Monday, March 22, 2010


ပါတီ ၂ ခု စတင် မှတ်ပုံတင်
ကိုထွေး Monday, March 22, 2010
E-mail Print
ရွေးကောက်ပွဲ ၀င်မည်ဟု ကြေညာ ထားသည့် အဖွဲ့ ၂ ခုက နိုင်ငံရေး ပါတီများအဖြစ် မှတ်ပုံတင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ လျှောက်လွှာ တင်လိုက် ကြသည်။

ပထမဆုံး လျှောက်ထားသည့် အဖွဲ့သည် “၈၈ မျိုးဆက်ကျောင်းသား လူငယ်များ(ပြည်ထောင်စု မြန်မာနိုင်ငံ)” ဖြစ်ပြီး ဒုတိယ လျှောက်ထားသည့် အဖွဲ့မှာ “အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ)” ဖြစ်သည်။

[ပြီးခဲ့သည့် လဆန်းပိုင်းက တွေ့ရသည့် နေပြည်တော်ရှိ တည်ဆောက်ဆဲ လွှတ်တော် အဆောက် အအုံများ (ဓာတ်ပုံ - AP)]

ပြီးခဲ့သည့် လဆန်းပိုင်းက တွေ့ရသည့် နေပြည်တော်ရှိ တည်ဆောက်ဆဲ လွှတ်တော် အဆောက် အအုံများ (ဓာတ်ပုံ - AP)
နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးက လျှောက်လွှာ လက်ခံရ ရှိကြောင်း စာတစောင် ထုတ်ပေးသည်ဟု အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ခေါင်းဆောင် ကိုအေးလွင်က ဧရာဝတီကို ပြောသည်။

“အစစ အရာရာ ဒီတိုင်းပြည် နောက်ကျ ကျန်ခဲ့တယ်၊ ဒီ လူ့အဖွဲ့ အစည်းက နောက်ကျ ကျန်ခဲ့တယ်လေ၊ အဲဒါအတွက် ကျနော်တို့ နိုင်ငံရေး အရ ဖြည့်ဆည်း စွမ်းဆောင် ပေးနိုင်မယ့် အခွင့် အလမ်းတခု ပေါ်လာပြီလို့ ခံစားမိပါတယ်” ဟု ကိုအေးလွင်က ဆိုသည်။

သူ၏ ညီဖြစ်သူ ကိုရဲထွန်းက ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသည်။ ကိုအေးလွင်သည် စစ်အစိုးရ အာဏာပိုင်များနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၊ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း တို့နှင့် လွန်ခဲ့သည့် ၅ လခန့်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသား လူငယ်များ ဟု အမည်ပေးထားသော်လည်း ထိုအဖွဲ့သည် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့၏ အင်အားစုနှင့် သဘောထား တူညီခြင်း မရှိပေ။

ယနေ့ ကော်မရှင်ရုံးသို့ တင်သွင်းသည့် လျှောက်လွှာသည် မှတ်ပုံတင်ရန် ခွင့်ပြုချက် ရရေးအတွက် ဖြစ်သည်ဟု ဆိုသည်။ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုမပြု အကြောင်းပြန်မည့်ရက်ကို မသိရသေးဟု ကိုအေးလွင်က ပြောသည်။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေးသွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်” ဟု ပါရှိသည်။

ဤအတောအတွင်း နိုင်ငံရေး အဖွဲ့ တချို့ကလည်း အမြန်ဆုံး မှတ်ပုံတင်နိုင်ရေးအတွက် စီစဉ်လျက် ရှိသည်။

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးသုဝေက“မနေ့က အစည်းအဝေးကတော့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်လိုက်ပြီ၊ ကျနော်တို့က ကိုယ်စားလှယ် တယောက် ရွေးပြီး အခု တရက် နှစ်ရက်အတွင်းမှာ နေပြည်တော်ကို လွှတ်လိုက်ရမယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခွဲထွက်ပြီး နိုင်ငံရေး ပါတီ တည်ထောင်ထားသည့် ဒေါက်တာ မနန်တူးဂျာ ဦးဆောင်သော ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) က မကြာမီ မှတ်ပုံတင်မည်ဟု ဆိုသည်။

ရှမ်းတိုင်းရင်းသား ၀ါရင့်နိုင်ငံရေးသမား ဦးရွှေအုန်းက“အခုမှ ဆွေးနွေးတုန်း ရှိပါသေးတယ်၊ နောက် ၁၀ ရက်လောက် ဆို တင်ဖြစ်ပါလိမ့်မယ်” ဟု ပြောသည်။

တယ်လီဖုန်းဖြင့် ချစ်သူ ရှာဖွေခြင်း
ဇာနည်ဝင်း Tuesday, March 30, 2010
E-mail Print
သွားလေရာ ကိုယ်နှင့်မကွာ ဆောင်ထားနိုင်သည့် လက်ကိုင် ဖုန်းများက ထိုင်း နိုင်ငံရောက် မြန်မာ အလုပ်သမားများကို ကောင်းစွာ အကျိုးပြုနေသည်။ ထိုတယ်လီဖုန်းများက မြန်မာပြည်သားတို့ ချစ်သူရည်းစား ရှာဖွေရာတွင် အလွန် အသုံးတည့်နေကြောင်း တွေ့ရသည်။

[အလုပ် နားချိန်တွင် တယ်လီဖုန်း ဆက်နေကြသော ထိုင်း နိုင်ငံရောက် မြန်မာ ပြည်သား အလုပ်သမား တချို့ (ဓာတ်ပုံ - ဇာနည်ဝင်း)]

အလုပ် နားချိန်တွင် တယ်လီဖုန်း ဆက်နေကြသော ထိုင်း နိုင်ငံရောက် မြန်မာ ပြည်သား အလုပ်သမား တချို့ (ဓာတ်ပုံ - ဇာနည်ဝင်း)
ဘန်ကောက် မြို့အနီး မြန်မာ ပြည်သား များစွာ ရောက်ရှိ နေသည့် မဟာချိုင် ဒေသတွင် တယ်လီဖုန်း အားကိုးဖြင့် ကြင်ဖော် ရသွားသူ အများအပြား ရှိရာ ထိုအထဲတွင် ကျော်စိုးဟု သူ့ကိုယ်သူ မိတ်ဆက်သော မော်လမြိုင် ဇာတိ အသက် ၂၅ နှစ် အရွယ် စက်ရုံ အလုပ်သမား တဦးလည်း ပါဝင်သည်။

“တယ်လီဖုန်းနဲ့ ဆိုတော့ ပိုပြီး ပြောရဲကြတယ်၊ သက်သောင့် သက်သာ ဖြစ်တယ်၊ အပြင်မှာ လူကိုယ်တိုင် ချိန်းတွေ့ပြီး စကား ပြောကြဖို့ ဆိုတာ မလွယ်ဘူးလေ” ဟု ကိုကျော်စိုးက ပြောပြသည်။

ကိုကျော်စိုးသည် လွန်ခဲ့သည့် နှစ်ဆန်းပိုင်း အထိ ပင်လယ် ကမ်းခြေ ပတ္တရားမြို့ရှိ တည်းခိုခန်း တခုတွင် အလုပ် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူငယ်ချင်းများ၏ ကောင်းမှုဖြင့် မဟာချိုင်ရှိ မြန်မာအမျိုးသမီး တဦးနှင့် တယ်လီဖုန်း အဆက်အသွယ် ရသွားသည်။

“ပထမဆုံးတော့ သူငယ်ချင်းတွေ အကြောင်း ပြောတယ်၊ နောက်တော့ သူ့ အကြောင်း၊ ကိုယ့် အကြောင်း၊ လုပ်ငန်းခွင် အကြောင်း ပြောတယ်။ တပတ်လောက် ပြောပြီးတော့ ဖုန်းထဲမှာပဲ ရည်းစား ဖြစ်သွားကြတယ်” ဟု ကိုကျော်စိုးက ရှင်းပြသည်။

တယ်လီဖုန်းလိုင်းမှတဆင့် ၅ လခန့် ချစ်ကြိုးသွယ်ပြီးနောက် ကျော်စိုးက မဟာချိုင်ဒေသသို့ ပြောင်းရွှေ့လိုက်သည်။ ဆံထုံးနောက် ယောင်ပါပြီး တအိုးတအိမ် ထူထောင်ခြင်း ဖြစ်လေသည်။ လက်ကိုင်ဖုန်း အသုံးပြုရေးမှာ မြန်မာပြည်ကဲ့သို့ ခက်ခဲမည် ဆိုပါက ချစ်သူ ရရေးသည်လည်း ခက်ခဲနေဦးမည်ဟု ကိုကျော်စိုးက ဆိုသည်။

ထိုင်းနိုင်ငံတွင် ဖုန်းနံပါတ်အတွက် Sim Card တခု ၀ယ်ယူရန် လျှောက်လွှာ အဆင့်ဆင့်တင်ပြီး စောင့်ဆိုင်းရန် မလိုအပ်ခြင်းမှာ ၎င်းတို့၏ အချစ်ရေးအတွက် အားသာချက်တခု ဖြစ်နေသည်။ တယ်လီဖုန်းအတွင်း ထည့်ရမည့် Sim Card ကို မြန်မာပြည် ကွမ်းယာဆိုင်များကဲ့သို့ နေရာတကာတွင် တွေ့ရသော တယ်လီဖုန်းဆိုင်လေးများသို့ သွားရောက်ပြီး အလွယ်တကူ ၀ယ်ယူနိုင်သည်။ တန်ဖိုးမှာလည်း တနေ့တာ လုပ်အားခထက် နည်းပါးသည်။

ဈေးသက်သာသည့် တယ်လီဖုန်းတလုံး၏ တန်ဖိုးမှာ ဘန်ကောက်ရောက် မြန်မာအလုပ်သမား တဦး၏ ငါးရက် လုပ်အားခထက် မပိုပေ။ ကိုယ်တိုင် ဓာတ်ပုံရိုက်ပြီး ချစ်သူထံ ပို့လိုသူများက ကင်မရာပါသည့် ဖုန်းကို ရှာဖွေ ၀ယ်ယူကြလေသည်။ ကင်မရာပါသည့် ဖုန်းအတွက် ကုန်ကျငွေက အလုပ်သမားတယောက်၏ တလ၀င်ငွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း နှလုံးသားရေးအတွက် ထိုသို့ ကုန်ကျရခြင်းကို ၀န်လေးကြပုံမရပါ။

ထိုင်းသည် ဖုန်းကုမ္ပဏီကြီးများ အပြိုင်အဆိုင် ဈေးကွက်ရှာသည့် နိုင်ငံ ဖြစ်သောကြောင့် နေရာအနှံ့အပြား တယ်လီဖုန်းလိုင်း အသံကြည်လင် ပြတ်သားမှု ရှိနေသဖြင့် တယ်လီဖုန်းချစ်သူများ အဆင်ပြေစွာ တီတီတာတာ ပြောဆိုနိုင်ကြလေသည်။ ကွန်ပျူတာ အင်တာနက်နှင့် အလှမ်းဝေးသော်လည်း တယ်လီဖုန်းအားကိုးဖြင့် ချစ်သူရည်းစား ရှာဖွေနိုင်သည်။


တယ်လီဖုန်းအားကိုးဖြင့် ရလာသော ချစ်သူကို အလေးအနက်ထားသူ ရှိသကဲ့သို့ အပျော်သဘောဖြင့် ရည်းစားထားသူများလည်း ရှိသည်ဟု အလုပ်သမားများက ပြောပြကြသည်။ ရည်းစား သုံးလေးယောက် တပြိုင်နက်ထားသူလည်း ရှိသည်ဟု ဆိုသည်။

တယ်လီဖုန်းချစ်သူ နှစ်ဦးသည် ဒေသတခုအတွင်း နေထိုင်ပါက ၎င်းတို့၏ အချစ်ရေးမှာ တမျိုးတဖုံ ပြောင်းလဲသွားနိုင်သည်ဟု ငါးဖမ်းလုပ်ငန်းဖြင့် စည်ကားနေသော မဟာချိုင်ဒေသမှ အလုပ်သမားအရေး လုပ်ကိုင်သူတဦးက ဆိုသည်။

