖြစ်သလို ချစ်ကြည်ရေး ပင်လယ် ကမ်းခြေ ဘောလုံးပြိုင်ပွဲနဲ့ ရခိုင်ရိုးရာ ယိမ်းအကတွေ သီချင်းတွေနဲ့လည်း ဖျော်ဖြေသွားမယ့် အစီအစဉ်တွေ ပြုလုပ်ထားပါတယ်�ဟု ပြောသည်။

အဆိုပါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို မြန်မာ့ ဥယာဉ် စားသောက်ဆိုင်မှ ဦးဆောင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

� ပွဲတော်ရက် အတွင်း ကွာလာလမ်ပူ ကနေ ပွဲတော်ကျင်းပမယ့် ပင်လယ် ကမ်းခြေကို သွားလိုသူတွေ အတွက် ဘတ်စ်ကားတွေ စီစဉ်ထားပါတယ်။ ကားလက်မှတ် တစ်စောင်ကို 88 ရင်းဂစ် နုန်းနဲ့ ရောင်း ချသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ကို တက်ရောက် အားပေးတဲ့ သူတွေကိုလည်း တီရှပ် လက်ဆောင် တွေ ပေးသွားဖို့ အစီအစဉ်လည်း ရှိပါတယ်� ဟု သူကပြောသည်။

ARRC အတွင်းရေးမှူး ကိုကျော်ကျော်ဝင်းကလည်း ရခိုင်ရိုးရာ သင်္ကြန်ကို ကျင်းပရတဲ့ ရည်ရွယ်ချက် ကိုယခုကဲ့သို့ပြောသည်။

� အဓိကတော့ မလေးရှားမှာ တိုင်းပြည်နဲ့ ဝေးနေကြရတဲ့ ရခိုင်အမျိုးသား နှစ်သောင်းကျော်ခန့် ရှိမယ် ထင်ပါတယ်။ သူတို့တွေအတွက် ရည်ရွယ်ပီး မလေးရှားမှာ ရခိုင်ရိုးရာ သင်္ကြန်ကို ကျင်းပရတာ ဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေ အနေနဲ့ ရောက်တဲ့ အရပ်မှာ မိမိရိုးရာ ယဉ်ကျေးမူ အစဉ်အလာတွေကို မေ့ပျောက် မသွားအောင်နဲ့ ရခိုင်ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေကို လက်ဆင့်ကမ်း ထိမ်းသိမ်းနိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာ ဖြစ်ပါတယ်။�

ပထမဆုံး အကြိမ်ကျင်းပသော မလေးရှား ရခိုင်သင်္ကြန်ကို အနည်းဆုံး ရခိုင် အမျိုးသား ၄၀၀ ထက်မနည်း တက်ရောက်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

မလေး ရခိုင်သင်္ကြန်ပွဲတော် အတွက် အနည်းဆုံး မလေးရှား ရင်းဂစ် ၁၀၀၀၀ အသုံးပြုသွားရန် စီစဉ်ထားသည်ဟု ရခိုင်သင်္ကြန် ကျင်းပရေး ကော်မီတီ အဖွဲ့၏ သတင်းအရ သိရသည်။

Saturday, April 3, 2010



ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

4/4/2010

စံလင်း(နိရဉ္စရာ)
ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)မှ ကြီးမှူး၍ သတ္တမအကြိမ်မြောက် ရန်ကုန် ရခိုင်ရိုးရာ သင်္ကြန် ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်ရောက် ရခိုင်သူ ရခိုင်သားများ စုပေါင်း၍ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရန် စီစဉ်ထားပြီး ရန်ကုန်တွင် ရခိုင် သင်္ကြန် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင် တဦးဖြစ်သူ ဒေါ်စောခင်တင့်က နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသည်။

“ ဒီရန်ကုန်မှာ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ကျင်းပတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင့်ရိုးရာအစဉ်လာကို မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းရေး၊ နောက်ပီး မျိုးဆက် ရခိုင် မောင်မယ်တွေ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိမ်းသိမ်း စောင့်ရှောက်ရေးနဲ့ ရခိုင့် ယဉ်ကျေးမှု ပိုမိုထွန်းကားလာစေရေး ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်။”

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၂ရက်နေ့ ညနေ ၃ နာရီတွင် ရခိုင့်ရိုးရာ အစဉ်လာ အတိုင်း နံသာသွေးပွဲကို ရေလာင်း မဏ္ဍပ်ဝင်မည့် ရခိုင်မောင်မယ်များနှင့် ကျင်းပမည်ဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့တွင် အသင့် သွေးထားသော နံသာရေများဖြင့် ဘုရား ရေသပ္ပယ် ပူဇော်ပြီးကန်တော့ကြမည် ဖြစ်သည်။

“သင်္ကြန် ရေသဘင်ပွဲကိုတော့ ဘုရား ရေသပ္ပါယ်ပြီးတဲ့နောက် ရခိုင်ရိုးရာ အကပဒေသာတွေနဲ့ ရခိုင် တေးဂီတ အစီအစဉ်တွေနဲ့ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဒေါ်စောခင်တင့်မှ ပြောသည်။


ရခိုင်ရိုးရာ ရေကစားပွဲတော်ကို ဧပြီလ ၁၄ ရက်နေ့မှ ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့ထိ ကစား ကြမည် ဖြစ်သည်။

“ဒီနှစ်ကတော့ ရခိုင်မြို့နယ် ကိုယ်စားပြု အသင်းတွေ၊ မြို့နယ် အသင်းတွေ နဲ့ လူမှုရေး အသင်းတွေကို ကိုယ်စားပြုတဲ့ မဏ္ဍပ် ၁၄ ခုထိ ပါဝင် ပီး ရေကစားကြပါလိမ့်မယ်။ လူပေါင်း သောင်းချီပြီး ပါဝင်ဆင်နွှဲကြလိမ့်မယ်လို့ မျှော်လင့် ရပါတယ်” ဟု သူမက ပြောသည်။

ယခုအခါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပမည့် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူကွင်းတွင် အလျား ၅၀ ပေနှင့် အနံ ၂၅ပေ အကျယ်အ၀န်းရှိသော ရေပက် ကစားမည့် မဏ္ဍပ်များကို ဆောက်လုပ်နေပြီး မဏ္ဍပ်ထဲတွင် ထားရှိမည့် ပေ ၄၀ အရှည်ရှိ လောင်းလှေ များကိုလည်း တည်ဆောက်နေပြီ ဖြစ်သည်။

ယခုနှစ် ရခိုင် သင်္ကြန်ပွဲတော်တွင် နာမည်ကြီး ရခိုင်အဆိုတော် ဖြစ်ကြသော ကိုဝင်းကိုခိုင်၊ ကိုသန်းမောင်၊ ဓညဝတီ ကိုလှသိန်း ၊ နိုင်ငံကျော် သရုပ်ဆောင်များဖြစ်ကြသော နေထက်လင်းနှင့် ဘုန်းလျှံ အပါအ၀င် တခြား အနုပညာရှင်များနှင့် ရခိုင် အဆိုတော်များ လာရောက် ဖြေဖျော်ရန် အစီစဉ် ရှိသည်။

ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွင် ရခိုင်လူမျိုးများ သာမက တခြား မြန်မာ့ တိုင်းရင်းသားများလည်း ပါဝင် ဆင်နွဲကြပြီး အစိုးရ အရာရှိများ၊ နိုင်ငံခြားသားများလည်း ပါဝင် တက်ရောက် အားပေးကြသဖြင့် နှစ်စဉ်နှစ်တိုင်း ရန်ကုန် ရခိုင်သင်္ကြန်ပွဲတော် အထူးစည်းကားသည်ဟု သိရသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရခိုင်စာပေနှင့် ယာဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ ကြီးမှူးပြီ ရန်ကုန်ရောက် ရခိုင်သူ ရခိုင်သားများမှ ၂၀၀၄ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ စတင်ကျင်းပခဲ့သည့် ၂၀၀၄ ခုနှစ်က ရေကစား မဏ္ဍပ်က ၇ ခုသာ ပါဝင်ခဲ့သည်။ ယခုအခါ ရခိုင်တပြည်နယ်လုံး အတိုင်းအတာဖြင့် ပါဝင်လာခဲ့သဖြင့် ရေကစား မဏ္ဍပ်မှာ ၁၄ ခုထိ များပြားလာကြောင်း သိရသည်။

ပင်လယ်ပြင် ငါးဈေးကွက်ကြောင့် ရခိုင် နယ်စပ်တွင် ငါးရှားပါး

4/3/2010

မင်းအောင် (နိရဉ္စရာ)
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ် ပင်လယ်ပြင် ငါးဈေးကွက်ကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့ ဈေးများတွင် ငါးများ အ၀င်နည်းပါးနေသည်ဟု သတင်းရရှိသည်။

မောင်တောမြို့မှ အိမ်ရှင်မ တဦးက “ ခုတလော မောင်တောဈေးမှာ လိပ်ကျောက်ကလွဲပြီး ငါးအ၀င် နည်းနေတာကို တွေ့နေရပါတယ်။ ဒါကြောင့် ငါးလိပ်ကျောက် တပိသာကို ကျပ် ၁၅၀၀ ထိ ပေးဝယ် နေကြရပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ မောင်တောဈေးသို့ ငါးများ အ၀င်နည်းပါးနေခြင်းမှာ မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရေပြင်အတွင်း ငါးဈေးကွက် တခု ပေါ်ပေါက်နေ၍ ဖြစ်သည်ဟု ငါးလုပ်ငန်းရှင် တဦးက ပြောသည်။

“ ငါးတွေကို ပင်လယ်ထဲမှာ ရောင်းလို့ ရပါတယ်။ ဘင်္ဂလာဒေခ်ျ့က ငါးဖမ်းဘုတ်တွေက ၀ယ်ယူနေတာ ဖြစ်ပါတယ်။ အပင်ပမ်းခံပီးလည်း မောင်တောထိ ယူလာစရာ မလိုဘူး။ အမြတ်ကလည်း တပြန် နှစ်ပြန်ရနေတော့ မြန်မာ ငါးဖမ်းသမားတွေက ငါးတွေကို ပင်လယ်ထဲမှာဘဲ တခါတည်း ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။”

ပင်လယ်ပြင်တွင် ငါးထွက်ဖမ်းနေသည့် အလယ်သံကျော်မှ ငါးဖမ်း ဘုတ်ပိုင်ရှင် တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ ပင်လယ်ပြင်ထဲမှာ ဘင်္ဂလာဒေ့ခ်ျက ဘုတ်တွေကို တိုက်ရိုက် ရောင်းရတာက ကျွန်တော်တို့ အတွက် ပိုကောင်းပီး ပိုတွက်ခြေကိုက် ပါတယ်။ ဘာဖြစ်လို့ဆိုတော့ အယင်ကလို ရလာတဲ့ ငါးတွေကို ကမ်းကို တခေါက် လာပို့ စရာ မလိုတော့ပါဘူး။ အဲဒီမှာဘဲ ရောင်းလိုက်တော့ ဆီစရိတ်လည်း အကုန် သက်သာသွားတယ်။ အသွားအပြန် လုပ်စရာ မလိုဘဲ ပင်လယ်ထဲမှာ ငါးပြန်ဖမ်းလို့ ရတယ်။ ဒါကြောင့် ကျွန်တော်တို့ အတွက် ပိုအဆင်ပြေသွားပါတယ်။”

