ရခိုင်ပြည်နယ်တွင် ရေဘေး အကူအညီ များစွာ လိုအပ်နေဆဲ
6/18/2010
မင်းဆက်ခိုင်
ရခိုင်ပြည်နယ်တွင် ယခုလ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ သုံးရက်တိုင်တိုင် လေပြင်းနှင့်အတူ မိုးသည်းစွာ ရွာသွန်းခဲ့ သောကြောင့် ရေကြီး မြေပြိုကာ လူသေဆုံးမှု၊ နေအိမ်များပျက်စီးမှု၊ ရေလွှမ်းမိုးမှု ရှိခဲ့ပြီး ရေဘေးဒဏ် ခံခဲ့ရသူများလည်း ထောင်ချီပြီ ရှိခဲ့သည်။
အဆိုပါ ရေဘေးဒဏ်ခံခဲ့ရသူများ အတွက် အကူအညီများစွာ လိုအပ် နေဆဲ ဖြစ်ကြောင်း နိရဉ္စရာမှ စုံးစမ်းသိရှိရသည်။
အကူအညီ လိုအပ်နေသော မြို့နယ်များမှာ ရေဘေးနှင့် လေဘေးကို အဓိက ခံခဲ့ရသည့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်းနှင့် မြေပုံမြို့နယ် တို့ဖြစ်ကြသည်။
ဘူးသီးတောင်မြို့ခံတဦးက“ရေဘေး၊ လေဘေး သင့်တဲ့ နေရာတွေက လူတွေ အကူအညီ များစွာ လိုအပ် နေဆဲဖြစ် ပါတယ်။ ဒီမှာက နေရာ တော်တော် များများမှာ ရေဖုံးလွှမ်းခဲ့ပါတယ်။ နေရေး ထိုင်ရေး၊ စားရေး သောက်ရေးက အစ အဆင်မပြေကြသေးဘူး။ အခု နိုင်ငံခြားအဖွဲ့ အစည်းတွေက အကူအညီ ပေးနေတာတွေတော့ ရှိပါတယ်။ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကူညီ ပေးတာတွေ တော့ မရှိသေးပါဘူး။ သေဆုံးသူ ဘူးသီးတောင်မှာ အယောက် ၉၀ လောက် ရှိတယ်လို့ သိရပါတယ်။” ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်တွင် လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျ မှုတို့ကြောင့် ရပ်ကွက်(၅)ရှိ ဟန်မလာကျေးရွာ၊ ကျောက်ရွက်ပြင်တိုးချဲ့ကျေးရွာနှင့် ကကျဘက်ပြင်ကျေးရွာ အုပ်စုတို့မှ အမျိုးသား ၁၃ဦးနှင့် အမျိုးသမီး ၁၈ဦး စုစုပေါင်း ၃၁ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နအဖ စစ်အစိုးရ အာဏာပိုင် များမှ ထုတ်ပြန်ထားသည်။
အလားတူ မောင်တောမြို့ခံတဦးကလည်း“ အခု လောလောဆယ်တော့ ယူအန်က ရေဘေး၊ လေဘေးသင့် ဒုက္ခသည်တွေကို ကူညီပေးနေပါတယ်။ ရေဘေး သင့်သူတွေကို မောင်တော အထက ကျောင်းနဲ့ အလက ကျောင်းတွေမှာ နေရာချပေးထားပါတယ်။ ဒါပေမယ့် နယ်က ရေဘေးသင့်ခဲ့တဲ့ နေရာတွေမှာ အကူအညီတွေကတော့ အများကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေ ကလည်း ထိထိရောက်ရောက် ကူညီပေးတာ တွေမရှိသေးသလို NGO’s အဖွဲ့အစည်းတွေကလည်း အဲဒီဒေသတွေ အထိ လက်မရောက်နိုင်သေးပါဘူး။” ဟု ပြောသည်။
မောင်တောမြို့တွင် ရပ်ကွက်(၄)ရှိ ရွာသစ်နှင့် ဗိုလ်မှူးရွာ တို့တွင် ရေ အမြင့်ပေ ၄ပေအထိ မြင့်တက်ခဲ့သော ကြောင့် မိသားစု ၂၅၀ ခန့် မောင်တော အထကကျောင်းနှင့် အလကကျောင်းသို့ ရွှေ့ပြောင်း ခဲ့ရသည်။
၎င်းအပြင် မောင်တောမြို့နယ် အောက်ပြူးမကျေးရွာ၊ ရေမျက်တောင်ကျေးရွာ၊ ဦးချဥ့်ကျကျေးရွာ၊ ဇီးပင်ချောင်းကျေးရွာနှင့် အနီးအနားမှ ကျေးရွာများတွင် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျမှုတို့ကြောင့် လူ ၃၀ ခန့် သေဆုံးခဲ့သည်။
မင်းပြားမြို့နယ် ဆပ်ကြားကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၅ လုံးနှင့် စာသင်ကျောင်း တကျောင်း လုံးဝ ပျက်စီးသွားခဲ့ပြီး ကျန်နေအိမ် အများအပြားလည်း တစိတ်တပိုင်း ပျက်စီး သွားကြောင်း သိရသည်။
ဒေသခံတဦးက“ဒီမှာ ရှိတဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်ဆိုတော့ ခိုလှုံစရာ နေရာမရှိသလို ဖြစ်နေပါ တယ်။ အကူအညီတွေ လိုအပ်နေဆဲပါ။ စားရေး သောက်ရေးတွေလည်း အဆင်မပြေ သေးဘူး။ အခုလော လောဆယ်တော့ ကျန်ရှိခဲ့တဲ့ အိမ်တွေနဲ့ အနီးအနား ကျေးရွာတွေက နေအိမ် တွေမှာ လေဘေးသင့်သူ တွေကို နေရာချပေးထားပါတယ်။”
ထို့အတူ မြေပုံမြို့နယ် ကြာအင်းတောင်းကျေးရွာတွင်လည်း နေအိမ်များ ပျက်စီးခဲ့ပြီး ပုဇွန်ကန် အများ အပြားလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ကားလမ်းများနှင့် ကျေးရွာဆက် လမ်းအများအပြားလည်း ပျက်စီးခဲ့ပြီး တံတားများလည်း ရေထဲ မျောပါသွားခဲ့သဖြင့် ကျေးလက် တောရွာများသို့ ရေဘေး အကူ အညီများ အချိန်မှီ မရောက်ရှိ နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
Saturday, June 19, 2010
Saturday, June 12, 2010

စစ်တပ်သာမက ရေတပ်ကလည်း ပေါ်စတာကပ် ဆိုင်းဘုတ်ထောင်ပြီး ရခိုင်တွင် လူသစ်များ စုဆောင်း
6/12/2010
ရခိုင်ပြည်နယ်တွင် ကြည်းနှင့်ရေ နအဖ တပ်မတော်သားများက ရဲဘော်သစ်များကို ယခုအခါ အပြိုင်အဆိုင် အပြင်းအထန် စုဆောင်းနေကြောင်း သိရသည်။
ယခုအခါ နအဖ ရေတပ်မှ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပြီး ရေတပ်သားသစ်များကို စုဆောင်းနေကြောင်း ဒေသခံ တဦးက ပြောသည်။
“သူတို့ ထောင်တဲ့ ဆိုင်းဘုတ်နဲ့ ကြော်ငြာထဲမှာ ဘယ်လို ပါသလဲ ဆိုရင် - သင့်ကို မြန်မာ့ ပင်လယ်ပြင်ကို ကာကွယ်ဖို့ မြန်မာ့ရေတပ်က အလိုရှိသည်- ဆိုပီး ပါဝင်ပါတယ်။ ၀င်တဲ့သူကို ပိုက်ဆံ တသိန်း ဆန်တအိတ် ပေးတယ်လို့လည်း သိရပါတယ်။”
အရင်က မြန်မာ့ရေတပ်ကို ၁၀ တန်းအောင် အဆင့် ရှိသူများမှသာ ၀င်ရောက်ခွင့် ရှိသော်လည်း ယခုအခါ ရှစ်တန်းအောင် အဆင့်များကိုပါ စည်းရုံးသိမ်းသွင်းနေသည်ဟု သူက ပြောသည်။