“တယောက်နဲ့တယောက် မဆုံဖြစ်သေးဘူး၊ ဖုန်းထဲမှာတော့ ကြိုက်နေပြီ။ အပြင်မှာ ချိန်းတွေ့ကြတယ်၊ မတွေ့ခင် တနေရာရာကနေ ခိုးကြည့်တယ်။ မချောဘူး ဆိုရင် သွားမတွေ့တော့ဘူး၊ ဖုန်းဆက်လာရင်လည်း မကိုင်တော့ဘူး။ ဒါမျိုးတွေလည်း ရှိတယ်” ဟု ပင်လယ်ပျော်များသမဂ္ဂ မှ ကိုတင်ကိုက ပြောပြသည်။

အလုပ်နားချိန်တွင် ဖုန်းဖြင့် အလုပ်များနေကြသူများကို အမြောက်အမြား တွေ့ရမည်ဟု သူက ရှင်းပြသည်။

မြန်မာပြည်သား အလုပ်သမားများသည် လုပ်ငန်းခွင် ပြင်ပတွင် ကြင်ဖက်ရှာဖွေရန် ခက်ခဲသည်ဟု ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် ကိုရန်ကုန် ဆိုသူ လူငယ်တဦးက ပြောသည်။

“ထိုင်းတွေနဲ့ တွဲဖို့က ဘာသာ စကား အခက်အခဲ ရှိတယ်။ တချို့ဆိုရင် အလုပ်နဲ့အိမ်နဲ့ပဲ အချိန်ကုန်တယ်။ အိမ်ဖော် လုပ်တဲ့သူလည်း အိမ်ထဲမှာပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ဆိုရင် တခြား ရွေးစရာ မရှိဘူး၊ ဖုန်းနဲ့ပဲ ထားကြတယ်” ဟု ကိုရန်ကုန်က ရှင်းပြသည်။

တချို့သော အလုပ်သမားတို့က လုပ်ငန်းခွင်နှင့် အိမ်တွင် အထီးကျန်နေတတ်ပြီး မိတ်ဆွေများနှင့် အဆက်အသွယ် လုပ်ရန် တယ်လီဖုန်းကို အားကိုးရသည်။ မိတ်ဆွေများက တယ်လီဖုန်းဖြင့် အောင်သွယ်ပေးတတ်သည်ဟု ဆိုသည်။

“အလုပ်ထဲမှာ ငါတို့ရွာက သူငယ်ချင်းတယောက် ရှိတယ်၊ သိပ်မိုက်တယ်၊ ပြောမလား၊ ငါ မိတ်ဆက်ပေးမယ်ဆိုပြီး ပြောပေးရာကနေ အဆင်ပြေသွားတာ များတာပဲ” ဟု ကိုရန်ကုန်က ပြောသည်။

ကိုရန်ကုန် ဆိုသည်မှာ သူ၏ အမည်ရင်း မဟုတ်ပေ၊ ရန်ကုန်သားဖြစ်သော သူ့ကို နယ်အသီးသီးမှရောက်လာသည့် မိတ်ဆွေများက ပေးထားသော အမည် ဖြစ်သည်။ ယခု သူ၏ ရည်းစားမှာလည်း မိတ်ဆွေများက မိတ်ဆက် ပေးထားခြင်းဖြစ်သည်ဟု ကိုရန်ကုန်က ရယ်ရယ်မောမော ပြောပြသည်။

ဤသို့ဖြင့် လက်ကိုင်ဖုန်း ပေါများသော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား လူငယ် အများအပြားတွင် တယ်လီဖုန်းရည်းစား ကိုယ်စီ ရှိနေကြသည်။ တလလျှင် ဘတ် ၂၀၀ (၆ဒေါ်လာခန့်) အကုန်အကျခံရုံဖြင့် အချိန်ပြည့် ဖုန်းပြောဆိုနိုင်သည့် နည်းလမ်းကိုလည်း သူတို့ သိထားကြသည်။ ဖုန်းကုမ္ပဏီများ၏ ပြိုင်ဆိုင်မှုက ချစ်သူများ တယ်လီဖုန်းဖိုး ကုန်ကျစရိတ်ကို အဆင်ပြေစေသည်။ တချို့က ဘတ် ၂၀ ဖြင့် တနေကုန် ဖုန်းပြောနိုင်သည့် နည်းလမ်းကိုပင် သိထားကြသည်။

ကလေးတွဲလောင်းနှင့် အိမ်ထောင်ရှင်တချို့ကလည်း လူလွတ် ဟန်ဆောင်ပြီး ဖုန်းဖြင့် ရည်းစားရှာကြသည်ဟု ဆိုသည်။

အလုပ်နားချိန် မတူညီခြင်း၊ နေထိုင်သည့် ရပ်ကွက် မတူခြင်း တို့ကြောင့် ထိုင်းရောက် မြန်မာပြည်သားတို့မှ တယောက်နှင့်တယောက် ဆုံတွေ့ကြရန် ခက်ခဲနေသည်။ အများအပြားမှာ အလုပ်သမား လက်မှတ် မရှိသဖြင့် လုံခြုံရေး အခက်အခဲ ရှိသည်၊ တနေရာမှ တနေရာသို့ သွားလာရန် စွန့်စားရသောကြောင့် အချင်းချင်း ဆုံတွေ့ကြရန် ခက်ခဲသည်။ ဤအခြေအနေများကြောင့် ချစ်သူရည်းစား ရရှိရန်မှာ ပို၍ ခက်ခဲလာသည်။ သို့သော်လည်း တယ်လီဖုန်းက သူတို့၏ နှလုံးသားရေးရာ အခက်အခဲကို ဖြေရှင်းပေးလျက်ရှိသည်။

မြန်မာပြည်သား ၂ သန်းမှ ၄ သန်းအထိ ထိုင်းတွင် ရောက်ရှိနေသည်ဟု အလုပ်သမားအရေး လုပ်ကိုင်နေသူများက ခန့်မှန်းထားကြသည်။ အများအပြားက လက်ကိုင်ဖုန်းကိုယ်စီနှင့် ဖြစ်နေသည်။

ဘန်ကောက်ရောက်နေသူနှင့် ဖူးကက်မြို့ ရောက်နေသူ၊ ချင်းမိုင် (ဇင်းမယ်) ရောက်နေသူနှင့် နယ်စပ်မြို့ မယ်ဆိုင်တွင် ရောက်နေသူတို့ တယ်လီဖုန်းဖြင့် ချစ်ကြိုက်သွားကြသည့် ဖြစ်ရပ်များမှာ နေ့စဉ် ဖြစ်ပေါ်လျက် ရှိသည်။ မဟာချိုင်တွင် အခြေချနေသူ ကိုကျော်စိုးကဲ့သို့ ချစ်သူရှိရာ ဒေသသို့ ပြောင်းရွှေ့နေထိုင်ပြီး တွေ့ကြ ဆုံကြသည်။ ဒေသ တူသူများက အလုပ်နားချိန်တွင် လူငယ်ဘာဝ ချိန်းကြ တွေ့ကြသည်။

စိတ်သဘောထားခြင်း မတိုက်ဆိုင်၍ ကွဲကွာသွားကြသူများ ရှိသကဲ့သို့ ချစ်သူရည်းစားဘ၀မှ အိမ်ထောင်သည်ဘ၀သို့ ပြောင်းလဲသွားကြသူများလည်း ရှိသည်။ သို့ဆိုလျှင် တယ်လီဖုန်းဖြင့် ချစ်ကြိုက်ပြီး သမီးရည်းစားဘ၀မှ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်သွားသူ မည်မျှ ရှိမည်နည်း။ ဤမေးခွန်းကို မဟာချိုင်ရောက် ကိုကျော်စိုးက ခေတ္တ စဉ်းစားပြီး ဖြေပါသည်။

ကိုကျော်စိုးက သူ၏ အတွေ့အကြုံ၊ သူ၏ ပတ်ဝန်းကျင်မှ အဖြစ်အပျက်များအပေါ် အခြေခံပြီး “ဆယ်ယောက်မှာ နှစ်ယောက် သုံးယောက်လောက်ကပဲ တကယ် ယူကြတာပါ” ဟု ပြောလိုက်လေသည်။

ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို နစကမှ သိမ်းဆည်း

3/19/2010

ခိုင်သိန်း (နိရဉ္စရာ)
ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ တင်ပို့ရန် သယ်ယူလာသည့် ကျပ်ငွေ သိန်း ၇၀ ခန့် တန်ဖိုးရှိသည့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို မောင်တောမြို့နယ် နစက တပ်ဖွဲ့ တခုမှ မတ်လ ၁၃ ရက်နေ့က သိမ်းဆည်း လိုက်သည်ဟု ခရီးသည် အမျိုးသမီး တဦးက ပြောသည်။

“ပစ္စည်း အများစုကတော့ သင်္ကန်း၊ ပိဋိကတ် စာအုပ်တွေနဲ့ ရွှေရောင် ယွန်းထည်ဗူးတွေ ဖြစ်ကြပါတယ်။ ကာလ တန်ဖိုးဆိုရင် ကျပ်ငွေ သိန်း ၇၀ ကျော်ဖိုးရှိပါတယ်။ အဲဒီပစ္စည်းတွေကို သိမ်းတဲ့ အပြင် ပစ္စည်းသယ်ယူလာတဲ့ အမျိုးသမီး တွေကိုလည်း လေးရက်တိတိ ချုပ်နှောင်ထားခဲ့ပါတယ်” ဟု ပြောသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် မူဆလင် နိုင်ငံ တခု ဖြစ်သဖြင့် အဆိုပါ နိုင်ငံတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင်များမှာ ဘာသာရေးနှင့် ပတ်သက်သော သင်္ကန်း၊ သင်းပိုင်၊ ထီး၊ ဘိနပ်များ အပြင် ဘာရေးစာအုပ်များနှင့် ဘုရား ဆင်းထုတော် များကို မြန်မာပြည်မှ မှာယူ တင်သွင်းကြရသည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ အစိုးရကြားတွင် အဆိုပါ ဘာသာရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းရန် တရားဝင် စာချုပ်စာတန်းများ မရှိသဖြင့် အဆိုပါ ပစ္စည်းများကို ဒေသအတွင်းက စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် နားလည်မူဖြင့် မှောင်ခို တင်သွင်းကြရသည်။

ဘင်္ဂလာဒေခ်ျ့ အာဏာပိုင် အများစုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသော်လည်း ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ပစ္စည်းများကို သူ့နိုင်ငံ အတွင်းသို့ တင်သွင်းလာသည်ကို နားလည်မူဖြင့် ခွင်ြ့ပုကြသည်။

မြန်မာဘက်မှ နစက အရာရှိများကလည်း ဘာသာရေးနှင့် သက်ဆိုင်သော ပစ္စည်းများကို ဘင်္ဂလာဒေခ်ျ့သို့ တင်သွင်း သည်ကို ဖမ်းဆီးခြင်း မရှိဘဲ ဘာသာရေး ရှု့ထောင့်ကြည့်ကာ ခွင့်ပြုကြသည်ဟု သိရသည်။

မည်သည့်အတွက်ကြောင့် ယခုတကြိမ်တွင် ဘာသာရေးဆိုင်ရာ ပစ္စည်းများကို နစက အရာရှိများက ဖမ်းဆီး ရပါသလဲဟု မေးမြန်းရာ အဆိုပါ ခရီးသည် အမျိုးသမီး ယခုကဲ့သို့ပြောသည်။

“ အခု ဘာသာရေးဆိုင်ရာ ပစ္စည်းတွေကို ဖမ်းဆီးတာက မောင်တောမြို့နယ် မြောက်ပိုင်း နအစ နယ်မြေ ၄ က ငခူရ စခန်းမှူး ဗိုလ်မှူး တင်ဝင်းနဲ့ အဖွဲ့က ဖမ်းတာပါ။ ခုလို ဘာသာရေးဆိုင်ရာ ပစ္စည်းတွေကို နစက အာဏာပိုင် တွေက တဘက်နိုင်ငံကို တင်ပို့တာကို ကင်းလွှတ်ခွင့် ပေးထားပေမယ့် ခုတကြိမ်မှာ ဖမ်းတာက သင်္ကြန်နဲ့ နီးလာတဲ့ အတွက် ဖြစ်ပါတယ်။ သင်္ကြန်မှာ သူတို့က ပိုက်ဆံ အရမ်းလိုတော့ ဘာကိုမှ မစဉ်းစားဘဲ ဘာသာရေးနဲ့ ဆိုင်တဲ့ ပစ္စည်းကိုလည်း ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။”