ယခုအခါ မောင်တောမြို့တွင် ငါးအ၀င်နည်းပါး နေသောကြောင့် ငါးကောင်းများ ဈေးမှာ အထူး မြင့်တက်နေပြီး သာမန် ငါးလိပ်ကျောက် တစ်ပိဿာကို ကျပ်ငွေ ၁၅၀၀၊ ပလာတူးငါး တစ်ပိဿာကို ကျပ်ငွေ ၁၅၀၀ ဈေးရှိနေသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ခ်ျ ငါးကုန်သည်များ အနေဖြင့် ပင်လယ်ပြင်မှ ၀ယ်ယူရရှိသော မြန်မာ့ ငါးများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ မြို့ကြီး နှစ်မြို့ ဖြစ်သော စစ်တကောင်းနှင့် ဒက္ကားမြို့ များသို့ ရေခဲရိုက်ပြီး တိုက်ရိုက် တင်ပို့နေကြဟု သိရသည်။

ဘင်္ဂလာဒေ့ခ်ျ ငါးကုန်သည်များသည် မြန်မာ့ ငါးဖမ်းသမားများထံမှ ငါးများကို ၀ယ်ယူနေသည် သာမက ကော့စ် ဘဇား ခရိုင် အတွင်းရှိ ပင်လယ်ပြင်တွင်လည်း လိုက်လံ ၀ယ်ယူနေသဖြင့် ယခုအခါ ကော့ဘဇား ဈေးကြီးတွင်လည်း ငါးများ ၀င်ရောက်မူ နည်းပါးနေသည်ဟု သိရသည်။
မတ်လအတွင်း ရခိုင် နိုင်ငံရေး ပါတီ တပါတီမှ မှတ်ပုံတင်ခြင်း မရှိသေး

4/2/2010

စံလင်း (နိရဉ္စရာ)
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မတ်လအတွင်း နိုင်ငံရေး ပါတီ ၅ ခု မှတ်ပုံ တင်ခဲ့သော်လည်း ရခိုင် နိုင်ငံရေး ပါတီ တခုတလေမှ မှတ်ပုံတင်ခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ရခိုင်နိုင်ငံရေး သမား ဦးညိုက “ ရခိုင် နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်တော့မယ် ဆိုပီး သတင်းတွေ ထွက်နေတာတော့ ကြာပါပြီ။ ဒါပေမယ့် ရွှေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်တာတော့ ခုချိန်ထိ မတွေ့ရသေးပါဘူး” ဟု ပြောသည်။

မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်လျှက် ရှိနေရာ မတ်လ ၃၁ ရက်နေ့ထိ ပါတီ ၅ ပါတီသာ ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ပါတီများမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ နှင့် ကရင်ပြည်သူ့ ပါတီ တို့ဖြစ်ကြသည်။

နိုင်ငံရေး ပါတီများ အနေဖြင့် ဆက်လက် ရပ်တည် လူပ်ရှား လိုပါက ဥပဒေ စတင်ပြဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း လျောက်ထားရမည်ဖြစ်ကြောင်း ရွှေးကောက်ပွဲ ကော်မရှင်က ကျေညာ ထားသည်။

“ရခိုင်က ခုတခေါက် ရွှေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေကတော့ မရှိသလောက်ပါဘဲ။ နိုင်ငံရေး ပါတီ ဖွဲ့မယ်ဆိုတဲ့ အထဲမှာ နအဖ စစ်အစိုးရ လိုလားတဲ့ ပါတီတွေက များနေတာကို တွေ့ရပါတယ်။ သာမန် လွတ်လပ်တဲ့ နိုင်ငံရေး ပါတီက မရှိသလောက်ပါဘဲ” ဟု ဦးညိုက ပြောသည်။

ယခုအခါ ကြံ့ဖွံ့ ရခိုင်ပြည်နယ်ကို ဖွဲ့စည်းရန် စီစဉ်နေပြီး အဆိုပါ အဖွဲ့ကို ကြံ့ဖွံ့ ရခိုင်ပြည်နယ် စည်းရုံးရေးမှူး တာဝန်ခံ တပ်မတော် အငြိမ်းစား အရာရှိဟောင်း ဦးကျော်ဇံလှက ဦးဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

တခြား ရခိုင်ပါတီ တခုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု ( ရခိုင် ပြည်နယ်) တို့ ဖြစ်သည်။အဆိုပါ အဖွဲ့ကို ဦးအေးကြိုင်က ဦးဆောင်မည် ဖြစ်သည်။

တခြား လူငယ် တဦးကလည်း “ စစ်တွေမြို့မှာတော့ ရွှေးကောက်ပွဲဟာ မတရားဘူးဆိုတာကို ပြောနေကြပါတယ်။ လက်ရှိ အချိန်မှာတော့ ရခိုင်တွေ အများစုပါတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) ကို စိတ်ဝင်စားတဲ့သူ များနေပါတယ်” ဟု ပြောသည်။

၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ရွေးကောက်ပွဲမဝင်ကြောင်း မတ်လ ၂၉ရက်နေ့က တရားဝင်ကြေငြာထားသလို ရခိုင်ပြည်နယ်တွင် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲက အမတ် ၁၁ နေရာဖြင့် အနိုင် ရရှိခဲ့သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ မပြင်လျှင် ရွှေးကောက်ပွဲ မ၀င်ဟု သိရသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး နအဖ စစ်အစိုးရမှ မဖျက်သိမ်းဘဲ ထားခဲ့သော ပါတီ ၁၀ ခု သာရှိခဲ့သည်။ ထိုအထဲမှ ပါတီ အများစုမှာ ရွှေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် အခြေအနေ မရှိကြောင်း ပြည်တွင်းထဲမှ လာသော သတင်းအရ သိရသည်။