ယခုကဲ့သို့သိမ်းသွင်းနေမူအပေါ် စစ်တွေ ရေတပ် အငြိမ်းစား တဦးကို မေးကြည့်ရာ သူက “ အခုလို စုဆောင်းတာက အချက် နှစ်ချက် ရှိပါတယ်။ တချက်က ရေတပ်ကို အကြီးအကျယ် တိုးချဲ့ဖို့ နအဖ စစ်အစိုးရက စီစဉ်နေပါတယ်။ ဒုတိယ အချက်ကတော့ အရင်ကလို ရေတပ်တွေ စစ်တပ်တွေကို လူငယ်တွေက မ၀င်တော့ဘူး။ ဒါကြောင့် မြန်မာ့ ရေတပ် အနေနဲ့ ဆိုင်းဘုတ်ထောင် ကြော်ငြာကပ်ပီး စည်းရုံးလာရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအခါ ရေတပ်မှ တပ်သားသစ် စုဆောင်းသော ပိုစတာများနှင် ဆိုင်းဘုတ်များကို ပေါက်တောနှင့် မင်းပြားမြို့ နယ် ကျေးရွာတိုင်းတွင် မြင်တွေ့နိုင်ပြီး တပ်သားသစ်များ ရရှိရေး အတွက် လူငယ်များကို မက်လုံး အမျိုးမျိုးပေးကာ စည်းရုံးနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်သားသစ် တဦး၏ ဈေးနုံးမှာ ကျပ် တသိန်းနှင့် နှစ်သိန်းကြားရှိပြီး တပ်ထဲကို ၀င်ရောက်သည်နှင့် တပြိုင်နက် အဆိုပါငွေနှင့် ဆန်ကို ချက်ချင်း ထုတ်ပေးသည်ဟု သိရသည်။
Friday, June 4, 2010

ခိုင်သိန်း
-----------
Burmese Navyရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ တပ်ကြပ်ကြီး တဦးကို ဒေသခံ ပြည်သူများထံမှ မတရား ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ လူငယ်တဦးက ဓါးနှင့်ထိုး ကြောင်း သတင်း ရရှိသည်။
အဆိုပါ ဓါးထိုးမှုမှာ သပြုချိုင် ဈေးတွင် ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဓါးထိုး ခံရသည့် ရေတပ်ကြပ်ကြီးမှာ ဌေးဦးဆိုသူ ဖြစ်ပြီး သပြုချိုင် ဈေးတွင် လာရောက်ဈေးဝယ်နေစဉ် ယခုကဲ့သို့ ဓါးထိုးခံရခြင်း ဖြစ်သည်။
ဓါးထိုးသူမှာ သံတွဲမြို့နယ် ဇရပ်တောင်ကျေးရွာနေ အဖ ဦးမောင်ရွှေသား ကိုလုံးမောင်ဖြစ်ပြီး ယခုအခါ ကိုမောင်လုံးမှာ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။
“ အဲဒီ တပ်ကြပ်ကြီး ဈေးဝယ်နေတုန်းမှာ ကိုလုံးမောင်က နောက်ကနေ ဓါးနဲ့ ထိုးတာပါ။ သုံးချက် ထိုးတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဆေးရုံကို ချက်ချင်း ယူသွားတယ် ” ဟု ဆင်ခေါင်းကျေး ရွာသား တဦးက ပြောသည်။
ကိုလုံးမောင်ထံမှ လစဉ် အဆိုပါ တပ်ကြပ်ကြီးက ပင်လယ်ပြင်ထဲ ငါးဖမ်းခ အဖြစ် ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ ဓါးနှင့် ထိုးခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။
“ တပ်ကြပ်ကြီး ဈေးဝယ်စရာရှိတယ်ဆိုပီး ငွေလာတောင်းတယ်။ ကိုလုံးမောင်က ငါးဖမ်း မထွက်နိုင်တဲ့ အတွက် ငွေမရှိသေးဘူးလို့ ပြောတယ်။ အဲသလို မပေးနိုင်တဲ့ အပေါ် မချေမငံ ပြောတော့ ကိုလုံးမောင်လည်း အရှက်ရပီး ဈေးထဲမှာ နောက်ကနေ ဓါးနဲ့ထိုးတာ ဖြစ်ပါတယ်။ ”
ဒေသအတွင်းရှိ ဆင်ခေါင်းကျေးရွာ၊ ဇရပ်တောင်၊ ခမောင်းတန်း၊ မြိုတောင် ကျေးရွာနှင့် တခြားကျေးရွာ သားများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး သူတို့ အနေဖြင့် ပယ်လယ်ပြင်တွင် ထွက်၍ ငါးရှာခွင့် ရရန်အတွက် သပြုချိုင် ရေတပ်ကို ပိုက်ဆံ ပေးရသည်။
အဆိုပါ ဒေသမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းစက်လှေပိုင်ရှင်များ အနေဖြင့် စက်လှေတစီးလျှင် ကျပ်ငွေ ၁ သိန်းခွဲနှုန်းဖြင့် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ ဗိုလ်ကြီး သောင်းရွှေအား ပေးရပြီး မပေးပါက ငါးဖမ်းခွင့် မရှိကြောင်း သိရသည်။
ငွေမပေးဘဲ ငါးဖမ်းသည့် စက်လှေပိုင်ရှင်များကို ရေတပ်စခန်းသို့ ဆင့်ခေါ်ပြီး ထိတ်တုံးခတ်ကာ ငွေပေးမှ ပြန်လွှတ် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ဓါးထိုးခံရသည့် တပ်ကြပ်ကြီး ဌေးဦးမှာ ယခုအခါ သံတွဲ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသ နေကြောင်း သိရသည်။
:----------------------------------- ----------------------------------- ----------------------------------- -----------------------------------:
(နိရဉ္စရာသတင်း)

အာဇာနည် ဗိုလ်ခိုင်မိုးလင်း အထိမ်းအမှတ်နေ့ ကျင်းပ
6/4/2010
စံလင်း (နိရဉ္စရာ)
၃၃ နှစ်မြောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌကြီး ခိုင်မိုးလင်း ကျသည့်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဌာနချုပ်နှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတို့တွင် ကျင်းပခဲ့ကြသည်။
အိန္ဒိယ- မြန်မာနယ်စပ်ရှိ ဗဟိုဌာနချုပ်တွင် ပြုလုပ်သော အခမ်းအနားသို့ လူပေါင်း ၉၀ တက်ရောက်ပြီး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးဆပ် တိုက်ပွဲဝင်သွားသူ ဗိုလ်ခိုင်မိုးလင်းအား တက်ရောက် ဦးညွှတ် အလေးပြုခဲ့ကြသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်ထွန်းလင်းက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ယခုကဲ့သို့ ပြောသည်။
“ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့ရတဲ့ ဇွန်လ ၄ ရက်နေ့ကို ရောက်တိုင်း ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ အနေနဲ့ အခမ်းနားတွေ ထုတ်ပြန်ချက်တွေ ထုတ်ရတဲ့ ရည်ရွယ်ချက်ကတော့ အဖရခိုင်ပြည်ကြီးနဲ့ ရခိုင်အမျိုးသားတွေ လွတ်မြောက်ရေး အတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းရဲ့ ဂုဏ်ကျေးဇူးတွေကို အစဉ် သတိရနေစေရန်နဲ့ သူ့ရဲ့ ဂုဏ်ကျေးဇူးတွေကို ဖေါ်ထုတ်လိုတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ရခိုင်ပြည်တော်လှန်ရေးမှာ ကိုယ့်အသက်ကို မဌဲ့ကွက်ဘဲ ပေးဆပ် တိုက်ပွဲ ၀င်သွားခဲ့တဲ့ ဥက္ကဌကြီး ခိုင်မိုးလင်းကို အထူး ဂါရဝဦးညွတ် အလေးပြုလိုတဲ့ အတွက် ခုလို အခမ်းအနားကို ကျင်းပ ပြုလုပ်ရတာ ဖြစ်ပါတယ်။”
၎င်းပြင်သူက “နောက်ပြီးတော့ ဥက္ကဌကြီး ခိုင်မိုးလင်းရဲ့ ရခိုင်ပြည် လွတ်မြောက်ရေး အတွက် စိတ်ရှည်ခြင်း သဘောထား ကြီးခြင်း စွန့်လွတ် အနစ်နာခံခြင်းနှင့် သူမတူ ထူးခြားတဲ့ ဇွဲလုံးလ ဝိရီယ တွေကို အနာဂတ် ရခိုင်မျိုးဆက် လူငယ်တွေ အတုယူနိုင်အောင် ရည်ရွယ်ပီး ကျင်းပ ပြုလုပ်ရတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
အခမ်းအနားတွင် တက်ရောက်သူများက ဥက္ကကြီး ဗိုလ်ခိုင်မိုးလင်း၏ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ကြိုးပမ်းမူများကို ဖေါ်ကျူးသော မိန်းခွန်းစကားများကို ပြောကြားခဲ့သည်ဟု သိရသည်။
ဥက္ကဌကြီး ခိုင်မိုးလင်းသည် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် တပ်အင်အား ၁၀၀ ကျော်ကို ဦးစီးပြီး ကရင် မဟာမိတ် နယ်မြေမှ ၁၉၇၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ရခိုင်ပြည်သို့ စတင်ချီတက်ခဲ့သည်။ ကရင်နယ်မြေမှ ကရင်နီ၊ ရှမ်း၊ ကချင် ဒေသများကို ဖြတ်ကျော်ပြီး မိုင်ပေါင်း ၂၀၀၀ ကျော်ခရီးကို ချီတက်ပြီးနောက် ရခိုင်နှင့် ချင်းနယ်စပ် အရောက်တွင် ဗမာ စစ်တပ်မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဗမာ စစ်တပ် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မူ အတွင်း ရဲဘော်အများအပြား ကျဆုံးသွားခဲ့ပြီး အများ အပြားလည်း ဖမ်းဆီးခံခဲ့ရသည်။ ၎င်းနောက်ပိုင်း ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ အရောက်တွင် ဥက္ကဌကြီး ခိုင်မိုးလင်းသည် ဗမာ စစ်တပ်လက်မှ မလွှတ်မြောက်နိုင်သည်ကို သိသဖြင့် ရန်သူထံတွင် လက်မြှောက် ဒူးထောက် အရှုံးပေးခြင်း မရှိဘဲ သူရဲကောင်း ပီသစွာဖြင့် ပါလာသော ပစ္စတိုဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
ဥက္ကဌကြီး ခိုင်မိုးလင်း ကျဆုံးခဲ့တဲ့ ၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ်နေ့ ဆုတောင်းပွဲ အခမ်းအနား တရပ်ကို ဘင်္ဂလားဒေ့ခ်ျ နိုင်ငံ ဖလောင်းချိတ်တွင် ယနေ့ (ဇွန်လ ၄ ရက်) က ရခိုင်အမျိုးသမီး အစည်းအရုံးမှလည်း ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။
Tuesday, May 25, 2010

ရှားပါး ကျားပြောက် အရောင်ပါ လိပ်အကောင် ၄၈၀ ဒက္ကား လေဆိပ်တွင် ဖမ်းမိ
5/25/2010
tortisesအမေရိကန် ယူနီဖေါင်းကဲ့သို့ ကျားပြောက် အရောင်များပါသော လိပ်ကောင်ရေ ၄၈၀ ကို မလေးရှားနိုင်ငံသို့ ခိုးထုတ်စဉ် ဘင်္ဂလာဒေခ်ျ့ အရာရှိများက ဒက္ကား လေဆိပ်တွင် ဖမ်းဆီးလိုက်သည်။
အဆိုပါ လိပ်များကို အိန္ဒိယ နိုင်ငံသား တဦးဖြစ်သူ ပီယာ မူဟာမတ်ထံမှ မလေးရှား လေကြောင်းလိုင်းဖြင့် ဒက္ကားလေဆိပ်မှ တဆင့် ခိုးထုတ်ရန် စီစဉ်နေစဉ် မလေးရှား လေကြောင်းလိုင်း ကောင်တာတွင် ဖမ်းဆီး မိခြင်း ဖြစ်သည်။
အဆိုပါ လိပ်များမှာ အထူးရှားပါးလိပ် တမျိုး ဖြစ်ပြီး “Star Tortoise”ဟု ခေါ်သည်။ ယခုအခါ အဆိုပါ လိပ်များကို များသောအားဖြင့် အိန္ဒိယ နိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော တမီလ်နာဒူးလ်၊ အန်ဒရာ ပါရာဒက်ခ်ျနှင့် ကာနာတာကာ ပြည်နယ်များရှိ တောထဲများတွင် ရှာဖွေ တွေ့ရှိနိုင်ကြောင်း သတင်းများက ဖေါ်ပြသည်။
ယခင်က အဆိုပါ လိပ်များကို ဘင်္ဂလာဒေခ်ျ့ ပင်လယ် ကမ်းခြေဒေသများတွင် ရှာဖွေ တွေ့ရှိသော်လည်း ယခုအခါ မျိုးတုန်းသွားပြီ ဖြစ်ကြောင်း သိရသည်။
ယခုတွေ့ရှိရသော ရှားပါး လိပ်များမှာ နိုင်ငံတကာ ဈေးကွက်တွင် အထူး လူကြိုက် များပြီး ဈေးကြီးကြီး ရကြောင်း သိရသည်။
ဖမ်းဆီးရမိသော လိပ်များကို ကော့ဘဇားခရိုင်ရှိ ဘင်ဂါဘောင်ဒူ ရှိတ်မူဂျီဘူရာဟမန် ဘေးမဲ့ တိရစ္ဆာန် ဥယျာဉ် တောတွင် ထားရှိသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ အရာရှိများက ပြောသည်

ရန်ကုန် မင်္ဂလာဈေး မီးလောင်နေ
5/24/2010
Yangoon Fireမင်းဆက်ခိုင်(နိရဉ္စရာ) ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်းရှိ မင်္ဂလာဈေးတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရသည်။
အဆိုပါမီးမှာ ယနေ့ နံနက် ၈နာရီခွဲခန့်အချိန်မှ စတင်လောင်ကျွမ်းခြင်းပြီး ယခုအချိန်ထိ ဆက်လက် လောင်ကျွမ်းဆဲဖြစ်ကြောင်း သိရသည်။
မျက်မြင်တဦးက“ မီးအားက တအားပြင်းပါတယ်။ မီးခိုးလုံးတွေနဲ့ ပြည့်နက်နေပါတယ်။ အဆောက်အဦး တော်တော်များများကို တခုပီး တခု လောင်နေပါတယ်။ လုံခြုံရေး တွေကလည်း အနားကို သွားခွင့်မပေးပါဘူး။ မီးက အကြီးအကျယ်လောင်နေပါတယ်။” ဟု နိရဉ္စရာသို့ပြောသည်။