ဖမ်းဆီးခံရသော ပစ္စည်းများထဲတွင် သင်္ကန်းနှင့် သင်းပိုင် အထည် ၃၀၀၊ ရွှေရောင် ယွန်ဗူး အလုံး ၁၀၀ ၊ ပိဋိကတ်တော် စာအုပ် ၁၅၀ နှင့် ရခိုင်လုံချည် အထည် ၁၅၀ တို့ ဖြစ်သည်။

ဗိုလ်မှူးတင်ဝင်းမှ ပစ္စည်းသယ်လာသော အမျိုးသမီး ၃ ဦးကို မတ်လ ၁၇ ရက်နေ့က ပြန်လွှတ်လိုက်ပြီး ပစ္စည်းများ အားလုံးကို သိမ်းဆည်းထား လိုက်သည်ဟု အဆိုပါ ခရီးသည် အမျိုးသမီးက ပြောသည်။

ပစ္စည်းများ အသိမ်းခံရပြီး နစက စခန်းတွင် ၄ ရက်ခန့် ချုပ်နှောင်ခံထားရသူ အမျိုးသမီး သုံးဦးမှာ စစ်တွေမြို့ ဆင်ကူးလမ်းမှ မချိုမာ၊ မလှခင်ဝင်းနှင့် မမေစိုးတို့ ဖြစ်သည်။
နယ်ပြည်တော် အထူးတပ်ဖွဲ့မှ ဘင်္ဂလာသို့ သစ်နွား တင်ပို့ခွင့် ပါမိတ် တစ်ခုစီကို ကျပ်ငွေ(၁၀) သိန်းဖြင့် ထုတ်ရောင်း

3/22/2010

တာကလူး (နိရဉ္စရာ)
နအဖ စစ်ဌာနချုပ် နေပြည်တော်မှ ရခိုင်ပြည်နယ်သို့ စေလွှတ်ထားသည့် အထူးတပ်ဖွဲ့သည် ဘင်္ဂလာသို့ သစ်၊ နွား တင်ပို့ခွင့် ပါမိတ် တစ်ခုစီကို ကျပ်ငွေ (၁၀)သိန်းကျစီဖြင့် ယခုလ လဆန်းပိုင်းမှ စ၍ ထုတ်ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

ပင်လယ် ရေကြောင်းဖြင့်သာ ခွင့်ပြုထားသည့် အဆိုပါ ဘင်္ဂလာသို့ သစ်နွား တင်ပို့ခွင့် ပါမိတ်ကို နေပြည်တော် အထူးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် မျိုးသန့်၏ လက်မှတ်ဖြင့် ခေါက်ရေ အလိုက် ထုတ်ပေး နေခြင်းဖြစ်ပြီး၊ အဆိုပါ လက်မှတ် မပါပဲ မှောင်ခို တင်ပို့သူများကို ဖမ်းဆီး အရေးယူ လျက်ရှိကြောင်း နယ်စပ်ကုန်သည် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ပါမိတ်က ဈေး အရမ်းကြီးပြီးတော့ တစ်ခေါက် တင်ပို့မယ်ဆိုရင် တစ်ခါ ပါမိတ်ခံရတယ်လေ။ ဘုတ်ကြီးကြီးနဲ့ အလုံးအရင်း တင်ပို့နိုင်တဲ့သူတွေ အတွက် အမြတ် အစွန်းတွေ ရှိနိုင်ပေမယ့် သူ့လိုကိုယ့်လို အရင်းအနှီး နည်းနည်းလေးနဲ့ လုပ်စားနေရသူတွေအတွက်တော့ အဲသလိုသာ ပေးနေရမယ်ဆိုရင် ဘယ်ကျန်မလဲဗျ” ဟု ၄င်းကုန်သည်က ပြောသည်။

အဆိုပါ ပါမိတ်များ ထုတ်ဝေ ပေးပြီးနောက် ဘင်္ဂလာရှိ တက္ကနာ နှင့် ရှင်မဖြူ ဆိပ်ကမ်းများသို့ ၀င်နိုင်မည့် နှာခေါင်းတောင်အနီးရှိ နတ်မြစ်ဝတွင် မောင်တော အလယ်သံကျော် အခြေစိုက် နစက နယ်မြေ (၇)မှ နစကများကို စက်လှေ(၃) စီးဖြင့် ကင်းချထားသည်။

၎င်းနစက ကင်းစက်လှေများသည် နတ်မြစ်ထဲသို့ ၀င်လာသည့် သစ်နှင့် နွားဘုတ်ဟူသမျှကို လိုက်လံ စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ နေပြည်တော် အထူးတပ်ဖွဲ့မှ ပါမိတ် မခံလာသည့် ဘုတ်များကို လိုက်လံ ဖမ်းဆီးလျက်ရှိကြောင်း သူက ထပ်မံ ပြောကြားခဲ့သည်။

နယ်စပ် သတင်းရပ်ကွက်များ၏ အဆိုအရ အဆိုပါ နစကတပ်ဖွဲ့များမှာ လွန်ခဲ့သော ရက်သတ္တပတ် အတွင်း သစ်နှင့် နွားတင်ဆောင် လာသည့် ဘုတ်(၃) စီးကို ဘင်္ဂလာ ရေပိုင်နက်ထဲရှိ ရှင်မဖြူကျွန်း အနီးတွင် ချင်းနင်းဝင်ရောက် ဖမ်းယူသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ နစကတပ်ဖွဲ့ဝင်များက နတ်မြစ်ဝတွင် အချက်ကောင်းစောင့်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် နေပြည်တော်အထူးတပ်ဖွဲ့မှ ပါမိတ်မခံနိုင်သည့် သစ်နွားဘုတ်များမှာ နတ်မြစ်ထဲသို့ တိုက်ရိုက်မ၀င်ရဲကြပဲ ဘင်္ဂလာရေကြောင်းဘက်မှ ပတ်ဝင်ကာ ဘင်္ဂလာ ကမ်းခြေစောင့်တပ်ဖွဲ့များ၏ လိုက်လံစောင့်ကြပ်ပေးမှုဖြင့်သာ ၀င်ရောက်နေကြရကြောင်း သိရှိရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံသား နယ်စပ်ကုန်သည် တစ်ဦးက “နစကတွေ ဘင်္ဂလာ ရေပိုင်နက် ထဲကိုတောင် ၀င်ပြီး သောင်းကျန်းနေတော့ ဟိုဖက်က ဘုတ်တွေက မလာရဲ ဖြစ်နေကြတယ်။ ဒါကြောင့် အဲဒီဘုတ်တွေကို အေးအေးဆေးဆေး ဒီဘက်ကို ၀င်လာနိုင်အောင် ဒီဘက်က ကမ်းစောင့် တပ်ဖွဲ့တွေကို တာကာငွေ ၅၀၀၀ စီ ပေးပြီး စောင့်ကြပ်ပေးဖို့ တောင်းပန် ထားရတယ်” ဟုပြောသည်။

ရခိုင် ကုန်သည်များ၏ အဆိုအရ ပင်လယ်ပြင်ကိုဖြတ်ပြီး တစ်ဘက်နိုင်ငံသို့ မှောင်ခို ကုန်တင်ပို့ နေကြရခြင်းမှာ နအ ဖစစ်အာဏာပိုင်များမှ ပြည်တွင်း၌ လွတ်လပ်စွာ ကုန်သွယ် ရောင်းဝယ်မှုကို ကန့်သတ်ထားပြီး စီးပွါးရေးလုပ်ငန်းဟူသမျှကို လက်ဝါးကြီး အုပ်ထားသည့် အတွက်ကြောင့် ဖြစ်သည်။

နအဖ၏ နေပြည်တော်အထူးတပ်ဖွဲ့မှာ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မောင်တော၊ တောင်ဂုတ် နှင့် ဂွ မြို့များတွင် ရုံးစိုက်ထားပြီး၊ ပြည်နယ်အတွင်း လယ်ယာမြေသိမ်းမှုများနှင့် ပုဂ္ဂလိက စီးပွါးရေး လုပ်ငန်းများ၊ ကုန်သွယ်မှုများမှ အကောက်ခွန် စည်းကြပ်မှုများကို အဓိက ဦးဆောင်ဦးရွက် ပြုလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

Thursday, March 18, 2010

လူသတ် တရားခံကို ဖေါ်ထုတ်ရန် စစ်တွေ တက္ကသိုလ် ကျောင်းသားများ တောင်းဆြိုပီ

3/17/2010

မတ်လ ၁၄ ရက်နေ့က အသတ်ခံခဲ့ရသော စစ်တွေ တက္ကသိုလ်ကျောင်းသူ မဖြူဖြူ အမူကို အမြန်ဆုံး ဖေါ်ထုတ် ပေးရန်နှင့် မဖေါ်ထုတ် ပေးပါက စစ်တွေ တက္ကသိုလ်တွင် ဆန္ဒပြပွဲများ ပြုလုပ်သွားမည် ဖြစ်ကြောင်း စစ်တွေ တက္ကသိုလ် ကျောင်းသားများက ယမန်နေ့က ရာဇသံပေး တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

စစ်တွေ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တဦးက “အခု မဖြူဖြူကို ဘယ်သူ သတ်သလဲဆိုတာ ခုအချိန်ထိ တိတိကျကျ မသိရသေးဘူး။ မဖြူဖြူ သေဆုံးရတာနဲ့ ပတ်သက်ပီး ကျောင်းသား ကျောင်းသူတွေ ကြားမှာ အထူး မကျေနပ်မူတွေ တိုးပွားနေတယ်။ ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ မနေ့က စစ်တွေ တက္ကသိုလ် ၀င်းထဲ ကျွန်တော်တို့ တောင်းဆိုမူတွေ ပြုလုပ်ခဲ့ပါတယ်” ဟုပြောသည်။

အဆိုပါ တောင်းဆိုမူများ ပြုလုပ်ပြီးနောက် ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည် စစ်တွေ တက္ကသိုလ်သို့ ရောက်ရှိလာပြီး လူသတ် တရားခံကို အမြန်ဆုံး ဖေါ်ထုတ်ပေးမည် ဖြစ်ကြောင်း ကျောင်းသားများသို့ ပြောကြားသွားသည်ဟု သတင်း ရရှိသည်။

“ အခု အခြေအနေက ဘယ်လို ဖြစ်လာမလဲဆိုတာ မသိသေးဘူး။ လုံခြုံရေးတွေကိုတော့ အာဏာပိုင်တွေဘက်က တိုးမြှင့်ချထားပါတယ်။ စစ်တွေ တက္ကသိုလ် အပါအ၀င် အနီးတ၀ိုက်က အရေးကြီးတဲ နေရာတွေမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုအခါ တိုင်းမှူးသောင်းအေး အပါအ၀င် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်တွေ တက္ကသိုလ်မှ တာဝန်ရှိသူများသည် မဖြူဖြူ သေဆုံးမူကြောင့် ကျောင်းသား ကျောင်းသူများ အကြား မကျေနပ်မူ တိုးပွားနေခြင်းကို မည်သို့ ဖြေရှင်းရမည်ကို တိုင်ပင် ဆွေးနွေးလျှက်ရှိသည်ဟု စစ်တွေက လာသော သတင်းတွင် ဖေါ်ပြသည်။

မဖြူဖြူမှာ မောင်တောမြို့ ဝေသာလီ ကျေးရွာမှ ဖြစ်ပြီး စစ်တွေ တက္ကသိုလ်တွင် စာရင်းကိုင် ပညာဖြင့် နောက်ဆုံးနှစ် တက်ရောက်နေစဉ် မသမာသူများ၏ အနိုင်ကျင့် သတ်ဖြတ်မူကို ခံခဲ့ရသည်။

သူမ အသုဘအား ယမန်နေ့က စစ်တွေ မန်ဇီသချိုင်းတွင် ချခဲ့ရာ ကျောင်းသား ကျောင်းသူ ထောင်ချီပြီး တက်ရောက်ခဲ့ကာ ကျောင်းသား ကျောင်းသူများအကြား ရုန်းရင်းဆန်ခတ်မူများ ပေါ်ပေါက်ခဲ့သည်။

မဖြူဖြူ သေဆုံးမူကြောင့် ကျောင်းသားကျောင်းသူများ အကြား အထူး မကျေနပ်မူများတိုးပွားနေကာ မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို အာဏာပိုင်များက အထူးစိုးရိမ်နေသည်ဟု စစ်တွေမြို့ခံများက ပြောကြားသည်။

Comments (13)
“ဘူး” မဟာဗျူဟာ
ရန်ကုန်သားတာတေ Wednesday, March 31, 2010
E-mail Print
“ထီ ….”
“ထီ ….”
“ထီ ...”