အဆိုပါ ပါတီများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးပါတီ၊ ပြည်ထောင်စု ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို(ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့၊ '၀' အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ နှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ ဖြစ်ကြသည်။


ကမ်းမမြင်ရတဲ့ မနက်ဖြန်များစွာ
အောင်သက်ဝိုင်း Wednesday, March 24, 2010
ရန်ကုန်ရဲ့ အချက်အချာကျ နေရာတခုဖြစ်တဲ့ လှည်းတန်း မီးပွိုင့်မှာ ကိုယ်ပိုင်ကားတွေ၊ လိုင်းကားတွေ၊ သွားလာနေကြတဲ့ လူတွေနဲ့ ရှုပ်ရှက်ခတ် နေတယ်။

[ပညာမသင်ရဘဲ သီချင်းဆို တောင်းရမ်းနေရတဲ့ တောင်ဒဂုံက ကလေးမောင်နှမ (ဓာတ်ပုံ - ဧရာဝတီ)]

ပညာမသင်ရဘဲ သီချင်းဆို တောင်းရမ်းနေရတဲ့ တောင်ဒဂုံက ကလေးမောင်နှမ (ဓာတ်ပုံ - ဧရာဝတီ)
မီးပွိုင့် စိမ်းလိုက်တာနဲ့ ရပ်နေတဲ့ ကားတွေက စက်ရှိန်မြှင့်ပြီး မီးပွိုင့်ကို ဖြတ်ကျော် ကြပါတယ်။ အရှိန်ဟုန် ပြင်းပြင်း မောင်းနှင်နေတဲ့ ကားတွေ ကြားမှာ အမျိုးသမီးငယ် တဦးကတော့ အန္တရာယ်ကို ဂရုမမူဘဲ လသား အရွယ် ရင်ခွင်ပိုက် ကလေးငယ် တဦးကို ချီလို့ လူးလာခေါက်ပြန် လမ်းလျှောက် နေတယ်။

ကလေးငယ်ရဲ့ ခြေထောက် တချောင်းက ဒူးဆစ်ကနေ ပြတ်နေပြီး ပတ်တီး တစနဲ့ ချည်နှောင်ထားတယ်။ ကလေးငယ်က အမျိုးသမီးရဲ့ ရင်ခွင်ကြားမှာ ဘောင်းဘီ၊ အင်္ကျီမပါ ကိုယ်တုံးလုံးနဲ့ အိပ်ပျော် နေပါတယ်။ အမျိုးသမီး ကတော့ စုတ်ပြတ်နေတဲ့ အနက်ရောင် တီရှပ်နဲ့ အ၀ါရောင် ခပ်ညစ်ညစ် ထဘီကို ၀တ်ဆင်ထားတယ်။ ပြဲစုတ်နေတဲ့ နီညိုရောင်လွယ်အိတ်တလုံးကိုလည်း သူ့ ပခုံးပေါ်မှာ စလွယ်သိုင်း အနေအထားနဲ့ တွေ့ရတယ်။


“ကိုကို၊ မမတို့ရယ် ကျမတို့သားအမိ ခိုကိုးရာမဲ့လို့ ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနား ကြပါ” လို့ အော်နေတဲ့ အမျိုးသမီးရဲ့ အသံကို ကားစက်သံတွေ ကြားကနေ ကြားနိုင်ပါတယ်။

သူ တကယ်ပဲ ခိုကိုးရာမဲ့လို့ တောင်းရမ်းနေတာလား၊ ဒါမှမဟုတ် ကလေးငယ်ကို ဗန်းပြ လိမ်ညာတောင်းရမ်း စားသောက် နေတာလား ဆိုတာ သေချာမသိနိုင်ပေမယ့် လမ်းသွား လမ်းလာတွေက သူ့ကို အရေးတယူ သတိထားခြင်းမရှိသလို၊ သနားကြင်နာ ကရုဏာသက်တဲ့ အမူအရာမျိုးလည်း မမြင်ရပါဘူး။ ဒီလို တောင်းရမ်း စားသောက်နေကြရတဲ့ မြင်ကွင်းတွေက ရန်ကုန်သူ ရန်ကုန်သားတွေအတွက် နေ့စဉ်မြင်နေကျ၊ မရိုးတော့တဲ့ မြင်ကွင်းတွေပါ။

တနေ့တခြား ကျပ်တည်းလာတဲ့ စားဝတ်နေရေး အခက်အခဲအတွက် မငတ်အောင် ရုန်းကန် နေရသူတွေ အများစုနေထိုင်ရာ ရန်ကုန်မှာ တောင်းရမ်းစားသောက်သူ အရေအတွက် တိုးပွားနေတာကို မြင်ရပါတယ်။

လှိုင်မြို့နယ် အတွင်းက ကတ္တရာလမ်းမကြီး တခုပေါ်မှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် ၈ နှစ် အရွယ်ကောင်လေးတို့ ၂ ဦးဟာ ငုတ်တုတ်ထိုင်ပြီး သူတို့လည်ပင်းကြောတွေ ထောင်လာတဲ့အထိ သီချင်းတွေ ဟစ်အော်နေပါတယ်။

ခေါင်းကိုမော့၊ မျက်လုံးလေးတွေ မှိတ်ပြီး သီချင်းကိုသီဆိုနေတဲ့ မိန်းကလေးငယ်ရဲ့လက်မှာ ကိုင်ထားတဲ့ ၀ါးကျည်တောက် အတို၊ အရှည်နှစ်ခုကို ကတ္တရာလမ်းမပေါ် ဆောင့် ဆောင့် တီးခေါက်လို့ စည်းချက်ညီညီ စူးရှတဲ့ အသံလေးတွေနဲ့ သီဆို နေကြတယ်။
သူတို့ရှေ့မှာ အစိမ်းရောင် ပလတ်စတစ် ခွက်ကလေး တလုံးချထားတယ်။ သီချင်းဆိုပြီး ပိုက်ဆံ လိုက်လံ တောင်းရမ်းနေတဲ့ ကလေးငယ်လေးတွေပါ။