မီးမှာ မင်္ဂလာဈေး ၄ ထပ်ရှိ ဆေးဝါးနှင့် ပရိဘောဂ ဆိုင်တဆိုင်မှ စတင် လောင်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
သူက“ မီးသတ်ကားက အစပိုင်းမှာ ၄စီးလောက်ပဲ ရောက်လာတာ။ အဂုတော့ အစီး ၁၀လောက် ရှိပါတယ်။ ရေကမလောက် ဖြစ်နေပါတယ်။ မီးသတ်ကားတစီး ရေသွားဖြည့်ရင် ၄၅ မိနစ်ခန့်ကြာ ပါတယ်။” ဟု ဆက်ပြောသည်။
အဆိုပါ ဈေးမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီပိုင် ဈေးဖြစ်ကြောင်း သိရသည်။
နောက်ဆက်တွဲသတင်းနှင့် သတင်း အသေးစိတ်သိရှိရန် နိရဉ္စရာမှ ဆက်လက်စုံစမ်းလျှက်ရှိသည်။
Thursday, May 20, 2010

အထွက်ကောင်းသော်လည်း ၀ယ်သူမရှိ၍ ရခိုင်ဆားများတောင်လိုပုံ
5/20/2010
----------------------
မောင်အေး (နိရဉ္စရာ)
----------------------
salt product in Sittweရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံဆိပ်ကမ်းတွင် ရခိုင်ပြည် အနှံ့ ဆားကွင်းများမှ တင်ပို့လာသော ဆားများကို ၀ယ်လိုသူ မရှိ၍ ဆားများ တောင်လိုပုံနေကြောင်း သတင်း ရရှိသည်။
"ဆားတပိသာကို ကျပ်ငွေ ၂၀ နဲ့တောင် ၀ယ်ယူမယ့်သူ မရှိ ဖြစ်နေတဲ့ အတွက် ဆားတွေက မင်းဂံ ဆိပ်ကမ်းမှာ တောင်လို ပုံနေပါတယ်။ အဓိက ရခိုင်က ဆားတွေကို ပြည်မဘက်က အဓိက ဆွဲတာပါ။ အခုမိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ ပြည်မဘက်က ဆားအ၀ယ် ရပ်သွားတော့ အခုဆိုရင် ဆားတပိသာကို ကျပ် ၂၀ တောင် ၀ယ်ယူမယ့်သူ မရှိ ဖြစ်နေပါတယ်။" ဟု ဆား ကုန်သည် တဦးက ပြောသည်။
ယခုကဲ့သို့ ဆားဈေးများ မကြုံဖူးအောင် ထိုးကျသွားသဖြင့် ဆားလုပ်ငန်း လုပ်ကိုင်သူများမှာ အထူး ထိခိုက်နေပြီး ထိုထက် နစ်နာသူများမှာ နယ်မှ ဆားထုတ်လုပ်သူများ ဖြစ်ကြသည်ဟု သူက ပြောသည်။
Salt product in Sittwe"ဆားကြမ်းဈေးက ကျပ် ၅၀ ထိ ရှိရာကနေ အခုကျလာလိုက်တာ ကျပ် ၂၀ ဖြစ်သွားပြီ။ စစ်တွေက ဆားလုပ်ငန်းရှင်တွေက ခုလို ဈေးကျတော့ အရှုံးပေါ်တာပေါ့။ ဆားလုပ်ငန်းရှင်တွေ အရှုံးပေါ်တော့ နယ်က ဆားထုတ်လုပ်တဲ့ သူတွေကို ငွေအကျေ မပေးနိုင်တော့ နယ်က ဆားထုတ်လုပ်သူတွေ အထူး ဒုက္ခ ရောက်နေကြရပါတယ်။" ဟု သူက ပြောသည်။
ရခိုင်ပြည်နယ် ပင်လယ်ကမ်းစပ်မြို့နယ်တိုင်း လိုလိုတွင် ဆားချက်ကြပြီး ပေါက်တော၊ မင်းပြား၊ ကျောက်ဖြူ၊ မြေပုံ၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲ မြို့နယ်များမှ ဒေသခံ ပြည်သူများ အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သော ဆားငံပေါက်ရောက်ရာ မြေများတွင် ဆားချက်ပြီး တပိုင်တနိုင် ထုတ်လုပ် နေကြခြင်း ဖြစ်သည်။
"ဆားချက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ မိသားစုတွေက ဆားဈေးကျနေတော့ စားဝတ်နေရေး အထူး အခက်ကြုံနေရတယ်။ ဒီတော့ ရှိတဲ့ဆားတွေကို စက်လှေနဲ့ တင်ပီး စစ်တွေ မင်းဂံ ဆိပ်ကမ်းကို လာသွင်းတယ်။ စစ်တွေက ဆားလုပ်ငန်းရှင်တွေကလည်း မ၀ယ်နိုင်ဘူး။ ဂိုထောင်ထဲတောင် ဆားတွေက မဆန့်တော့တဲ့ အတွက် နယ်ကလာတဲ့ ဆားတွေကို အခုအခါ အပြင်မှာ ပုံထားကြရတယ်။ မိုးလည်း စရွာ နေပီဆိုတော့ ဆားတွေ အရည်ပျော်ကုန်မှာ အထူး စိုးရိမ်နေကြရတယ်။" ဟု သူက ပြောသည်။
ယခင်က ရခိုင်က ဆားများကို စစ်တွေ မင်းဂံဆိပ်ကမ်းမှ တဆင့် ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ နိုင်ခဲ့သဖြင့် ဆားလုပ်ငန်းရှင်များ စီးပွားရေး တွက်ခြေကိုက်ခဲ့ပြီး အနောက်ပိုင်း စစ်ဌာနချုပ်မှ အပါအ၀င် ဒေသဆိုင်ရာ စစ်တပ် အရာရှိကြီးမှ ဆားလုပ်ငန်းများတွင် လေရှယ်ယာ အစုစပ်ဝင်ပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ ရခိုင်မှဆားများဈေးကျပြီးတွက်ခြေမကိုက်ဖြစ်နေသဖြင့် ဆားထုတ်လုပ်သူများ အခက်ကြုံ နေရသောအခါ အဆိုပါ အရာရှိများမှာ သတင်းပင် မမေးတော့ကြောင်းနှင့် သက်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူများမှလည်း တစုံတရာ ၀င်ရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။
လိုင်လာ ဆိုင်ကလုံးမုန်တိုင်း စစ်တွေသို့ ဝင်ရောက်ဖွယ်ရှိ
ကျော်ခ | ကြာသပတေးနေ့၊ မေလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၂ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော် တောင်းပိုင်းမှ စခဲ့သည့် လိုင်လာ ‘Laila’ ဆိုင်ကလုန်း မုန်တိုင်းသည် နောက်ထပ် ၃ ရက် အကြာတွင် မြန်မာနိုင်ငံ စစ်တွေမြို့ဘက်သို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် က ပြောသည်။
ယင်းမုန်တိုင်းသည် ယခုအခါ အိန္ဒိယနိုင်ငံ ကမ်းရိုးတမ်းတလျောက်ရှိ ကုန်းပိုင်းဒေသတွင် ၁ နာရီ လျင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့် တိုက်ခတ်လျက်ရှိပြီး နောက်ထပ် ၇၂ နာရီအကြာတွင် စစ်တွေမြို့ဘက်သို့ ဦးတည် ဝင်ရောက်ဖွယ်ရှိသည်ဟု ဆိုသည်။
“ကျနော်တို့တွက်လိုက်တဲ့ အခါမှာ ရခိုင်ပြည်နယ် မြောက်အစွန်းဘက်ကို ဝင်နိုင်တာပေါ့နော်။ ကုန်းပိုင်းအတိုင်း တောက်လျောက်သွားမယ်ဆိုရင်တော့ မုန်တိုင်းက အားပျော့သွားနိုင်ပါတယ်။ မိုးသဲသဲထန်ထန်ရွာလောက်ရုံပဲ ဖြစ်မှာပါ။ ရေထဲကနေဖြတ်ပြီး ဝင်မယ်ဆိုဆိုရင်တော့ ပြန်ပြီး အားပြင်းသွားနိုင်ပါတယ်” ဟု ဦးထွန်းလွင်က မဇ္ဈိမ ကို ပြောသည်။