စိုးမိုးကျော်နှင့် ဝိုင်းဝိုင်းလည် ထီဆိုင် ကြော်ငြာဟု မထင်လိုက်ပါနှင့် ...။ မြရတနာနှင့် သန်းဆု ကုဋေ ကြော်ငြာလည်း မဟုတ်ပြန်ပါ။ ချိုကုပ် ဒူးကြီးနှင့် ဇနီး ဒေါ်ကွိုင်ကွိုင်တို့ တော်လှန်ရေးနေ့ ညစာစားပွဲ ခန်းဝင်တီးလုံး သို့မဟုတ် စည်တော်ရွမ်းသံ ကို အနီးစပ်ဆုံး အသံဖမ်း၍ ရေးထားခြင်း ဖြစ်ပါသည်။

တော်လှန်ရေးနေ့ ညစာစားပွဲအပြီး ၃ ရက်ခန့်အကြာတွင် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးနှင့် ချိုကုပ်ဒူးကြီးတို့ လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်ကို ရန်ကုန်သားတာတေက မလျှို့မဝှက်ဘဲ အရင်းအတိုင်း ဤသို့ ဖော်ပြလိုက်ပါသည်။

ရုက္ခစိုး။ ။ ညစာစားပွဲ ဝင်တာများ ဗုံတီးပြီး ဝင်ရတယ်လို့ဗျာ။

ချိုကုပ်။ ။ ဗုံတီးတာ မဟုတ်ဘူးလေ အဲဒါ အောင်စည်ရွမ်းတာလို့ ခေါ်တယ်။

ရုက္ခစိုး။ ။ အဝင်တခါ အထွက်တခါ တီးတာ ဘယ်လိုသဘောလဲဗျ။

ချိုကုပ်။ ။ ဝင်ရင်လည်း တီးမယ်၊ ထွက်ရင်လည်း တီးမယ် … ဆိုတဲ့အဓိပ္ပာယ်လေ။ အဲဒီစည်ကြီးမှာ NLD လို့ ရေးထားတယ်။ NLD ရွေးကောက်ပွဲ ဝင်ရင်လည်း တီးမယ်၊ ထွက်ရင်လည်း တီးမယ် … ဘာလုပ်လုပ်တီးမယ်။
ဟဲဟဲ ဗေဒင်ဆရာက ပြောလို့ဗျ။ အောင်စည်ရွမ်းပြီး ညစာစားပွဲကို အဝင်အထွက်လုပ်ရင် NLD ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အောင်ပွဲခံရမယ်ဆိုလို့ … ။ တကယ်မှန်တယ်။ အခု ကျုပ် အောင်ပွဲခံရပြီ။

ရုက္ခစိုး။ ။ ကျုပ်ကို တွေ့ချင်တယ်ဆိုတာကကော … ဘာဖြစ်လို့လဲ။

ချိုကုပ်။ ။ ဘာမှ မဖြစ်ဘူး … အောင်ပွဲခံမလို့ ခေါ်တာ။ ကျုပ်က လူတွေကို ဘယ်သူ့မှ မယုံဘူးလေ။ ရွှေပန်းလည်း မယုံဘူး၊ မောင်ကွေးလည်း မယုံဘူး။ မတော် ကျုပ်ကို လုပ်ကြံရင် ဘယ်လိုလုပ်မလဲ။ ဒါမှမဟုတ် အာဏာသိမ်းရင်ကော ...။ ဒါကြောင့် လူမဟုတ်တဲ့ ခင်ဗျားလို နတ်နဲ့တူတူ အောင်ပွဲခံမလို့ ခေါ်လိုက်တာ။ ကဲ ကဲ သုံးဆောင်ဗျာ။

ရုက္ခစိုး။ ။ ဟာ … ကျုပ်က နတ်လေ … အငွေ့ပဲစားတာ မသိဘူးလား။

ချိုကုပ်။ ။ သိတယ်လေ။ အဲဒီလို အငွေ့ပဲစားတော့ အကုန်အကျ သက်သာတာပေါ့။ ဒီ စားသောက်ဖွယ်ရာတွေ အားလုံးက အကုန်လုံး ငှားထားတာတွေချည်းပဲ … ။ ဟောဒီ ဘဲကင်နဲ့ ၁၂ မျိုးဟင်းချိုက ဆီအိုးနားဟိုတယ်က ငှားထားတာ၊ ဟောဒီဘက်က စားစရာ သောက်စရာတွေက မှောင်ခိုကြီးများဟိုတယ်က ငှားထားတာ … ကြိုက်တာသာ စားပေရော့။

ရုက္ခစိုး။ ။ တော်တော်လည်း ကုန်ကျနေပါဦးမယ်။ ဒါနဲ့ နေပါဦး။ NLD က ရွေးကောက်ပွဲ မဝင်တာနဲ့ ခင်ဗျားက တကယ် အောင်ပြီလား။ သေချာလို့လား။

ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ချိုကုပ်။ ။ ခက်ပါလား ဦးရုက္ခစိုးရယ်။ NLD တွေတောင် သူတို့ဘာသာ ရွေးကောက်ပွဲ မဝင်ဘူး ဆုံးဖြတ်ပြီ ဆိုတာနဲ့ အလကားနေရင်း အောင်ပွဲခံနေသေးတာ၊ ကျုပ်လည်း အောင်ပွဲခံမှာပေါ့။ ဘာဖြစ်သေးလဲ။

ရုက္ခစိုး။ ။ ကျုပ်သိသလောက်တော့ ခင်ဗျားက NLD ကို ရွေးကောက်ပွဲ ဝင်စေချင်နေတာ မဟုတ်လား။ ခင်ဗျား ဖြစ်စေချင်သလို ဖြစ်မလာတော့ သူတို့အတွက် အောင်ပွဲပေါ့ဗျ။

ချိုကုပ်။ ။ တကယ်က မဟုတ်ဘူးဗျ။ ကျုပ်က NLD ကို စိတ်ထဲကနေ ကြိတ်ပြီး ကြောက်နေတာ။ အဟဲ။ NLD ဆိုတဲ့ နာမည်တလုံးကို ကြောက်တာလေ။ အဲဒီနာမည်နောက်မှာ လူတွေ အများကြီး ရှိနေတာ မဟုတ်လား။ ဒါပေမယ့် မကြောက်သလိုလို ဘာလိုလို ဟန်ဆောင်နေတာ။ သူတို့ကို လုံးဝ ရွေးကောက်ပွဲ ဝင်စေချင်တာ မဟုတ်ဘူး။

ရုက္ခစိုး။ ။ ဒါဆို ခုမှပဲ သက်ပြင်းချနိုင်တော့တယ် ဆိုပါတော့။

ချိုကုပ်။ ။ သက်ပြင်းချတာမဟုတ်ဘူး။ ပျော်ကို ပျော်သွားတာ။ သူတို့က ကျုပ်ဆင်တဲ့ ခွင်ထဲ တန်းခနဲ ဝင်လာတာကိုးဗျ။ အဲဒီလောက်ထိ လွယ်တော့လည်း နည်းနည်း ပျင်းတယ်ဗျာ။ စိတ်လှုပ်ရှားစရာ မကောင်းဘူးပေါ့။

ရုက္ခစိုး။ ။ တကယ်ဆိုရင်တော့ ခင်ဗျားက NLD ကို ရွေးကောက်ပွဲ ဝင်အောင် စည်းရုံးသင့်တာပေါ့။ အခုဆိုရင် တယောက်တည်း အပြေးပြိုင်ရသလို ဖြစ်မနေဘူးလား။

ချိုကုပ်။ ။ တယောက်တည်း အပြေးပြိုင်ရတော့ကော ဘာဖြစ်လဲ။ ပထမရဖို့ လိုရင်းပဲဟာ။ ကျုပ်က အစကတည်းက အရှက်မှ မရှိဘဲ။ ဒီနေရာမှာ အရှက်မရှိတဲ့သူက နိုင်တာပဲဗျ။ ကြည့်လေ … သူတို့က ပါတီ ဂုဏ်သိက္ခာဘာညာနဲ့ … အရှက်ရှိပြလိုက်တာ အခုဆို အနှစ် ၂၀ လောက် ခေါင်းမာခဲ့တဲ့ ပါတီ ဖျက်ရတော့မယ် ဟီဟိ။

ရုက္ခစိုး။ ။ ဒါနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကို ဘူးသီးတလုံး လက်ဆောင်ပေးလိုက်တာဆို၊ အဲဒါကြောင့် အားလုံးက ဘူး ဆိုတဲ့ အဓိပ္ပာယ်ကောက်ပြီး ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်တာဆို ဟုတ်လား။

ချိုကုပ်။ ။ ဟုတ်မှာပေါ့ ...။ သူက ဘူး ဆို ဖရုံမသီးဘူး ဆိုပေမယ့် ကျုပ်က ခရမ်းသီးကော၊ ငရုပ်သီးကော၊ ပဲတောင့်ရှည်ကော အကုန် သီးပြဦးမှာ။

ရုက္ခစိုး။ ။ ဒါပေမယ့် နောက်ထပ် ရက် ၃၀ ကျန်သေးတယ်နော်။ အဲဒီရက် ၃၀ အတွင်း အစီအစဉ်ပြောင်းပြီး မှတ်ပုံ တင်လိုက်ရင်ကော။

ချိုကုပ်။ ။ အဲဒီလိုဆိုရင်တော့ ကျုပ်တို့ နည်းနည်း အလုပ်ရှုပ်မှာပေါ့ဗျာ။ ဘယ်လို မဲလိမ်၊ မဲခိုးမယ်ဆိုတာကို ကမ္ဘာကျော် ငလိမ်ကြီးတွေ၊ မြန်မာ့သူခိုးကြီးတွေနဲ့ အမြန်ဆုံးတိုင်ပင်ရမယ်။ ပြီးတော့ စွမ်းအားရှင်တွေအတွက် တုတ်တွေ အင်တာနေရှင်နယ်က မှာရမယ်။ ပြီးတော့ သူတို့ကို NLD အဖွဲ့ဝင်တွေကို အသားလွတ်ဝင်ရိုက်ခိုင်းပြီး … နေ့တွက် ပေးရမယ်။ ဟာ … နတ်ဖြစ်ပြီး ပါးစပ်ပုပ်ကြီးနဲ့ ...။ ခင်ဗျားပြောသလို မဖြစ်နိုင်ပါဘူးဗျာ။

ရုက္ခစိုး။ ။ ကဲ ကဲ မဖြစ်တော့ဘူးပဲ ထားပါတော့။ ရွေးကောက်ပွဲပြီးရင် ခင်ဗျား ဘာလုပ်မလဲ။

ချိုကုပ်။ ။ ကျုပ် … နိုင်ငံရေးကို စိတ်ကုန်ပြီဗျာ။ တရား အားထုတ်မလားလို့ စဉ်းစားနေတယ်။

ရုက္ခစိုး။ ။ ဘယ်လို … ဘယ်လို တရား အားထုတ်မယ် ဟုတ်လား။ ကျားသား မိုးကြိုးဗျာ။ သမ္မတ တွေ ဘာတွေ ဝင်လုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလား။