“…. ချိုပြုံးရွှင်သော နှမပျိုငယ်၊ တကိုယ်လုံးပင်ချော အလှပိုတယ်။ မြို့မနဲ့ တမိတည်း ဖွားလို့ ဆိုတော့မယ်ကွယ်….” အစရှိတဲ့ နာမည်ကျော် မန်းတောင်ရိပ်ခို သင်္ကြန်သီချင်းက ကလေးငယ်နှစ်ဦးရဲ့ နှုတ်ခမ်းဆီကနေ
ပျံ့လွင့်လာနေတယ်။ ပျော်ရွှင်စရာ မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန် သီချင်းဖြစ်ပေမယ့် ကလေးငယ်တွေ သီဆိုနေပုံက ကြားရသူတိုင်း ၀မ်းနည်းစရာ ကောင်းလှပါတယ်။

“သမီးအဖေက သေသွားပြီ။ အမေက ဟိုးအဝေးကြီးမှာနေတယ်။ သမီး ကျောင်းမနေဖူး ပါဘူး။ သမီးတို့ မောင်နှမအားလုံး ငါးယောက်ပါ။ အဘွားနဲ့နေတယ်။ အဘွားဆိုတာ သမီးအမေရဲ့ အမေပေါ့။ အဘွားက ဟင်းရွက်ရောင်းတယ်။ အခုအဘွား နေမကောင်းဘူး” လို့ မိန်းကလေးက ပြောပြတယ်။

ဒီ ကလေးနှစ်ဦးဟာ နေ့စဉ် တောင်ဒဂုံကနေ မနက် ၈ နာရီကတည်းက ထွက်လာပြီး ရန်ကုန်မြို့ နေရာအနှံ့ လှည့်လည်၊ သီချင်းဆို တောင်းရမ်းကြပါတယ်။ သူတို့ အိမ်ပြန်ရောက်တဲ့ အချိန်က ပုံမှန်မရှိ ပါဘူး။ ကလေးငယ်နှစ်ဦးရဲ့ နေ့စဉ်တောင်းရမ်းလို့ရတဲ့ ၀င်ငွေက ကျပ် ၂၀၀၀ ကျော်ဆိုပေမယ့် သူတို့အားလုံးအတွက် လုံလောက်တဲ့ ဝင်ငွေမဟုတ်ဘူးလို့ ဆိုပါတယ်။

ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ အရပ်ရပ်မှာ ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်း စားသောက်နေရတဲ့ ကလေးတွေ၊ အရွယ်နဲ့မမျှအောင် အလုပ်ကြမ်း လုပ်ကိုင် စားသောက်နေရတဲ့ ကလေးတွေ၊ လမ်းမတွေပေါ်မှာ လေလွင့်ရင်း လမ်းပျောက်နေရတဲ့ ကလေးတွေ မြောက်မြားစွာ ရှိနေပါ တယ်။ အဲဒီလို ကလေးတွေအပြင် လမ်းမတွေပေါ်မှာ သနားစရာ၊ ကြေကွဲစရာ ဘ၀ဇာတ်လမ်းတွေနဲ့ ပုံစံ အမျိုးအမျိုး တောင်းရမ်း စားသောက်နေကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဒုက္ခိတတွေလည်း မနည်းလှပါဘူး။

ခက်ခဲကြမ်းတမ်းစွာ အသက်မွေး ၀မ်းကြောင်းနေရတာကြောင့် သက်ကြီးရွယ်အိုတွေကို သားသမီး၊ ဆွေမျိုးတွေနဲ့ မိသားစုဝင်တွေက ဂရုမစိုက်နိုင် ကြတော့သလို သက်ကြီးရွယ်အိုတွေ လမ်းမတွေပေါ်မှာ တောင်းရမ်း စားသောက် နေကြတာကိုလည်း လမ်းသွား လမ်းလာတွေက ဖေးမကူညီတာမျိုး အရင်ကထက် နည်းပါးလာပါတယ်။

အလုပ်ရှားပါးပြီး မိသားစုတိုင်း အဆင်မပြေကြတာ အများစုမို့ မြန်မာ ပြည်သူတွေအနေနဲ့ တောင်းရမ်းသူတွေကို သနားဖို့ မတတ်သာတဲ့ အခြေအနေမှာ ဆိုက်ရောက် နေတယ်လို့ဆိုရင် မမှားပါဘူး။

“တောင်းတဲ့ သူတွေက နေရာတိုင်းမှာရှိနေတာ။ ဒါတွေကို လိုက်ပြီး ငွေထည့်ရမယ်ဆိုရင် စည်းစိမ်သာ ပြုတ်သွားမယ်။ ပြီးတော့ အကြွေကလည်း တအားရှားတယ်။ တကယ်ကို တောင်းရမ်းသူတွေကို ငွေလှူချင်ရင် တထောင်တန်၊ ငါးရာတန် လှူရမလို ဖြစ်နေတယ်။ ကိုယ်တောင် အနိုင်နိုင် ရုန်းကန်နေရတာ ငါးရာ၊ တထောင်လည်း မလှူနိုင်ဘူး” လို့ ရန်ကုန်သား တဦးက ဆိုတယ်။

မြန်မာနိုင်ငံသားတွေက တောင်းရမ်းသူတွေကို မပေးနိုင်ကြတော့ဘူး ဆိုတဲ့အခြေအနေမှာတောင် တနေကုန် နေရာအနှံ့ ခြေတိုအောင် လှည့်လည် တောင်းရမ်းရင် အနိမ့်ဆုံး နေ့စားဝန်ထမ်းတယောက်ရဲ့ လုပ်ခထက်တော့ ပိုရနေသေးတယ်လို့ တောင်းရမ်းစားသောက် သူတွေဆီက ကြားသိရပါတယ်။