မုန်တိုင်းသည် လတ်တလော အိန္ဒိယနိုင်ငံကုန်းပိုင်းဒေသများတွင် ၁ နာရီလျင်မိုင် ၁၄ဝ ကီလိုမီတာနှုန်းဖြင့် တိုက်ခတ်နေသော်လည်း ရခိုင်ပြည်နယ်သို့ ဝင်ရန် နောက် ၃ ရက်ကြာဦးမည်ဖြစ်သဖြင့် တိုက်နှုန်းအား အတိအကျကို ကြိုတင်ပြောဆိုနိုင်ခြင်း မရှိသေးဟု သူက ပြောသည်။
“အိန္ဒိယကုန်းပိုင်းဒေသတွေကို ဝင်နေပါတယ်။ တော်တော်လေး ပြင်းတယ်လို့ သိရပါတယ်။ အမှန်ကတော့ မိုးတွင်းကာလမှာ အနောက်မြောက်ကို ဆက်သွားရမှာပါ။ အခု မုတ်သုန်က မဝင်သေးတော့ အဲဒီအနောက် မြောက်ဘက်ကို သွားလို့မရတော့ဘူးပေါ့။ အဲဒီတော့ ဒီဘက်ကို ကွေ့လာတာပေါ့” ဟု သူကပြောသည်။
ယင်း လိုင်လာ ဆိုင်ကလုန်းသည် ယခုလ ၁၇ ရက်နေ့က ဘင်္ဂလားပင်လယ်တောင်ပိုင်း လေဖိအားနည်း ရပ်ဝန်းမှ စတင်ဖြစ်ပေါ်ခဲ့ပြီး ၁၈ ရက်နေ့တွင် မုန်းတိုင်းငယ်အဖြစ်သို့ အင်းအားကြီးထွားလာခဲ့ကာ “လိုင်လာ” ဟု အမည် တပ် နိုင်လောက်သည့် အားကောင်းသော အဝါရောင်အဆင့် ရောက်ရှိခဲ့ကြောင်း သိရသည်။
စင်္ကာပူအခြေစိုက် ရေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာတင်ထွန်းမြင့်ကမူ မုန်တိုင်းသည် အိန္ဒိယနိုင်ငံမှ တဆင့် ဘင်္ဂလားဒေရှ့်နယ်စပ်နှင့် ရခိုင်ပြည်နယ်ထဲသို့ ဝင်ရောက်နိုင်သော်လည်း စိုးရိမ်ဖွယ်ရာအဆင့်တွင် ရှိတော့မည် မဟုတ်ဟု သုံးသပ်သည်။
“မြန်မာနိုင်ငံဘက်ကို လည်သွားမယ်ဆိုရင် အဲဒီအချိန်ကျလို့ရှိရင် ရေမိုင်က တနာရီကို ၂၅ မိုင်ကနေ ၃ဝ အကြားပဲ ရှိတော့မယ်။ စိုးရိမ်စရာအဆင့် မရှိတော့ပါဘူး။ သူ လိုချင်တဲ့ ရေငွေ့ မရတော့တဲ့အတွက် ကုန်းပိုင်းဒေသမှာတင် ပျော့ကျသွားပါလိမ့်မယ်” ဟု ဒေါက်တာတင်ထွန်းမြင့်က ပြောသည်။
“မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်” များ ပါဝင်သည့် ယနေ့ထုတ် သတင်းစာ၌မူ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း လိုင်လာ Laila သည် အားကောင်းသည့်အဆင့် ရောက်နေသော်လည်း မြန်မာနိုင်ငံသို့ ဝင်မည် မဟုတ်ဟု ဖော်ပြထားသည်။
မုန်တိုင်း၏ “အမြင့်ဆုံး လေတိုက်နှုန်း” မှာ တနာရီ ၇၅ မိုင်ခန့် ရှိသည်ဟုလည်း ဆိုထားသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်တို့တွင် နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး တခါတရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးပြီး လေပြင်း တိုက်စဉ် “ရေပြင်မြေပြင်” လေသည် တနာရီ မိုင် ၄ဝ အထိရှိမည်ဟု ရေးသားထားသည်။
ဆိုင်ကလုန်းမုန်တိုင်းအမည် "Laila" သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခု မုန်တိုင်းပြီး နောက်တကြိမ် မုန်တိုင်းဖြစ်လျင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော "Bandu" ဟု သတ်မှတ်မှာဖြစ်သည်။

Monday, May 17, 2010

စစ်တွေတွင် ရေဖြန့်မည်ဟု လော်စပီကာဖြင့် ကျေညာပြီး စည်ပင်က ရေရောင်းစား
5/17/2010
Kandaw-Gyiရခိုင်ပြည်နယ် စစ်တွေတွင် ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းကို ရေဖြန့်ဖြူး ပေးနေပါသည်ဟု လော်စပီကာဖြင့် တာဝန်ရှိသူများက လျှောက်အော် နေသော်လည်း လက်တွေ့တွင် ရေရရှိခြင်း မရှိဘဲ စည်ပင်မှ အဆိုပါ ရေများကို ငွေကြေးချမ်းသာသူများကို ရောင်စားနေသည်ဟု စစ်တွေမြို့ခံ များက ပြောသည်။
စစ်တွေမြို့ခံ တဦးက “စစ်တွေမှာ ရေတွေကို ရပ်ကွက် အလိုက် ဖြန့်ဝေ ပေးနေတယ်ဆိုပီး သူတို့က အော်တယ်။ ပီးရင် ဖြန့်ဝေတဲ့ ရေတွေကိုလည်း အလေအလွင့် မရှိအောင် စည်းကမ်းရှိရှိနဲ့ ယူကြပါ။ သုံးစွဲကြပါ ဆိုပီးလည်း အော်တယ်။ လက်တွေ့မှာ တကြိမ် တခါမှ ကျွန်တော်တို့ ရပ်ကွက်မှာ စည်ပင်က ရေဖြန့်ဖြူး ပေးဝေတာကို မတွေ့ရသေးပါဘူး” ဟု ပြောသည်။
လက်တွေ့တွင် စည်ပင်မှ အဆိုပါ ရေများကို ချမ်းသာသူများကို ရောင်းစား နေသည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော်တို့ အိမ်နားက အိမ်တအိမ်ကို စည်ပင်က ကားနဲ့ ရေလာ ဖြည့်ပေးတာကို တွေ့တဲ့ အတွက် ကျွန်တော်တို့လည်း ရေလိုတယ်ဆိုပီး ပြောတော့ တစီးကို တသောင်းဆိုပီး ပြောပါတယ်။ လက်စသတ်တော့ စည်ပင်က လူကြားကောင်းအောင် ရေဖြန့်ဖြူး နေပါတယ်ဆိုပီး ၀ါဒဖြန့်ချီပြီး လက်တွေ့မှာ ရေရောင်းစားနေတာ ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ် စစ်တွေတွင် ရေအကြီး အကျယ် ရှားပါးနေပြီး ရေအဓိက ပေးဝေရာ ကန်တော်ကြီးတွင် ရေလုံးဝ ခမ်းခြောက်သွားပြီ ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် စစ်တွေ ကန်တော်ကြီးသို့ ရေထပ်ဆင့် လွဲပေးသည့် အောင်ဒိုင်ချောင်းဆည်တွင်လည်း ရေခမ်းခြောက်သွားသဖြင့် အနီးအနားက လူများက ဆည်ထဲတွင် ငါးရှာသည်ဟု သိရသည်။
ယခုကဲ့သို့ စစ်တွေတွင် တနေ့ထက် တနေ့ ရေအခက်အခဲနှင့် အထူး ကြုံတွေ့နေရပြီး မြို့နေလူထု အနေဖြင့် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်း များ အတွင်းမှ ရေကန်များနှင့် ရေတွင်းများမှ ရေကို ခပ်ယူ အသုံးပြု နေကြရာ တချို့ ရေကန်များမှာလည်း တစတစ ခမ်းခြောက်လာပြီ ဖြစ်သည်ဟု သိရသည်။