ချိုကုပ်။ ။ ဘယ့်နှယ် သမ္မတ လုပ်ရမှာလဲ။ သမ္မတ လုပ်ရင် လေးနှစ်ပဲ ခံမှာပေါ့။ ပြီးရင် ဘုံပျောက်မှာ။ ကျုပ်က တပ်ချုပ်ကြီးပဲ တသက်လုံးလုပ်မှာ။

ရုက္ခစိုး။ ။ နေ … နေပါဦး … တရားအားထုတ်မယ်ဆို။

ချိုကုပ်။ ။ တရား အားထုတ်မယ်ဆိုတာက တရုတ်အားထားမယ်လို့ ပြောတာ ...။ တပ်ချုပ်ကြီးအဖြစ်နဲ့ တသက်လုံး နေမယ်။ တရုတ်ကြီးရဲ့ လမ်းစဉ်အတိုင်း ဘုရားစူး ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တရားဝင် တည်ထောင်မယ်။ ကျုပ်ကို ကန့်လန့်တိုက်မယ့် တခုတည်းသော ပါတီလည်း မရှိတော့ဘူး။ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ။

ရုက္ခစိုး။ ။ တချို့ပါတီတွေက မှတ်ပုံတောင် မတင်ရသေးဘူး … စည်းရုံးတာတွေ ဘာတွေ လုပ်နေတယ် ကြားတယ်နော်။ ခင်ဗျားကို ကျော်တက်ရင် ဘယ်လိုလုပ်မလဲ။

ချိုကုပ်။ ။ သြော် အွေးလင်တို့ ရဲတင်းတို့ ပါတီလေးတွေလား။ လုပ်ပါစေ။ သူတို့တွေရှိနေမှ ကျုပ်ကို နိုင်ငံတကာက ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်အောင်သွားတယ် ထင်မှာလေ။ အဲဒါကြောင့် သူတို့ကို နည်းနည်းပါးပါး ပံ့ပိုးပေးပြီး အော်ခိုင်းထားတာ။ ပါတီ မစုံမှာစိုးလို့တောင် ညီအစ်ကို ၂ ယောက်ကို တပါတီစီ ခွဲခိုင်းထားရတယ် ...။ တကယ်ဆို သူတို့မှာ ညီအစ်ကို မောင်နှမ ၁၀ ယောက်လောက်သာရှိ။ ၁၀ ပါတီရပြီ။ ပွဲပြီးပြီဗျာ။

ရုက္ခစိုး။ ။ အခုလည်း ပါတီစုံသားပဲ … သူတို့ ညီအစ်ကို တပါတီစီရယ်၊ မဆလရယ်၊ ကြံ့ဖွံ့ရယ် … ဦးကိုယ့်ဝေတို့ ပါတီရယ်၊ အနည်းဆုံး ခင်ဗျားလုပ်ချင်တိုင်း လုပ်လို့ရတဲ့ ပါတီ ၅ ပါတီရှိတယ် မဟုတ်လား။

ချိုကုပ်။ ။ ဘယ်နှပါတီ ရှိရှိ NLD မရှိဖို့ အရေးကြီးတယ်။ မှတ်ပုံတင်ဖို့ သက်မှတ်ရက် ကျော်တာနဲ့ … သူတို့ ဆိုင်းဘုတ်တွေကအစ ဘာမှမထားဘူး အကုန်ဖြုတ်မယ်။ သူတို့ကို နာမည်အမျိုးမျိုးဖျက်မယ် … ကဲ … ကဲ လောလောဆယ် … အောင်ပွဲကြီး … ခံ … ခံ … ။ အောင်မလေး … ဘာတွေ ဖြစ်ကုန်ပြီလဲဟ ...။

စကားမဆုံးသေးခင် ကြပ်ပြေးနေပြည်တော်ကြီး၌ ရုတ်တရက် လေပြင်းမုန်တိုင်း တိုက်ကာ လျှပ်စစ်မီးများ ရုတ်တရက် ပြတ်တောက် သွားသောကြောင့် ချိုကုပ်ဒူးကြီး လန့်သွားခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်လည်း အလန့်တကြား အခန်းထဲ ဝင်လာသည်။

ကွိုင်ကွိုင်။ ။ မောင်တော်ဘုရား … မောင်တော်ဘုရား။ နိမိတ်တွေ မကောင်းတော့ဘူး ဘုရား။ ငလျင်လည်း လှုပ်ဦးမယ်လို့ ကြားနေပါတယ်။

ချိုကုပ်။ ။ ဒါ … ဒါ … ဟိုကောင်မလေးရဲ့ ဘူးသီး အစီအမံကြောင့်ဖြစ်ရမယ် … ။ ငါတို့ကို အောက်လမ်းနည်းနဲ့ လုပ်တာ ဖြစ်ရမယ် … ပုဏ္ဏားဖြူတွေ ပုဏ္ဏားညိုတွေ ဘယ်ရောက်ကုန်ပြီလဲ။ ဘယ်ဗေဒင်ဆရာမှ မရှိရင် ငါ့ဘာသာ အစီအမံလုပ်မယ်။ ကွိုင်ကွိုင် သေချာ နားထောင်။

ကွိုင်ကွိုင်။ ။ ဟုတ်ကဲ့ မောင်တော်ဘုရား။

ချိုကုပ်။ ။ တတိုင်းပြည်လုံးမှာ ရှိရှိသမျှ ဘူးသီးတွေအကုန်လုံး ပြုတ်ပြီး ငါးပိရည်နဲ့ တို့စားရမယ်လို့ အမိန့်ထုတ်လိုက်။ ဦးရုက္ခစိုးကြီးပါ စားသွား … သွား။ ဟင် ဘယ်ရောက်သွားပြီလဲ။

ဦးရုက္ခစိုးကြီးမှာ ဘူးသီးပြုတ်နှင့် ငါးပိရည်ရန်မှ လွတ်ရန် စောစီးစွာ ကိုယ်ရောင်ဖျောက်၍ ထိုနေရာမှ အသာလစ်ထွက် သွားပြီ ဖြစ်သည်။ ။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
ဝန်ကြီးချုပ် သိန်းစိန် ရခိုင် ခရီးစဉ် အတွင်း ရဟတ်ယဉ် တစင်း စက်ချွတ်ယွင်း ခဲ့သော်လည်း ပျက်ကျခဲ့ခြင်း မရှိဟု သိရ

3/18/2010

မတ်လ ၁၅ ရက်နေ့က စတင်ခဲ့သော နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၏ ရခိုင် ခရီးစဉ် အတွင်း ရဟတ် တစီး စက်ချွတ်ယွင်းမူ ရှိခဲ့သော်လည်း ပျက်ကျခဲ့သည့် သတင်းမှာ မမှန်ကန်ကြောင်း စစ်တွေနှင့် ဘူးသီးတောင်မှ ပေးပို့သော သတင်းများတွင် ဖေါ်ပြသည်။

ဝန်ကြီးချုပ်သိန်းစိန်သည် မတ်လ ၁၅ ရက်နေ့က စစ်တွေသို့ ရောက်ရှိလာပြီး မတ်လ ၁၆ ရက်နေ့က စစ်တွေမှ တဆင့် ကျောက်တော်၊ ပလက်ဝနှင့် ဘူးသီးတောင်မြို့သို့ သွားရောက် လည်ပတ်ခဲ့သည်။

ထိုသို့ သွားရောက်စဉ်အတွင်း ရဟတ်ယာဉ် သုံးစီးတွင် တစီးပျက်ကျသွားသည်ဟု ဆိုပြီး ကောလဟလ သတင်း တရပ် ထွက်ပေါ်လာခဲ့သည်။

အမှန်မှာ ၀န်ကြီးချုပ်သိန်းစိန်သည် ရဟတ်ယာဉ် သုံးစီးဖြင့် လာရောက်ခြင်း မဟုတ်ဘဲ ရဟတ် နှစ်စီးဖြင့် လာရောက်ခြင်းသာ ဖြစ်သည်။ ရဟတ်ယာဉ် အမှတ်များမှာ ၆၆၁၆ နှင့် ၆၆၁၇ ဖြစ်သည်။

မတ်လ ၁၆ ရက်နေ့က ဘူးသီးတောင်မှ စစ်တွေသို့ အပြန်တွင် ရဟတ်ယာဉ် နှစ်စီးတွင် တစီးမှာ စက်နိုးပြီး ပျံတက် သွားနိုင်ခဲ့သော်လည်း ကျန်တစီးမှာ စက်နိုး၍ မရသဖြင့် ၁၀ မိနစ်နီးပါးထိ ဘူသီးတောင်တွင် အချိန်ကြန့်ကြာခဲ့သည်ဟု သိရသည်။

ပထမ အစီးတွင် လူ ၁၃ ဦးပါရှိသွားပြီး ကျန်တစီးတွင် လူ ၁၇ ဦးပါရှိပြီး ထိုအထဲတွင် ၀န်ကြီးချုပ် သိန်းစိန်လည်း ပါဝင်ခဲ့သည်။ အဆိုပါနေ့ ညနေတွင် ဘူးသီးတောင်မှ စစ်တွေသို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

ဝန်ကြီး သိန်းစိန်သည် မတ်လ ၁၇ ရက်နေ့က စစ်တွေမှ ကျောက်ဖြူသို့ ရဟတ်ယာဉ် နှစ်စီးဖြင့် သွားရောက်ခဲ့ပြီး အမ်းမြို့ရှိ အနောက်ပိုင်း စစ်ဌာနချုပ်တွင် ညအိပ် ရပ်နားခဲ့သည်ဟု သိရသည်။

ယနေ့ (မတ်လ ၁၈ ရက်နေ့) တွင် သံတွဲမှ တဆင့် နေပြည်တော်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

နအဖ ၀န်ကြီးချုပ်သိန်းစိန်သည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မူ အခြေအနေများကို လာရောက်ကြည့်ရှု့ခြင်း ခေါင်းစဉ်ဖြင့် ရခိုင်သို့ လာရောက်လည်ပတ်ခြင်း ဖြစ်ပြီး ကားလမ်း ရထားလမ်းဖေါက်လုပ်ခြင်းကြောင့် ရခိုင်ပြည်နယ်မှာ နအဖ စစ်အစိုးရ လက်အောက်တွင် များစွာ တိုးတက် လာကြောင်း ရှင်းလင်းပွဲများတွင် ပြောကြား ခဲ့သည်ဟု သိရသည်။

လက်တွေ့တွင် အလုပ်အကိုင် ရှားပါးမူနှင့် စီးပွားရေး ကျပ်တည်းမူကြောင့် ရခိုင်ပြည်သူ မြောက်မြားစွာ နေရပ်ရင်း စွန့်ခွာ သွားလာ နေရမူနှင့် နှစ်ပေါင်း ၂၀ ကျော်အတွင်း မြို့ပြများတွင် နေထိုင်သူ ရခိုင်ပြည်သူများ တနေ့ လျှပ်စစ်မီး ၂ နာရီသာ ရရှိ ခံစားရ သဖြင့် လူနေမူ အဆင့် အတန်း အလွန် နှိမ့်ကျနေခြင်းကို မည်သို့ တိုးတက်အောင် လုပ်ဆောင်မည်ကို တခွန်းတပါဒမှ ပြောကြား သွားခြင်း မရှိကြောင်း သိရသည်။

Tuesday, March 16, 2010

ဗိုလ်ရာဇာအကြောင်း တစေ့တစောင်း

3/13/2010

ရခိုင်ပြည်တပ်မတော် စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နေ့က လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ဆိုရင် ဗိုလ်ရာဇာ ကျဆုံးသွားတာ နှစ်ပေါင်း ၁၂ နှစ်ပြည့်မြောက်တဲ့နေ့ ဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ တိုင်းပြည်နဲ့လူမျိုး လွတ် မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နေချိန်မှာ ခုလို အိန္ဒိယစစ်တပ်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။ ခုလို ခေါင်းဆောင်တဦး ကျဆုံးသွားတာဟာ ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သလို ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုကြီးတရပ် လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ရာဇာဟာ ဘယ်လိုခေါင်းဆောင်မျိုးလဲ။ သူရဲ့စိတ်နေသဘောထားတွေက ဘယ်လိုရှိသလဲဆိုတာကို သိရှိနိုင်အောင် ဗိုလ်ရာဇာနဲ့ ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်တဲ့ ကိုလင်းခိုင်ကို ကိုမောင်အေးက တွေ့ဆုံပီး ယခုလို မေးမြန်းထားပါတယ်။