ရန်ကုန်မြို့မှာ တောင်းရမ်းစားသောက် သူတွေ ပပျောက်အောင် မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက စည်ပင်မှာ အလုပ်ပေးမယ်၊ နေစရာပေးမယ် ဆိုတာမျိုးတွေ ပြောခဲ့ပါတယ်။ ဒါပေမယ့် စည်ပင်အလုပ်ရဲ့ ဝင်ငွေက တောင်းစားတဲ့ ဝင်ငွေကို မမီလို့ လုပ်ချင်သူတွေ နည်းပါးတယ်လို့ သိရတယ်။ တောင်းရမ်း စားသောက် သူတွေကို ဖမ်းဆီးတာမျိုး လုပ်နေပေမယ့်လည်း ပပျောက်မသွားပါဘူး။

“သူတောင်းစားတွေ တိုးလာတာက အစိုးရမှာ အဓိက တာဝန်ရှိတယ်။ လူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးရမယ်၊ ပညာတတ်အောင် သင်ပေးရမယ်၊ အိုမင်းမစွမ်းတော့တဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရမယ်။ ဒါတွေ အားလုံးက အစိုးရတရပ် လုပ်ရမယ့် တာဝန်တွေ။ အစိုးရက ဒီတာဝန်တွေပျက်ကွက်လို့ လမ်းတွေပေါ်မှာ တောင်းရမ်းတဲ့ ကလေးတွေ၊ မသန်စွမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေ၊ ပြည့်တန်ဆာတွေ များလာတာပါပဲ” လို့ ပြည်တွင်း သတင်းစာ ဆရာကြီး တဦးက ပြောပါတယ်။

လှည်းတန်း မီးပွိုင့်မှာ တောင်းရမ်းနေတဲ့ သားသည်မိခင် အမျိုးသမီး၊ တောင်ဒဂုံက သီချင်းဆို ပိုက်ဆံ တောင်းရမ်းတဲ့ ကလေး မောင်နှမ၊ သားသမီးတွေက မထောက်ပံ့နိုင်လို့ လမ်းပေါ်မှာ တောင်းစားနေရတဲ့ အိုမင်းမစွမ်းသူတွေနဲ့ လမ်းမပေါ်မှာ လေလွင့်နေရတဲ့ မြန်မာနိုင်ငံသားပေါင်း မြောက်မြားစွာဟာ မနက်ဖြန်များစွာကို အလင်းရောင်မဲ့၊ မျှော်လင့်ချက်မဲ့ ဘ၀နဲ့ပဲ ဆက်လက် ရှင်သန်နေရဦးမယ် ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့၊ လက်တွေ့ကျတဲ့ အမှန်တရားတခုပါ။

Thursday, April 1, 2010


မန်မာမှ တင်သွင်း လာသည့် မူးယစ်ဆေးဝါးများ ဘင်္ဂလာတွင် ဖမ်းဆီးရမိ

3/30/2010

မောင်အေး (နိရဉ္စရာ)
မြန်မာနိုင်ငံမှ တရားမ၀င် တင်သွင်းလာသည့် မူးယစ်ဆေးဝါး အများအပြားကို ဘင်္ဂလာ အာဏာပိုင်များက နယ်စပ်တွင် တနင်္ဂနွေနေ့က ဖမ်းဆီး လိုက်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလ ပေါက်ဈေး တန်ဖိုးမှာ တာကာငွေမှာ ၁ ကုဋေ ကျော်ဖိုး ရှိပြီး ဖမ်းဆီးရမိသည့် ပစ္စည်းများမှာ ဘိန်းဖြူ၊ ကိုကင်း၊ အရက်နှင့် စိတ်ကြွဆေးဝါးများ ဖြစ်သည်။

၎င်းမူးယစ်ဆေးဝါးများကို တနေ့တည်းတွင် နေရာ သုံးနေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘင်္ဂလား ရိုင်ဖယ် တပ်ဖွဲ့မှ သတင်း အရ တက်ကနက်မြို့မှ စစ်တကောင်း သို့သွား သည့် S.Alam ကုမ္ပဏီပိုင် ခရီးသည်တင် ဘတ်စ်ကား တစီးကို စစ်တကောင်းမြို့အ၀င် ကော်ရနဖူလ်းလီ တံတားတွင် ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ၁ ကီလို ဒဿမ ၄ ဂရမ်နှင့် ကိုးကင်း ၁ ကီလို ဒဿမ ၁ ဂရမ်းကို ဖမ်းဆီး ရမိသည်။

ဖမ်းဆီးမူကို ဒုတိယ ဗိုလ်မှူးကြီး မိုဟာမတ်ဟောဆန်းမှ ဦးဆောင်ခဲ့သည်ဟု ရဲက ပြောသည်။

အဆိုပါ နေ့တွင်ပင် ယာဘားဆေးပြား ၂၀၀ ကို မူးယစ် ရောင်းဝယ် ဖေါက်ကားသူ နှစ်ဦးနှင့် အတူ တက်ကနက်မြို့ရှိ ဟာဘိရ်ပါရာ တည်းခိုခန်းမှ ဘင်္ဂလာဒေခ်ျ့ တန်ပြန် ဒုစရိုက် နှိမ်နှင်းရေး အမှတ် (၇) RAB အဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ မိုဟာမတ် တေလ်ယက် (၂၂)နှစ်နှင့် ကောစ့်ဘာ ဇားမြို့ ချောမီ တီပါရာတွင် နေထိုင်သည့် မြန်မာနိုင်ငံသာ ဆာဟေလ် အာမတ်(၂၈) နှစ်တို့ဖြစ်သည်။