ထိုကဲ့သို့ ရေအခက်အခဲ ဖြစ်နေချိန်တွင် စည်ပင်မှ စစ်တွေ ရပ်ကွက်များ အား ရေပေးဝေနေသည်ဟု ပြောပြီး အားကစားရုံနောက်တွင် တည်ရှိသော ရေတွင်းများမှ ရေများကို ကားတွင်ဖြည့်ကာ တစီးကို တသောင်းနုန်းဖြင့် ရောင်းစားနေခြင်း ဖြစ်သည်။
ထိုသို့ ရေမရရှိသဖြင့် ရေသန့်ဗူးများကို ဗူးခွံမပါဘဲ တဗူးကို ၅၀၀ ကျပ်နုန်းဖြင့် ၀ယ်ယူ သုံးစွဲ နေကြရပြီး ဆိုက်ကားခဖြင့် ဆိုလျှင် ရေအတွက် တနေ့ကို ကျပ် ၇၀၀ စီ ကုန်ကျသည်ဟု စစ်တွေမြို့ခံက ပြောသည်။
စစ်တွေတွင် ယခုကဲ့သို့ ရေအခက်အခဲ ဖြစ်နေသော်လည်း သက်ဆိုင်ရာ နဖအ စစ်အာဏာပိုင်များက တစုံတရာ စီစဉ်ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

ဒုဝန်ကြီး ဖုန်းဆွေ မူဆလင် လူထုကို စည်းရုံးရန် မောင်တောသို့ ရောက်ရှိ လာပြန်ပြီ
5/16/2010
Clock Tower in Maungdowမောင်တောရှိ မူဆလင် လူထုကို စည်းရုံးရန် ပြည်ထဲရေး ဒုဝန်ကြီး ဦးဖုန်းဆွေသည် မူဆလင် သူဌေးများခြံရံပြီး ရန်ကုန်မြို့မှ မောင်တောမြို့သို့ ယနေ့ ( တနင်္ဂနွေနေ့)တွင် ရောက်ရှိလာသည်။
မျက်မြင် တဦးက “နံနက် ၁၁ နာရီမှာ မောင်တောကို ဘူးသီးတောင်က တဆင့် ရောက်ရှိလာပါတယ်။ သူနဲ့ အတူ နာမည်ကြီး မူဆလင် သူဌေးတွေ ဖြစ်တဲ့ ဦးအောင်ဇော်ဝင်းနဲ့ ဦးအောင်နိုင် အပါအ၀င် လူပေါင်း တကျိပ်ကျော် ပါလာပါတယ်။ အဓိကတော့ ကြံ့ဖွံ့ အတွက် မူဆလင် လူထုကို စည်းရုံးဖို့ လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တနင်္လာနေ့ နံနက်တွင် ပြည်ခိုင်ဖြိုးမှ မောင်တောတွင် တည်ဆောက် ထားသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ရုံးကို ဖွင့်လှစ်ရန် အစီအစဉ်ရှိပြီး အဆိုပါ ဖွင့်ပွဲတွင် ဖုန်းဆွေ အနေဖြင့် မောင်တောလူထုအား မဲဆွယ် စည်းရုံးရေး စကား ပြောကြားရန် ရှိသည်ဟု သိရသည်။
မောင်တောမှ နိုင်ငံရေး စိတ်ဝင်စားသူ လူငယ် တဦးကလည်း “ အခု ရခိုင်ပြည်နယ် မြောက်ပိုင်း မူဆလင်တွေကို စည်းရုံးရေး တာဝန်ကို ဦးဖုန်းဆွေနဲ့ အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးကို တာဝန်ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ဦး မောင်တောနဲ့ ဘူးသီးတောင်ကို ခဏခဏ ရောက်နေတာကို တွေ့နေရပါတယ်” ဟု ပြောသည်။
ဦးဖုန်းဆွေသည် မတ်လ ၁၇ ရက်နေ့ကလည်း မူဆလင် သူဌေး ၁၀ ဦးနှင့် အတူ နေပြည်တော်မှ မောင်တောသို့ ရောက်ရှိလာပြီး မူဆလင် လူထုကို နိုင်ငံသား ဖြစ်အောင် ပြုလုပ်ပေးမည်ဆိုကာ မဲဆွယ်စည်းရုံးမူကို ပြုလုပ်ခဲ့သည်။
ယခုအခါ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်ရှိ မူဆလင်များကို ဧည့်နိုင်ငံသား အဖြူရောင် ကဒ်ပြားများ ထုတ်ပေးထားသော်လည်း အဆိုပါ ကဒ်ထက် တဆင့်မြှင့် ပန်းရောင်ကဒ်ပြားများကို များမကြာမှီ ထုတ်ပေးရန် အစီအစဉ်ရှိသည်ဟု သိရသည်။
အဆိုပါ ကဒ်ပြားများအတွက် ကုန်ကျငွေ သန်းပေါင်း ၃၀၀ ကို မူဆလင် စီးပွားရေးလုပ်ငန်းရှင် နှစ်ဦးဖြစ်သည့် ဦးအောင်ဇော်ဝင်းနှင့် ဦးအောင်နိုင်မှ စိုက်ထုတ်ပေးသည်ဟု အမည် မဖေါ်လိုသူ စီးပွားရေး သမား တဦးက ပြောသည်။
ယခုအခါ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်မှ မူဆလင် ခေါင်းဆောင်များက ကြံ့ဖွံ့နှင့် အပြိုင် မောင်တော- ဘူးသီးတောင်နယ်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန်အတွက် ဒီမိုကရက်တစ် လူအခွင့်အရေး အဖွဲ့ကို တည်ထောင်ပြီး ရွှေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ရန် စီစဉ်နေသည်ဟု သတင်း ရရှိသည်။
သောက်သုံးရေကြောင့် နာဂစ် အိမ်ရာများကို စွန့်ခွာ
မိုးယံ Monday, May 17, 2010
ဧရာဝတီတိုင်း၊ လပွတ္တာ ခရိုင်၊ ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အတွင်းရှိ တန်ဖိုးနည်း အိမ်ရာများတွင် နေထိုင်သူ များသည် သောက်သုံးရေ အခက် အခဲကြောင့် ရေချို ရနိုင်သည့် နေရာများသို့ ပြောင်းရွှေ့နေ ကြကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီကုန်းပေါ်မှာ ရေချို လုံးဝမထွက်ဘူး၊ သောက်ရေရော သုံးရေပါ မရှိတော့ ဘယ်သူမှ မနေကြတော့ဘူး၊ အလုပ်တွေနဲ့ကလည်း ဝေးတယ်၊ ရေကလည်းမရတော့ ရွာတွေထဲမှာ အိမ်တွေ သွားပြန်ဆောက်ပြီး နေနေကြတာပေါ့” ဟု ကုန်းသာယာကျေးရွာ တန်ဖိုးနည်း အိမ်ရာတွင် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ထိုအိမ်များသည် နာဂစ်မုန်တိုင်းအတွင်း အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ပြီး ရွာလုံးကျွတ်နီးပါး သေကျေပျက်စီးခဲ့သော ခုံးကြီး၊ ဘုန်းတော်ပြည့် စသည့် ကျေးရွာတို့မှ ဒေသခံများအတွက် အဓိကဦးစားပေး တည်ဆောက်ထားခြင်း ဖြစ်သည်။
“သူတို့ဆောက်ပေးတဲ့ အိမ်ရာမှာ ရေချို လုံးဝ မထွက်ဘူး၊ တောင်ကုန်းပေါ်မှာ မိုးဒဏ်လေဒဏ် ခံနိုင်အောင် ဆောက်ပေးထားပေမယ့် သုံးရေကို တောင်အောက်က ရွာတွေမှာ သွားခပ်ရတယ်၊ အလုပ်ဆိုလည်း တောင်အောက်မှာပဲ ရှိကြတော့ ဒီအိမ်တွေမှာ နေတဲ့လူ မရှိတော့ဘူး၊ အခု ရေတော်တော် ဒုက္ခရောက်တော့ ပိုဆိုးတာပေါ့” ဟု ဟိုင်းကြီးကျွန်း မြို့နယ်ခွဲအတွင်းရှိ မကျီးချိုင်ကျေးရွာမှ တံငါသည် တဦးက ဆိုသည်။