မေး။ ကိုလင်းခိုင်အနေနဲ့ ဗိုလ်ရာဇာရဲ့ ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပေးပါလား။

ဖြေ။ ဗိုလ်ရာဇာဟာ မင်းပြားမြို့နယ် ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါတယ်။ သူရဲ့ဖခင်က ဦးသာမြအောင်၊ မိခင်က ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါတယ်။ သားသမီး ၇ ယောက်အနက် တတိယမြောက် သားဖြစ်ပါတယ်။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါတယ်။ သူ့ကို အသက် ၁၃ နှစ်မှာ ရှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နဲ့ စစ်တွေမြို့က ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပေတွေကို သင်ကြားခဲ့ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ တော်လှန်ရေးနဲ့ ဘယ်လိုစတင် ဆက်စပ်ခဲ့ပါသလဲ။ ဘယ်ပါတီနဲ့ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခဲ့တာပါလဲ။

ဖြေ။ အဲဒီလို စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆ နှစ်အရွယ်ကတည်းက သူဟာ နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နဲ့ ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ စစ်တွေကို အသွားအလာလုပ်ပြီးတော့ လျှို့ဝှက်ယူဂျီ လုပ်နေတဲ့အချိန်မှာ အသက် ၂၀ ပြည့်တဲ့အခါ သူတို့ရွာမှာ မိဘတွေက ရဟန်းခံပေးပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ကို ပြန်သွားပီး လျှို့ဝှက်ယူဂျီအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ လူသိများ လာတဲ့အခါ ရန်ကုန်မှာ နေလို့မရတဲ့အတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို ထွက်သွားခဲ့ရပါတယ်။

မေး။ ဗိုလ်ရာဇာရဲ့ ငယ်စဉ်က စိတ်သဘောထား ဘယ်လိုရှိလည်းဆိုတာကို ပြောပေးပါ။

ဖြေ။ သူ့ စိတ်နေသဘောထားကို သိရသလောက်ပြောရရင် သူ ဘယ်နေရာကိုဘဲ ရောက်ရောက်၊ ဘယ်အလုပ်ကိုဘဲ လုပ်လုပ်၊ ဘယ်ပညာကိုဘဲ သင်သင် သူဟာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးတော့ အလေးထားတဲ့စိတ်ရှိတယ်လို့ သိရပါတယ်။ ငယ်စဉ်ကတည်းက သူဟာ အမျိုးသားရေးအကြောင်းတွေကိုသာ ပြောလေ့ရှိပါတယ်။ နောက်ပြီးတော့ သူ့အဖေကလည်း ရခိုင်တော်လှန်ရေးသမား ပြောက်ကျားတစ်ဦးဖြစ်တဲ့ အတွက် သူဟာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက ပြင်းထန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက် ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်တဲ့အတွက် အရွယ်ရောက် လာတဲ့အခါ မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် သွားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ သူ့လက်အောက်မှာရှိတဲ့ ရဲဘော်ရဲဘက်တွေကို သူက ဘယ်လို သဘောထား ဆက်ဆံတတ်ပါလဲ။

ဖြေ။ သူဟာ အမျိုးသားရေးသမားပီပီ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့ ဘယ်သူ့ ကိုမဆို ချစ်မြတ်နိုးတဲ့ စိတ်ရှိပါတယ်။ သူနဲ့အတူ တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပီး စောင့်ရှောက်ပါတယ်။ တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲ့ ရဲဘော်တွေ အတွက်လည်း သူဟာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့ စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာ ဘာကြောင့် ကျဆုံးရသလဲလို့ အစ်ကို့အနေနဲ့ ယူဆပါသလဲ။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရတာဟာ စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရတယ်လို့ ပြောချင်ပါတယ်။ ဘာကြောင့် လဲဆိုရင် ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ရှိသူဖြစ်ပြီး သူ့အောက်က တာဝန်ရှိသူတွေ သွားရောက်ဆောင်ရွက် ရင် ရနိုင်တဲ့ကိစ္စဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင် သွားရောက်လုပ်ကိုင်တဲ့အတွက် အခုလိုဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ ဘယ်အလုပ်မဆို မိမိကိုယ်တိုင် သွားရောက်လုပ်ကိုင်ရမှ ကျေနပ်တဲ့လူစားမျိုးဖြစ်ပါတယ်။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နေကြတဲ့ သူတွေကို အားမလိုအားမရဖြစ်ရာကနေ သူကိုယ်တိုင်ပါဝင်ပီး အိန္ဒိယကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာမဆို သူလုပ်မှ ရတယ်ဆိုတဲ့ သဘောထားတွေရှိတယ်။ အမျိုးသားအတွက် ဖြစ်စေချင်တဲ့ဆန္ဒတွေဟာ လွန်ကဲတဲ့အတွက် အခုလိုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

မေး။ နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကြပါတယ်။ ဗိုလ်ရာဇာဟ နိုင်ငံရေးမရှိ၊ မိုက်ရူးရဲဆန်တယ်။ စစ်ဘုရင်ဝါဒကျင့်သုံးတယ်။ စသဖြင့် အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွေရှိပါတယ်။ အဲဒီအပေါ် အစ်ကိုဘယ်လို ထင်ပါသလဲ။

ဖြေ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ပြောရမယ်ဆိုရင် သူဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် အပြောကြမ်း ပါတယ်။ ဒါပေမယ့် သူ့နှလုံးသားဟာ အလွန်တရာမှ နုညံ့ပါတယ်။ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအပေါ်မှာ သူ ထားတဲ့သဘောထားဟာ အလွန်ဘဲ နုညံ့လွန်းပါတယ်။ ဘယ်လောက်ဘဲ သူ့ပါးစပ်က ကြမ်းကြမ်းတမ်းတမ်း ပြောပေမယ့် သူပြောတဲ့ စကားတွေထဲမှာ စေတနာပါတဲ့အတွက် ကြားရတဲ့သူတွေက စကားကြမ်းကြမ်း ပြောပေမယ့် ခွင့်လွှတ်သည်းခံကြပါတယ်။ ဗိုလ်ရာဇာရဲ့ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော် အနီးကပ်မြင်လိုက်ရတာက ဘာမှပြောစရာမရှိပါ။ နောက်တခုက သူ့ကို ၀ိုင်းရံပေးကြတဲ့ တချို့ခေါင်းဆောင် တွေက သူ့အမှားတွေကိုတွေ့ရင်လည်း မှားတာကို မှားတယ်လို့မပြောဘဲ မှန်တယ်ဆိုပီး မြှောက်ပင့်လို့ ပေးကြတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒါတွေကြောင့်လည်း ဗိုလ်ရာဇာကို ထိခိုက်မှုတချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း ဗိုလ်ရာဇာဟာ တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် မှားတာတွေ ရှိနိုင်ခဲ့ပေမယ့် သူမှားခဲ့တာတွေဟာ သာမန်အမှားမျိုးတွေသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ ရခိုင်ပြည်တပ်မတော်ကို စတင်တည်ထောင်လာတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီ စတင်လာတဲ့အခါ သူ ဘယ်လိုဖြတ်သန်းကျော်လွှားလာသလဲဆိုတာကို အစ်ကိုသိသလောက် ပြောပြပေးပါလား။

ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါတယ်။ သိရသလောက် ဗိုလ်ရာဇာဟာ ALP က ခေါင်းဆောင်တချို့နဲ့ ဆက်ဆံရေး အဆင်မပြေဘူးလို့ သိရပါတယ်။ ဒါကြောင့် သူ့ကို သေဒဏ်ပေးခဲ့တာတွေ ရှိတယ်လို့လည်း သိရပါတယ်။ အဲသလို သေဒဏ်ပေးခံရတဲ့အတွက် သူဟာ ကရင်နယ်မြေ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါသွားပြီး အဲဒီမှာ တော်လှန်ရေးစလုပ်ပီး လက်နက်တွေ စုဆောင်းတယ်။ လူတွေ စုဆောင်းခဲ့ပါတယ်။ လက်နက်နဲ့ငွေအင်အား တောင့်တင်းလာတဲ့အခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တွေနဲ့ ဖြတ်ပီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော် AA ကို လာရောက်ထူထောင်ခဲ့ပါတယ်။ ဗိုလ်ရာဇာဟာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွေ စုဆောင်းပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာဟာ ရခိုင်တော်လှန်ရေးမှာ အလွန်နာမည်ကြီးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ။ ဗိုလ်ရာဇာဟာ သူရ သတ္တိနဲ့ ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းတဲ့သူ တစ်ဦး ဖြစ်ပါတယ်။ နောက်ပီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါတယ်။ နေတာထိုင်တာ သွားတာလာတာအစ သတိ ရှိပါတယ်။ စစ်သားကောင်းတစ်ယောက်အနေနဲ့ ဘယ်နေရာမှ သူ့ကိုပြောဖွယ်ရမရှိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနဲ့ ဆက်ဆံတဲ့နေရာမှာလည်း ပျော့ပျောင်းပါတယ်။ ပေးကမ်းချီးမြှင့်တဲ့နေရာမှာလည်း မငှဲ့ကွက်တတ်ပါ။ ငယ်သားတွေအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပီးတော့ မဟာမိတ်တွေနဲ့ လည်း ပြေလည်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ လှူဒါန်းစွန့်ကြဲပေးကမ်းမှုတွေကို ရောက်တဲ့နေရာမှာ လုပ်ပါ တယ်။ ဒါ့အပြင် ဗိုလ်ရာဇာဟာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် ဘာမှ လုပ်ကိုင်ခဲ့တာ မရှိဘဲ အမြင့်မြတ်ဆုံး ပေးဆပ်သွားသူတစ်ဦးဖြစ်ပါတယ်။ ဗိုလ်ရာဇာဟာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာဟာ အထူးထင်ရှားသူတစ်ဦးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မေး။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ရခိုင်လူမျိုးတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ထင်ပါသလား။

ဖြေ။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ကျွန်တော်တို့ ရခိုင်သားတွေအတွက် အလွန့်အလွန် ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ ခံစားရပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့လိုလူမျိုး နောက်ထပ်ပေါ်ပေါက်မလာတဲ့အတွက် ဖြစ်ပါတယ်။ ဗိုလ်ရာဇာ လုပ်ခဲ့တဲ့လမ်းကြောင်းကို ဆက်လက် လုပ်နိုင်တဲ့သူ မရှိသလို ဗိုလ်ရာဇာ အသက်၊ သွေး၊ ချွေးနဲက ရင်းနှီးပီးရှာဖွေထားခဲ့တဲ့ လက်နက် ခဲယမ်း မီးကျောက်တွေကိုလည်း ထိန်းသိမ်းနိုင်ခဲ့တဲ့သူတွေ မရှိခဲ့ပါဘူး။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတွေ နည်းပါးပြီးတော့ ဗိုလ်ရာဇာလို ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်တွေကို လက်ဆင့်ကမ်း မမွေးထုတ်နိုင်တဲ့အတွက် သူကျဆုံးသွားတာဟာ ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါတယ်။ ဗိုလ်ရာဇာ ကျဆုံးသွားတဲ့အတွက် ရခိုင်အမျိုးသားတွေ လွတ် မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျသွားတယ်။ အားနည်းသွားတယ်လို့ ကျွန်တော့် အနေနဲ့ သတ်မှတ်ပါတယ်။

မေး။ တချို့ကပြောပါတယ်။ ဗိုလ်ရာဇာ အသက်ရှင်ရှိသေးတယ်။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တယ်လို့ အမျိုးမျိုးပြောနေကြပါတယ်။ အဲဒီအပေါ် ညီတော်စပ်တဲ့ မိသားစုဝင် တစ်ယောက်အနေနဲ့ ဘယ်လိုထင်ပါသလဲ။

ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သေဆုံးသွားပြီဖြစ်တယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပြဿနာ ဖြစ်တဲ့နေ့ကစပြီး ခုအချိန်ထိ ဘာအစအနမှ ပေါ်မလာဘူးဆိုတော့ ဗိုလ်ရာဇာနဲ့တကွ ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်တာမှန်တယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ယခု အဖမ်းခံနေရတဲ့ ရဲဘော်တွေလည်း ဗိုလ်ရာဇာနဲ့ ပစ်သတ်ခံရတာကို မမြင်ခဲ့ရပေမယ့် သေနတ်သံတွေကို ကြားခဲ့ရသူတွေလည်း ဖြစ်ကြပါတယ်။ အဲဒါကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ လုပ်ကြံသတ်ဖြတ်ပစ်တယ်ဆိုတာကို ဧကန်မုချ ယုံကြည်ပါတယ်။ နောက်တချက်က အိန္ဒိယနိုင်ငံမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင် ဖြုတ်ပစ်ရတဲ့အဆင့်ထိ ရှိခဲ့တဲ့အတွက် အမှန်တကယ် သတ်ပစ်တာဟုတ်တယ်လို့ ယုံကြည်ပါတယ်။

ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တိုက်ပွဲဆင်နွဲဖို့ဆိုပြီးတော့ ရခိုင်ပြည် တပ်မတော် AA ကို ထူထောင်ခဲ့တဲ့ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ ရေတပ်အခြေစိုက်စခန်းတစ်ခု ဖွင့်ပေးမယ် ဆိုပြီး ခေါ်ယူသွားက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနဲ့အတူ ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ယနေ့တိုင် အိန္ဒိယအစိုးရက ချုပ်နှောင်ထားပါတယ်။ ဘင်္ဂလာနယ်စပ်မှာ ရှိနေတဲ့ ရာနဲ့ချီတဲ့ ရဲဘော်တွေနဲ့ ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနဲ့အတူ ပျောက်ဆုံးသွားခဲ့ရပါတယ်။

(မောင်အေးမှ မေးမြန်းထားခြင်း ဖြစ်သည်။)

ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် လာရောက် လည်ပတ်မည်

3/15/2010

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်သည် မတ်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်နှင့် မောင်တောသို့ လာရောက်လည်ပတ်မည် ဖြစ်သည်ဟု အမည် မဖေါ်လိုသူ အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

“သူမနက်ဖြန်မှာ ရောက်ပါလိမ့်မယ်။ ဘာကိစ္စကြောင့် လာရောက် လည်ပတ်တယ်ဆိုတာကိုတော့ တိတိကျကျ မသိပါဘူး။ သူအနေနဲ့ တပ်မိသားစုတွေ အပါအ၀င် အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ တွေ့ပါလိမ့်မယ်။”

သို့သော်လည်း အများစု ပြည်သူများက ဗိုလ်ချုပ် သိန်းစိန် လာရောက်ခြင်းမှာ လာမည့် ရွှေးကောက်ပွဲနှင့် သက်ဆိုင် နိုင်သည်ဟု ခန့်မှန်း ပြောဆိုနေကြသည်။

မောင်တောမြို့တွင်လည်း ၀န်ကြီးချုပ် သိန်းစိန် ခရီးစဉ်အတွက် ရဟတ်ယာဉ်ကွင်းကို ပြန်ပြင်နေပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားသည်ဟု သိရသည်။

“သူက ဘူးသီးတောင်ကို ပထမ ရောက်ပြီး ဘူးသီးတောင်က တဆင့် မောင်တောကို သွားမယ်လို့ သိရပါတယ်။ မောင်တောကိုရောက်ရင်တော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ မျှော်လင့် ရပါတယ်” ဟု သူက ဆက်ပြောသည်။

ယနေ့တွင် ၀န်ကြီး သိန်းစိန်သည် စစ်တွေသို့ ရောက်လာနိုင်ပြီး သူ့ခရီးစဉ်အတွင်း ရခိုင် မြို့အများအပြားကို သွားရောက် လည်ပတ်မည်ဟု သိရသည်။

ဝန်ကြီးချုပ်သိန်းစိန်သည် ယခင် ၀န်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ရခိုင်ပြည်သို့ အများအပြား လာရောက် လည်ပတ်သူ တဦး မဟုတ်သော်လည်း ၂၀၁၀ ရွှေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံရေး အခြေအနေ ရှုတ်ထွေးနေချိန်တွင် လာရောက်လည်ပတ် ခြင်း ဖြစ်သဖြင့် သူ့ခရီးစဉ်အပေါ် လူအများက စိတ်ဝင် စားနေကြသည်ဟု သိရသည်။
ကျောက်တော် ခေါင်းတုတ်ကျေးရွာ ရွာလုံးကျွတ် မီးလောင်

3/16/2010

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ခေါင်းတုတ် ကျေးရွာတွင် မတ်လ ၁၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေ ၈၃ လုံးမီးထဲပါသွားခဲ့သည်။

ကျောက်တော်မြို့ အလယ်ပိုင်းရပ်ကွက်မှ လူကြီး တဦးက “ မီးက မတ်လ ၁၃ ရက် ညနေ ၃ နာရီ ခန့်မှာ စလောင်တာ ဖြစ်ပါတယ်။ ထမင်းချက်ရာ ကနေ မီးစတင် လောင်ကျွမ်းတာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၈၃ လုံးတွင် နေထိုင်သော အိမ်ထောင်စု ၈၆ စု မှာ အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့သည်။

သို့သော်လည် ယခုအချိန်ထိ သက်ဆိုင်ရာမှ အကူအညီ မရရှိသေးသဖြင့် အနီးအနား ကျေးရွာများမှ အကူညီများဖြင့် ရပ်တည် စားသောက်နေရသည်ဟု သိရသည်။

ယာယီကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ပြီး နေရာချပေးထား သော်လည်း မီးဘေးဒုက္ခသည် အတွက် အကူညီများစွာ လိုအပ်နေဆဲ ဖြစ်ကြောင်း အဆိုပါ အရပ်လူကြီးမှ ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မီးလောင်မူများ တိုးပွားနေပြီး မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့၊ စစ်တွေမြို့၊ ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင်လည်း မကြာသေးမှီက မီးလောင်ကျွမ်းမူများ ရှိခဲ့သည်ဟု သိရသည်။

Monday, March 8, 2010


အမြတ်များမည့် ပြည်သူပိုင်လုပ်ငန်းများ ဦးပိုင် သိမ်းမည်
Monday, 08 March 2010 18:10 အောင်သက်ဝိုင်း
E-mail Print
စစ်အစိုးရ လေလံပစ်သည့် ပြည်သူပိုင် စီးပွားရေး လုပ်ငန်းများအနက်မှ အမြတ်အစွန်းများရန် သေချာသော လုပ်ငန်းကြီးများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တိုက်ရိုက်လွှဲပြောင်း ရယူလျက် ရှိကြောင်း သတင်းရရှိသည်။

စစ်တပ်အတွက် အသုံးစရိတ်နှင့် ရန်ပုံငွေ ရှာဖွေပေးနေရသည့် ဦးပိုင်လီမိတက်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အပြိုင် စက်သုံးဆီရောင်းချရေး လုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ပို့ကုန်သွင်းကုန် လုပ်ငန်း၊ ကုန်တိုက်နှင့် အရောင်းဆိုင်လုပ်ငန်း၊ ရွှေသတ္ထုနှင့် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း အပါအ၀င် စီးပွားရေးအရ အဓိကကျသည့် လုပ်ငန်းကြီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ လွှဲပြောင်း ရယူနေကြောင်း သိရသည်။

bus_rangoon

ဦးပိုင်လီမိတက်၏ လုပ်ငန်းတခုဖြစ်သော မဟာဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလက်အောက်မှ ပါရမီ ၁၈၃ ယာဉ်လိုင်း ပြေးဆွဲနေသည်ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
စွမ်းအင်ဝန်ကြီးဌာနက လေလံပစ်ထားသည့် စက်သုံးဆီ အရောင်းဆိုင် ၂၄၆ ဆိုင်အနက် ထက်ဝက်ကျော်ကို ဦးပိုင်က လွှဲပြောင်း ရယူကာ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များနှင့် ယှဉ်ပြိုင် ရောင်းချမည်ဖြစ်ကြောင်း ဦးပိုင်နှင့် နီးစပ်သော အသိုင်းအ၀န်းက ဆိုသည်။

“ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေက အဓိကအချက်အချာကျတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေကို ဦးပိုင်က လွှဲယူမယ်။ ပုဂ္ဂလိကဆိုင်တွေလိုပဲ ဦးပိုင်ကလည်း ဒီဇယ်သွင်းမယ်၊ ရောင်းမယ်” ဟု ဦးပိုင်နှင့် ပုံမှန် ဆက်ဆံနေရသည့် အစိုးရ၀န်ကြီးဌာန ညွှန်ကြားရေးမှူး တဦးက ပြောသည်။

ဦးပိုင်အနေနှင့် ပင်လယ်ကူး သင်္ဘောလိုင်း တလိုင်းကို တည်ထောင်ထားပြီး တရုတ်နိုင်ငံမှ ကွန်တိန်နာတင် သင်္ဘောများ မှာယူထားကြောင်း၊ မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းမှ သင်္ဘောတချို့နှင့် သင်္ဘောသား ၀န်ထမ်းများကိုလည်း ရယူထားကြောင်း သိရသည်။

ဦးပိုင်လီမိတက်ပိုင် သင်္ဘောလိုင်းအတွက် ကွန်တိန်နာ အလုံး ၅၀၀ သယ်ဆောင်နိုင်သည့် DELPPNI ALPHA အမည်ရှိ သင်္ဘောကို တရုတ်နိုင်ငံတွင် ပထမဆုံး တည်ဆောက်ခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က ရန်ကုန် Asia World ဆိပ်ကမ်းသို့ ရောက်ရှိကာ တရားဝင် အခမ်းအနားဖြင့် လွှဲပြောင်းရယူခဲ့သည်။

မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သင်္ဘောတချို့ကိုလည်း ဦးပိုင်က လွှဲပြောင်းရယူရန် ညှိနှိုင်းနေရုံမက အဆိုပါလုပ်ငန်းမှ သင်္ဘောသား များအနေနှင့် ဦးပိုင် သင်္ဘောများတွင် အလုပ်လုပ်လို ကြကြောင်းလည်း သိရသည်။

ဦးပိုင်သင်္ဘောလိုင်း၏ သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းအဖြစ် ပို့ဆောင်ရေးဝန်ကြီးဌာနက လေလံပစ်သည့် ဆိပ်ကမ်း ၅ ခု အနက် အသင့်အသုံးပြုနိုင်သော ဆိပ်ကမ်းကြီးတခုကို ရယူမည်ဟု ပို့ဆောင်ရေး ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

ဦးပိုင် လီမိတက်သည် မြန်မာနိုင်ငံတ၀န်း အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ရန်နှင့် အငှားကား လုပ်ငန်းများ အတွက် ကားစီးရေ ရာပေါင်းများစွာ တင်သွင်းရန် စီစဉ်နေသည်ဟု မဟာဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ အရာရှိတဦးက ပြောသည်။

မဟာဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီသည် ဦးပိုင်လီမိတက် လက်အောက်မှ လုပ်ငန်းတခုဖြစ်ပြီး ရန်ကုန်တွင် ပါရမီ၊ အဓိပတိ အမည်များဖြင့် ခရီးသည်တင် ယာဉ်လိုင်းနှင့် အငှားကားများ ပြေးဆွဲနေပြီး ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ရှမ်းမလေး၊ ပုသိမ်သူ အမည် များဖြင့် အဝေးပြေးယာဉ်လိုင်း ၁၄ လိုင်းတည်ထောင်ကာ မြန်မာနိုင်ငံအနှံ့အပြားတွင် အဝေးပြေးခရီးသည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။

ခရီးသည်တင် ယာဉ်လိုင်းများအတွက် ကားများတင်သွင်းရုံမက ဇိမ်ခံ ကားများ တင်သွင်းရောင်းချသည့် လုပ်ငန်းကိုလည်း ဦးပိုင်လီမိတက်က လုပ်ဆောင်လျက်ရှိသည်။