တက်ကနာမြို့နယ် ဟာဘိရ်ပါရာမှ အဆိုပါနေ့တွင် မြန်မာနိုင်ငံမှ တင်သွင်းလာသည့် အရက်မျိုးစုံ ပုလင်းပေါင်း ၂၆၉ ပုလင်းကို ဘင်္ဂလာရဲက ဖမ်းဆီးခဲ့သည်။

ရခိုင် လူငယ်၁၁ ဦး အမှုကို ကြားနာခွင့် ရရန် တရားရုံးထံ မိသားစုဝင်များ လျှောက်ထား တောင်းဆို

3/30/2010

ခိုင်ခိုင်စံ(နိရဉ္စရာ)
အင်းစိန်ထောင်တွင် စစ်ဆေးခံနေသော ရခိုင်လူငယ် ၁၁ဦး၏ မိသားစုများမှ အမူစစ်ဆေးရာတွင် တက်ရောက် ကြားနာခွင့် မရဘဲ ဖြစ်နေသဖြင့် သူတို့အား တက်ရောက်ကြားနာခွင့် ပြုရန် တရားရုံးထံ တင်ပြ တောင်းဆိုလိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ တောင်းဆိုမူကို သူတို့ကိုယ်စား အမူအား လိုက်ပါ ဆောင်ရွက်နေသူ ရှေ့နေ ဦးကျော်ဟိုးမှ မတ်လ ၂၉ ရက်နေ့က တင်ပြ တောင်းဆို လိုက်သည်။

ရှေ့နေ ဦးကျော်ဟိုးမှ အမူသည် တယောက်ကို မိသားစု နှစ်ဦးစီ တက်ရောက် ကြားနာခွင့် ပြုရန် တောင်းဆိုခဲ့ပြီး သူတို့အနေဖြင့် တခြား အမူသည်များနည်းတူ ကြားနာခွင့် ရသင့်ကြောင်း ဦးကျော်ဟိုးက တင်ပြခဲ့သည်ဟု သိရသည်။

တခြားအမူသည်များ၏ ဆွေမျိုးမိသားစုများကို အင်းစိန်ထောင်တွင် အမူ စစ်ဆေးစဉ် ကြားနာခွင့် ပြုသော်လည်း ရခိုင်လူငယ် ၁၁ ဦး၏ မိသားစုများ၏ ကြားနာခွင့်ကို တရားရုံးမှ ပိတ်ပင်ထားသည်။

ဦးကျော်ဟိုး၏ ကြားနာခွင့် တောင်းဆိုမူကို လာမည့် ဧပြီလ ၅ ရက်နေ့တွင် တရားရုံးမှ ဆုံးဖြတ်ပေးမည်ဟု သိရသည်။

မတ်လ ၂၉ ရက်နေ့က ရခိုင်လူငယ် ၁၁ ဦးအား အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင် တရားရုံးတွင် တရား သူကြီး ဦးမြင့်စန်းက စစ်ဆေးခဲ့စဉ်အတွင်း ဦးကျော်ဟိုးမှ ထိုသို့ တင်ပြ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သူတို့ ၁၁ ဦးအား ဖောက်ခွဲမှု၊ နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် အသင်းနှင့် ဆက်သွယ်မှု စသော ပုဒ်မများ အပါအ၀င် အမှုပေါင်း ၅ ခုဖြင့် တရား စွဲဆို ထားပြီး ထိုအထဲမှ ဖောက်ခွဲပစ္စည်းများဖြင့် ပတ်သက်သော အမှု ၂မှုကိုသာ အဓိကထားစစ်ဆေးခဲ့သည် ဟုသိရသည်။ အမူစစ်ရာတွင်လည်း တရားသူကြီးမှ အမှုစစ်ရဲ ဦးကျော်ရင် တဦးတည်း ကိုသာ စစ်ဆေးသည်ဟု သတင်း ရရှိသည်။

ရခိုင်လူငယ်များ ဖြစ်ကြသည့် ကိုကျော်ဇောထွန်း၊ ကိုခင်မောင်ဌေး၊ ကိုကျော်ဆန်းလိုင်၊ ကိုဇော်ထွန်းဦး၊ ကိုကျော်မိုး၊ ကိုကျော်ဝင်း၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး (မဲလုံး)၊ ကို မောင်နိုင်စိုး၊ ကိုကျော်စံသိန်း၊ ကိုအောင်မိုးဇော် တို့ ၁၁ဦးအား ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ပြည်ပ ရခိုင်ကျောင်းသား အဖွဲ့အစည်း တခုနှင့် ဆက်စပ်ပြီး ဗုံးခွဲရန် စီစဉ်သည်ဟု စွပ်စွဲကာ စစ်ထောက်လှမ်းရေးများက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် အဆိုပါ ရခိုင်လူငယ်များကို မိသားစုနှင့် အဆက်ဖြတ်ကာ ၃ လကြာ ပြင်းပြင်းထန်ထန် ညှဉ်းပမ်း နှိပ်စက်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့ တွင်မှ အင်းစိန်ထောင်ဝင်း အတွင်းရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင် ကြားနာ စစ်ဆေးခဲ့သည်။

Tuesday, March 30, 2010


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ဗုဒ္ဓ ရုပ်ထုတော် တည်ဆောက်ပြီ

3/26/2010

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ၏ အကြီးမားဆုံး လျောင်းတော်မူ ရုပ်ထုတော် တဆူကို ကော့ဘဇားခရိုင် ပန်းဝါ (ရာမူး) မြို့နယ်ရှိ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာတွင် တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ လျောင်းတော်မူ ရုပ်ပွားတော်အား မာရမာကြီး ( ဘင်္ဂလီအခေါ် ဘရ၀ါ) ဆရာတော်တပါး ဖြစ်သူ အရှင် ဂရုဏာဆရီမှ ဦးဆောင် တည်ဆောက်နေခြင်း ဖြစ်သည်။