ရေချိုထွက်ရှိသော နေရာများသို့ ပြောင်းရွေ့ နေထိုင်ကြသည့်တိုင် နေပူပြင်းမှုကြောင့် သောက်သုံး ရေကန်များ ခန်းခြောက်ခြင်း၊ တုံကင်မှ ရေမထွက်တော့ခြင်းတို့ကြောင့် အခက်အခဲများ ထပ်မံကြုံတွေ့နေရကြောင်းလည်း သိရသည်။
“အိမ်တွေကလည်း စဆောက်ပေးတုန်းက ကောင်းမလိုလိုနဲ့ တနှစ်ကျော်ပဲရှိသေးတယ်၊ ယိုင်လာလို့ တုတ်တွေ ထောက်ထားရတယ်။ ရေမရှိလို့ တနေ့ကို ၈၀၀ ဖိုးလောက် ၀ယ်သုံးရတယ်၊ ဒီပေါ်မှာ ဘာမှလည်း လုပ်စားလို့ မရတော့ တောင်အောက် ပြန်နေကြတာပေါ့” ဟု ကုန်းသာယာကျေးရွာမှ အဆင်းချိုင်ကျေးရွာသို့ ပြောင်းရွှေ့လာသူ အမျိုးသမီးကြီးက ဆိုသည်။
အလားတူပင် လပွတ္တာ ခရိုင်အတွင်းရှိ ကုက္ကိုင်ကျေးရွာအနောက်ခြမ်း ကွက်သစ်တွင် တည်ဆောက်ပေးသော သွပ်မိုး ပျဉ်ကာ အိမ်ရာများသည်လည်း ယိုင်နဲ့လာပြီး တုတ်များ ထောက်ထားရသောကြောင့် ယင်းကွက်သစ်တွင် နေထိုင်သူများ ကမ်းစပ်သို့ ပြောင်းရွှေ့ကာ ပြန်လည်အခြေချ နေထိုင်နေရကြောင်း၊ သာမန် လေတိုက်ခိုက်မှု ဒဏ်ကြောင့်လည်း အိမ်များပျက်စီးနေကြောင်း ကွက်သစ်တွင်နေထိုင်သူ တဦးကဆိုသည်။
“အဓိကက ရေတူးတာ ရေလုံးဝမထွက်ဘူး၊ ရေငန်တွေပဲထွက်တော့ ရေမရတဲ့အဆုံး မနေကြတော့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော လပွတ္တာ ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင်လည်း ရေတွင်းရေကန်များ ခန်းခြောက် လျက်ရှိရာ ဒေသခံ ၂ သိန်းခန့်သည် သောက်သုံးရေ ပြတ်လပ်မှုဒဏ်ခံရမည့် အလားအလာရှိသည်ဟု ကုလသမဂ္ဂ ရန်ကုန်ရုံးခွဲက သတင်း ထုတ်ပြန်ထားသည်။
၂၀၀၈ ခုနှစ် မေလအတွင်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် ဧရာဝတီတိုင်း အတွင်းရှိ လူဦးရေ ၇ သန်းအနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး လူဦးရေ ၁၄၀၀၀၀ ခန့် သေကျေပျောက်ဆုံးခဲ့သည်။ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့်ပျက်စီးခဲ့သည် ဟု သိရသည်။

Friday, May 14, 2010

ပါတီသစ် ဖွဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
ဧရာဝတီ Friday, May 14, 2010
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းကျ လုပ်ထုံး လုပ်နည်းကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်းက ရှေ့နေ ဦးဉာဏ်ဝင်းနှင့် နှစ်နာရီကြာ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်း စုကြည်က ထိုသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
“ဒေါ်စုက NLD အနေနဲ့ အများသဘောတူ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သဘောမတူတဲ့ အနည်းက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာက ဒီမိုကရေစီ ကျင့်စဉ်နဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်”ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
ပါတီ ဆက်လက် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အစီအစဉ်ကို သဘောမတူသည့် NLD ခေါင်းဆောင် တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)အမည်ဖြင့် NLD ၏ နောက်ဆုံးနေ့ဖြစ်သည့် မေလ ၆ ရက်နေ့မှာပင် ပါတီ သစ်တခု ဖွဲ့စည်းခဲ့ကြသည်။
NDF ကို ဒေါက်တာသန်းငြိမ်းက ဦးဆောင်ဖွယ်ရှိပြီး ယခုလလယ်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီ မှတ်ပုံတင်မည်ဟု ခန့်မှန်းရသည်။ NDF တွင် ဒေါက်တာဝင်းနိုင်၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနှင့် တခြား အဖွဲ့ဝင်ဟောင်းများ ပါဝင်သည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အရ ပျက်ပြယ်သွားပြီးဖြစ်သော NLD ပါတီ၏ လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း သိရသည်။
“လောလောဆယ်မှာ ဗဟို အဖွဲ့ချုပ်ရုံးမှာ နိုင်ငံခြားသား ဧည့်သည်တွေ လက်ခံတွေ့ဆုံတာမျိုး၊ နိုင်ငံရေး အစည်းအဝေး လုပ်တာမျိုးတွေ မလုပ်ပါနဲ့လို့ ဒေါ်စုက မှာလိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်။
မိုးခေါင်ရေရှားမှုအပေါ် ဝေဖန်ချက် အမျိုးမျိုးထွက်
ခိုင်စု | သောကြာနေ့၊ မေလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ သဘာဝပတ်ဝန်းကျင် ပျက်သုန်းမှုကြောင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှား ဖြစ်ပေါ်နေကြောင်း ပညာရှင်များက ပြောကြားနေခိုက် ပြည်သူအချို့က အုပ်ချုပ်သူများ မင်းကျင့်တရားနှင့်အညီ မအုပ်ချုပ်သောကြောင့်ဟု ရှေးရိုးအစဉ်အလာတိုင်း ယုံကြည်နေကြသည်။
ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်း၊ ရခိုင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ရေတွင်း ရေကန်များခမ်းခြောက်ပြီး သောက်သုံးရေရှားပါးမှု လွန်ခဲ့သည့်လကတည်းကပင် ခံစားနေရသလို နေ့အပူချိန်ကလည်း ထူးကဲစွာမြင့်တက်မှု ဖြစ်ပေါ်နေသည်။
ရန်ကုန်အခြေစိုက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (FREDA) အသင်း ဒုဥက္ကဋ္ဌ ဦးအုန်းက သစ်တောသစ်ပင်များ အလွန်အကျွံ ထုတ်ယူရာမှ ရေထိန်းသိမ်းသည့်စနစ် ပျက်စီးခြင်းကြောင့် မိုးခေါင်ရေရှား ဖြစ်ရသည်ဟု ပြောသည်။