စက်မှု ကုန်ထုတ်ပစ္စည်း လုပ်ငန်းတွင်လည်း မြ၀တီထရေးဒင်း ၊ 547 ထရေးဒင်း အမည်များဖြင့် လုပ်ငန်းခွဲများ ထူထောင်ကာ
ဦးပိုင်လီမိတက်ပိုင် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသော ကုန်ထုတ် ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း ဦးပိုင်သတင်းရပ်ကွက်မှ
သိရှိရသည်။

ရန်ကုန်မြို့ရှိ အစိုးရ၀န်ကြီးဌာနပိုင် မြေနေရာများနှင့် အဆောက်အအုံ များကိုလည်း ဦးပိုင်က လွှဲပြောင်းရယူထားပြီး ကုန်တိုက်ကြီးများ ဆောက်လုပ်ရောင်းချရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန် စီးပွားရေး သမားများက ပြောဆိုနေသည်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင် ဦးပိုင်လီမိတက်က ခေတ်မီ Hyper Market ကုန်တိုက်ကြီးတခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါကုန်တိုက်ကြီးတွင် ကားအရောင်း စင်တာများပါ ပါဝင်မည်ဟု သိရသည်။

ဦးပိုင်လီမိတက်ပိုင် မြ၀တီဘဏ်သည် ရန်ကုန်မြို့ရှိ ဗဟိုဘဏ်နေရာကို ၎င်းရုံးချုပ်အဖြစ် သိမ်းယူဖွင့်လှစ်မည့်အပြင် ယခု ဘဏ်ခွဲပေါင်း ၇ ခုရှိနေရာမှ နိုင်ငံတ၀န်းတွင် ဘဏ်ခွဲများ ဆက်တိုက်တိုးချဲ့ဖွင့်ရန် ပြင်ဆင်နေပြီဟု သတင်းရရှိသည်။

လက်ရှိတွင် မြ၀တီဘဏ်သည် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ မုံရွာဘဏ်ခွဲ၊ နေပြည်တော်ပျဉ်းမနား ဘဏ်ခွဲ၊ ဖားကန့်ဘဏ်ခွဲ၊ တောင်ကြီးဘဏ်ခွဲ၊ ပုသိမ် ဘဏ်ခွဲများအ ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရွှေတူးဖော်ရေး လုပ်ငန်းနှင့် ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများတွင်လည်း ဦးပိုင်လီမိတက်က ရွှေနှင့် ကျောက်မျက် လုပ်ကွက်များကို ပုဂ္ဂလိကသို့ ပြန်လည်ငှားရမ်းချထားပေးခြင်းနှင့် အကျိုးတူ ပူးပေါင်းတူးဖော်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူပိုင်စီးပွားရေး လုပ်ငန်းများကို ဦးပိုင်က အများစု လုပ်ခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေး ပညာရှင်တဦးက “စစ်တပ်ကတော့ သူရဲ့ ဝေစုအဖြစ် ပြည်သူပိုင် စီးပွားရေးလုပ်ငန်းတွေကို အမွေခွဲတာပဲ။ ဘယ် အစိုးရတက်တက် စစ်တပ် မိသားစု၊ ဆွေမျိုး အသိုင်းအ၀န်းတွေအတွက် ကိုယ်ပိုင်ဝင်ငွေရသွားမယ်” ဟု မှတ်ချက်ချသည်။

ရန်ကုန် စီးပွားရေးတက္ကသိုလ် ဘောဂဗေဒ ကထိက တဦးကမူ စစ်အာဏာရှင်တိုင်းသည် ၎င်းတို့၏ မိသားစု ဆွေမျိုး အသိုင်းအဝန်းများအတွက် စီးပွားရေးအုပ်စုများ ဖွဲ့စည်းကာ စီးပွားရှာလေ့ရှိကြောင်း ပြောသည်။

“စစ်အာဏာရှင်တိုင်းက ဦးပိုင်လီမိတက်လို ကုမ္ပဏီကြီးတွေဖွဲ့၊ စီးပွားရှာကြတာ ထုံးစံလိုပဲ။ အနီးဆုံး ဥပမာ ပြောရရင် အင်ဒိုနီးရှား စစ်အာဏာရှင် လက်ထက်မှာ စစ်တပ် ကျောထောက်နောက်ခံပြု ကုမ္ပဏီကြီးတွေ ဖွဲ့ပြီး စီးပွားရှာခဲ့တာရှိတယ်” ဟု ၎င်းက ရှင်းပြသည်။

ကာကွယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကလည်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်ကဲ့သို့ပင် စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ရုံမက လုပ်ငန်းများ ထပ်မံတိုးချဲ့လျက်ရှိ သည်ဟု နေပြည်တော် စစ်အရာရှိ အသိုင်းအ၀န်းမှ သတင်းရရှိသည်။

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်
Monday, 08 March 2010 19:32 သန်းထိုက်ဦး
E-mail Print
၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြား၏ ယနေ့ ညနေ ၄ နာရီသတင်းတွင် ထုတ်လွှင့်သွားသည်။

ထိုဥပဒေများတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်သည်။

electionwatch_news“အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့မှ စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေ ဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်” ဟု MRTV က ဆိုသည်။

ဥပဒေများ ထုတ်ပြန်လိုက်ပြီ ဆိုသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။

နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဟု လွန်ခဲ့သည့် ၂ နှစ်ကပင် စစ်အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။

သို့သော်လည်း အာဏာပိုင်တို့က လွှတ်တော် ခေါ်ယူပေးခြင်း၊ အာဏာ လွဲအပ်ပေးခြင်း မပြုဘဲ ရွေးကောက်ခံရသူ အများအပြားကို အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ နုတ်ထွက်ရန် နှင့် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ဖိအား ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

NLD သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး နှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။

ထို ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းဖုံး ဌာရမ်းခ နစက နယ်မြေမှူး တဦး တလ ကျပ်သိန်းရာကျော်ဝင်

3/7/2010

မောင်အေး(နိရဉ္စရာ) မြန်မာ နိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် တွင် တာဝန်ကျနေသော နစက နယ်မြေမှူး တဦးသည် ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို ဒေသအတွင်းရှိ စီးပွားရေး သမားများသို့ အခကြေးငွေယူပြီး ဌားရမ်းသဖြင့် တလအတွင်း သူ့အတွက် မြန်မာကျပ်ငွေ သိန်းရာကျော် ၀င်ငွေ ရရှိနေသည်ဟု အမည်မဖေါ် လိုသူ ရဲစခန်းမှူး တဦးက ပြောသည်။

“ဘင်္ဂလာဒေခ်ျ့က လက်ကိုင်ဖုံး ကိုင်ဆောင်ခွင့်ကို မြန်မာနိုင်ငံမှာ တရားဝင် ပိတ်ပင်ထားတဲ့အတွက် မည်သူမှ ကိုင်ဆောင်ပိုင်ခွင့် မရှိပါ။ ဒါကို အခွင့်ကောင်းယူပြီး မောင်တောမြို့နယ် အမှတ် (၇) နယ်မြေ နစကမှူး ဗိုလ်မှူး နေမျိုးက သူ့နယ်မြေအတွင်း မိုဘိုင်းဖုံး အလုံးပေါင်း ၇၀ ကို ဒေသအတွင်းက စီးပွားရေး သမားတွေကို ဖုံးတလုံးကို တလ တသိန်းခွဲနုန်းနဲ့ ဌားရမ်းပီး ကိုယ်ကျိုး စီးပွားရှာ နေပါတယ်။ သူ့နယ်မြေအတွင်းမှာ သူက အာဏာ အရှိဆုံး ဆိုတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကိုယ်ကျိုးစီးပွားကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။”

အဆိုပါ ဘင်္ဂလာဒေခ်ျ့မှ မိုဘိုင်းဖုန်း အလုံး ၇၀ ကျော်ကို ဒေသအတွင်းရှိ ကျေးရွာများမှ မူဆလင် စီးပွားရေး သမားများသို့ ဌားရမ်းထားပြီး လစဉ်ကြေး အဖြစ် တလုံးကို ကျပ်ငွေ တသိန်းခွဲစီ ယူသည်ဟု သိရသည်။

“အခု သူဌားရမ်းထားတဲ့ မိုဘိုင်းဖုံးတွေကတော့ အလယ်သံကျော် ကျေးရွာမှာ ၁၀ လုံး၊ မြင်းလွှတ်မှာ ၈ လုံး၊ ကညင်တန်းမှာ ၇ လုံး၊ ကံပူးကျေးရွာမှာ ၃လုံး၊ ချိန်ခါလီကျေးရွာ ၃ လုံး၊ ၀က်ချ ကျေးရွာ ၂ လုံး၊ သန္တာကျေးရွာ၂ လုံး အပါအ၀င် ဖုံးအလုံးပေါင်း ၇၀ ခန့်ရှိတယ်လို့ သိရပါတယ်” ဟု ရဲအရာရှိက ပြောသည်။

လစဉ်ကြေးစနစ်ဖြင့် ငှားရမ်းထားသော မိုဘိုင်းဖုံးများကို စီးပွားရေး သမားများ အနေဖြင့် အမှတ် (၇) နစက နယ်မြေအတွင်းရှိ ကျေးရွာများတွင် ဖုံးဆိုင်များကို ပေါ်တင်ကြီး ဖွင့်လှစ်ကာ ဘင်္ဂလာဘက်သို့ တမိနစ်ပြောခ ၂၀၀ ကျပ် ယူကာ စီးပွားရေး လုပ်နေကြသည်ဟု သိရသည်။

တခြား အရပ်သား တဦးကလည်း နစက နယ်မြေမှူး နေမျိုးမှ ဘင်္ဂလာ လက်ကိုင် ဖုံးများကို စီးပွားရေး သမားများကို ဌားရမ်းပြီး ကိုယ်ကျိုး ရှာနေသည်ကို ယခုကဲ့သို့ ပြောသည်။

“ဘယ်အရပ်သားမှ မောင်တောမြို့နယ်မှာ ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးတွေကို ကိုင်ခွင့် မရှိပါ။ ကိုင်ရင် ဖမ်းပါတယ်။ ဒဏ်တပ်ပါတယ်။ ထောင်ချပါတယ်။ ဒါပေမယ့်လည်း နစက နယ်မြေမှူးတွေဆီက ဌားရမ်းပီး ကိုင်တဲ့သူဆိုရင်တော့ ဖမ်းတာ ဆီးတာတွေ မရှိသလို လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင် ကိုင်လို့ ရပါတယ်။ သူတို့က နစက နယ်မြေမှူးဆီက ကျပ်တသိန်းခွဲပေးပြီး ဌားရမ်း ကိုင်ဆောင်တဲ့အတွက် သူတို့ကို ဘယ်သူမှ ဖမ်းလို့ မရပါ။ သာမန် အရပ်သားတွေကိုင်ရင်တော့ ဖုံးကို ချက်ချင်းသိမ်းပြီး ဒဏ်တပ်ပါတယ်။ ဒဏ်ငွေ မဆောင်နိုင်ရင် ထောင်ချပါတယ်။”

ယခု ဗိုလ်မှူး နေမျိုး ဌားရမ်းထားသော မိုဘိုင်းဖုံးများမှာလည်း ပြည်သူများထံမှ သိမ်းဆည်းထားသော မိုဘိုင်းဖုံးများ ဖြစ်ပြီး အရပ်သားများထံမှ သိမ်းဆည်း ရရှိပြီးနောက် ရဲလက်သို့ အဆိုပါ ဖုံးများကို မအပ်ဘဲ ကိုယ်ကျိုး အတွက် လျို့ဝှက် သိမ်းဆည်းထားကာ အရပ်သား စီးပွားရေး သမားများကို ဌားရမ်းပြီး စီးပွားရေး လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဘင်္ဂလာဒေခ်ျ့ မိုဘိုင်းဖုံးများကို ဒေသအတွင်းက စီးပွားရေး သမားများသို့ ဌားရမ်းပြီး ကိုယ်ကျိုးစီးပွား ရှာနေသူများမှာ ဗိုလ်မှူး နေမျိုး တဦးတည်း မဟုတ်ဘဲ မောင်တောမြို့နယ်ရှိ နစက နယ်မြေတိုင်းတွင် ဖြစ်ကြောင်း သတင်း ရရှိသည်။