ဆရာတော်မှ ရုပ်ပွားတော် တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။

“ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ မူဆလင် နိုင်ငံ တနိုင်ငံ ဖြစ်ပေမယ့်လည်း ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း ခုလို ကြီးမားတဲ့ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဟာ ဘင်္ဂလာဒေခ်ျ့မှာ မရှိတဲ့ အတွက် ဒီနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ဖူးမျှော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ခုလို တည်ဆောက် ရတာ ဖြစ်ပါတယ်။”

လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ ပေ ၁၀၀ ရှည်လျားပြီး အမြှင့်ပေ ၃၀ ခန့်ရှိကာ ရုပ်ထုတော်အား ၂၀၀၇ ခုနှစ်မှ စတင် တည်ဆောက်နေခြင်း ဖြစ်သည်။

ယခု ဗုဒ္ဓ လျောင်းတော်မူ ဘုရား တည်ဆောက်နေသော နေရာမှာ ယခင် ရခိုင်အမျိုးသားများ နေထိုင်ခဲ့ရာ တောင်ချေရွာ သချိုင်းဟောင်း တည်ရှိရာ တောင်ကုန်းပေါ်တွင် ဖြစ်ပြီး အဆိုပါ မြေအား ပြန်လည် ရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံကို ဆရာတော် ဂရုဏဆရီမှ ယခုကဲသို့ ပြောသည်။

“ဒီနေရာဟာ ရခိုင်အမျိုးသားတွေ နေထိုင်ခဲ့တဲ့ တောင်ချေရွာ သချိုင်း ဖြစ်ပါတယ်။ ဒီမြေနေရာဟာ ဒေသခံ ဘာသာခြားတွေ လက်ထဲကို ရောက်ရှိ နေတာကတော့ ကြာပါပြီ။ ဒါပေမယ့်လည်း ဆရာတော်က ဒီနေရာဟာ သချိုင်းမြေဖြစ်တဲ့ အတွက် ခင်ဗျားတို့ အတွက် ဘာမှ အကျိုးမရှိတဲ့ မြေဖြစ်တယ်။ လုပ်ကိုင် စားသောက်လို့လည်း မရဘူး။ ဆရာတော်ကို ရောင်းပါဆိုပီး မေတ္တာရပ်ခံတဲ့ အတွက် သူတို့က ဆရာတော်ကို ပြန်ရောင်းချခဲ့ပါတယ်။ ဧရိယာ အကျယ်အ၀န်းက ၃ ဧက နီးပါးခန့် ရှိပါတယ်။”

အဆိုပါ မြေနေရာအား တူးဖေါ်စဉ် ရခိုင် ရှေးဟောင်း လူကြီး အရိုးစု ၆၀ ကို တူးဖေါ် ရရှိခဲ့သည်ဟု ဆရာတော်က ပြောသည်။

“ဒီနေရာဟာ ရခိုင် အမျိုးသားတွေ နေထိုင်ခဲ့တဲ့ နေရာ ဒေသ တခု ဖြစ်ပါတယ်။ ရခိုင်ရွာကြီးတွေ အများအပြား တည်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ခုထက်ထိ ရခိုင် လူကြီးတွေရဲ့ အရိုး အုတ်ဂူတွေကို ဘုရားကျောင်းဝင်းအတွင်းမှာ မြင်တွေ့ နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ရခိုင်တွေ မြန်မာပြည်ကို ထွက်ခွာ သွားကြတဲ့အတွက် ဒီရွာတွေဟာ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ခုတော့ ဆရာတော်တို့ရဲ့ မာရမာကြီး လူမျိုးတွေက အခြေချနေထိုင်နေကြပါတယ်” ဟု ပြောသည်။

ယခင်က တောင်ချေရွာတွင် ရခိုင်အိမ်ခြေပေါင်း ၁၆၀၀ ရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး မတိုင်မှီနှင့် တိုင်ပြီးနောက် ရခိုင် လူမျိုးများက “ မြေကိုချစ် တီဖြစ်သည်” ဟု ဆိုကာ ရွာကို စွန့်ခွာပြီး မြန်မာပြည်ဘက်သို့ ပြောင်းရွှေ့ သွားကြ သည်ဟု ဖလောင်းချိတ်မြို့က ဦးလှအောင်စိန်မှ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှ သူဌေးမ မညွှန့်စိန်မှာ ယခု ဘုရား တည်ဆောက်နေရာ တောင်ချေ ကျေးရွာ ဇာတိဖြစ်ကြောင်း သိရသည်။

ယခုတည်ဆောက်နေသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာ နောက် ၂ လနှင့် ၃ လအကြားတွင် ပြီးစီးနိုင်ပြီး အဆိုပါ ရုပ်ပွားတော်ကို ရခိုင်ပြည်နယ်မှ နာမည်ကြီး ပန်းပု ဆရာတဦးက တည်ဆောက် နေခြင်း ဖြစ်သည်။

ရုပ်ပွားတော်ကို ဦးဆောင် တည်ဆောက်နေသူ ဆရာတော် အရှင် ဂရုဏာ ဆရီမှာ သက်တော် ၄၀ ခန့်သာ ရှိသေးပြီး မြန်မာနိုင်ငံ ရန်ကုန် မဟာစည် တရားစခန်းတွင် တနှစ်ခန့် တရားထိုင်ခဲ့ဖူးသည်ဟု သိရသည်။

အဆိုပါ ရုပ်ထုတော်ကို ဗုဒ္ဓဘာသာ နိုင်ငံများက အကူအညီများဖြင့် တည်ဆောက်နေခြင်း ဖြစ်ပြီး အခုအချိန်ထိ အကူအညီများ ထည့်ဝင် လှူဒါန်းနေကြကြောင်း ဆရာတော်က မိန့်ကြားသည်။