“သစ်ပင်ခုတ်ရင် တပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ်။ အခုက ၁ဝ ပင်ခုတ်ပြီး ၁ ပင် ပြန်စိုက်တာဆိုတော့ ခုတ်တာနဲ့ စိုက်တာ မမျှဘူး။ အဲဒီတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တာပေါ့။ တောတွေက တောင်တွေက ရေတွေကို ထိန်းသိမ်းထားတယ်။ မိုးရွာတဲ့အခါ ရေတွေကို စုပ်ထားပြီး လှောင်ပေးထားတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးတော့ ရေသိုလှောင်ပေးတဲ့ စနစ်တခု ပျက်သွားတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
မြန်မာပြည်တဝှန်း မိုးခေါင်ရေရှား ဖြစ်နေရခြင်းမှာ အပူရှိန်မြင့်မားပြီး မိုးရွာသွန်းမှု နည်းခြင်းကြောင့်နှင့် မြန်မာနိုင်ငံသို့ မုတ်သုံဝင်ရောက်မည့် လမ်းကြောင်းဖြစ်သော ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် နိုင်ငံများတွင်လည်း ရာသီဥတု မကောင်းသောကြောင့်ဟု ရန်ကုန်မြို့ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သုံးသပ်သည်။
ယမန်နေ့က အကြမ်းမျဉ်း ခန့်မှန်းထားချက်အရ အနည်းဆုံး လူ ၅ သိန်းကျော် သောက်သုံးရေ ရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေရကြောင်း နေပြည်တော်အခြေစိုက် ရေအရင်းမြစ် ဦးစီးဌာနအရာရှိတဦးက ခန့်မှန်းပြောဆိုထားသည်။
သို့သော် ယခုလို ပူပြင်းခြောက်သွေ့ပြီး မိုးခေါင်ရေရှား ဖြစ်နေသည်မှာ ၁၉၉၈ ခုနှစ်က စံချိန်ကို မမီသေးကြောင်း ဦးထွန်းလွင်က ပြောသည်။
“အဲဒီတုန်းကဆိုရင် မြန်မာပြည်အနှံ့အပြားက မိုးလေဝသစခန်း ၃ဝ လောက်မှာ စံချိန်တင် မြင့်တက်ခဲ့တယ်။ ဒီနှစ်တော့ စခန်း ၁ဝ ခုမှာပဲ စံချိန်ကျိုးသေးတယ်။ ဒီထက် ပိုကျိုးမလားဆိုပြီး စောင့်ကြည့်ရတဲ့ အနေအထားပါ” ဟု သူက ဆိုသည်။
စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် ယမန်နေ့က ၄၇ ဒီဂရီစင်တီဂရိတ်၊ မန္တလေးတိုင်း မြင်းခြံမြို့တွင် ၄၆.၅ ဒီဂရီစင်တီဂရိတ်၊ မန္တလေး၊ မုံရွာ၊ မကွေးတို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်၊ မန္တလေးတိုင်း ညောင်ဦးမြို့တွင် ၄၄.၈ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်သည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။
“အုပ်ချုပ်နေတဲ့ လူတွေက မင်းကျင့်တရား ၁ဝ ပါးနဲ့အညီ မပြောနဲ့ ဘုန်းကြီးတွေကို သတ်ပြီး ဘာသာတရားကို စော်ကားနေတာကိုး။ ပြီးတော့ တိုင်းပြည်မှာ ဆင်ဖြူရှိရင် မိုးခေါင်ရေရှား မဖြစ်ဘူးဆို။ အခု သူတို့ပြောတဲ့ ဆင်ဖြူရှိလည်း တိုင်းပြည်ကြီးက မစည်ပင်တဲ့အပြင် မိုးခေါင်ရေရှားနေပြီ။ သူတို့ကြောင့် ပြည်သူတွေပဲ ဒုက္ခရောက်တာ” ဟု ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှ ဆရာတော်တပါးက မိန့်တော်မူသည်။
ပဲခူးမြို့နယ် ကျေးရွာများကို ရေလှူဒါန်းသူတဦးကလည်း “ကျမတို့ ဗုဒ္ဒဘာသာမှာက ဒီလို အစာရေစာရှားပါးတဲ့ ပြဿနာကို ဘေးဆိုက်တယ်လို့ ပြောတယ်။ အုပ်ချုပ်တဲ့ မင်းတွေက မင်းကျင့်တရားနဲ့အညီ မအုပ်ချုပ်ရင် ပြည်သူတွေမှာ ဒီလိုဘေးမျိုး ကျရောက်ပါတယ်။ တရားမျှတမှုမရှိဘဲ အုပ်ချုပ်နေတာကိုး။ ကျမတို့စိတ်ထဲမှာ တိုင်းပြည်မှာ မကြာခင် တခုခုဖြစ်တော့မယ်လို့ ခံစားရတယ်။ စိတ်ထဲမှာလည်း တင်းကျပ်နေတယ်” ဟု ပြောဆိုသည်။
ရန်ကုန်မြို့ရှိ နာမည်ကြီး ဝေဒပညာရှင်တဦးကမူ ယခုလို မိုးခေါင်ရေရှား ဖြစ်ရခြင်းမှာ ဂြိုဟ်များနှင့် သက်ဆိုင်ခြင်း မရှိဘဲ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြသော လူများနှင့်သာ တိုက်ရိုက်သက်ဆိုင်သည်ဟု ပြောသည်။
“လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟအရ ဖြစ်တည်နေတဲ့ ဓာတ်ကြီး ၄ ပါး ဖောက်ပြန်လို့ ဖြစ်ရတာ။ လူတွေက ကိုယ်ကျင့်တရား ပျက်ပြားလာကြတဲ့အပြင် ရနိုင်တဲ့ သယံဇာတကို သမားရိုးကျ ထုတ်ယူမသုံးစွဲဘဲ လောဘတွေနဲ့ မတော်မတရား ထုတ်ယူမှုကြောင့် ရှိရင်းစွဲ သဘာဝတွေ ပြောင်းလဲလို့ ဖြစ်ရတာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ ဝေဒပညာရှင်တဦးက မဇ္ဈိမကို ပြောသည်။
အပူချိန်မြင့်တက်မှုကြောင့် ဖျားနာ၊ မူးဝေ မှုများဖြစ်ပြီး မကွေးတိုင်း တောင်တွင်းကြီးမြို့ ဆေးရုံတွင် တက်ရောက်ကုသခဲ့သူ ၇ ဦး သေဆုံးခဲ့ပြီး၊ မန္တလေးတိုင်း ညောင်ဦးမြို့တွင် လူနာ ၁၄ ဦး ကုသမှုခံယူနေကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။
“ရေပြဿနာကို အစိုးရက ပြည်သူတွေထက် နောက်ကျပြီးမှ ကူညီဖြေရှင်းတယ်။ ရေပြတ်တဲ့နေရာကို သွားလှူတော့လည်း သူတို့ ခဏပဲ ရေရမှာ။ သူတို့ဆီမှာ ရေတိုရေရှည် ရရှိအောင် အစိုးရ ဘတ်ဂျက်ချပြီး အစီအစဉ်တွေ လုပ်ပေးရမှာ။ အဲဒါတွေကိုမှ မလုပ်တာ။ ဆည်တွေဆောက်ကြတယ်။ ပြည်သူတွေ သစ်ပင်တွေ အလွန်အကျွံ ခုတ်တာတွေကို သူတို့ ပညာပေးရမှာ။ အခုတော့ သူတို့ကိုယ်တိုင် ဦးဆောင်ပြီး စည်းမရှိကမ်းမရှိ သစ်ခုတ်ရောင်းနေကြတယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသားတဦးက ဆိုသည်။

Subscribe to:
Posts (Atom)