Sunday, May 9, 2010


ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှတ်ပုံတင်

5/5/2010

စံလင်း (နိရဉ္စရာ) ရခိုင် အမျိုးသားရေး အင်အားစုဖြင့် ဖွဲ့စည်းထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ခုနှစ် မေလ ၄ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အနေဖြင့် မိမိတို့ထံ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့သည်ဟု ရွှေးကောက်ပွဲကော်မရှင်က မေလ ၅ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါ ပါတီတွင် ရန်ကုန်နှင့် ရခိုင်ပြည်နယ် အနှံ့အပြားမှ လူလတ်ပိုင်း ပညာတတ် လူငယ်များ ပါဝင်ပြီး အများစု ခေါင်းဆောင်များမှာ ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မှတ်ပုံတင်ခဲ့သော နိုင်ငံရေး ပါတီများမှ ဖြစ်ကြသည်။

ပါတီ၏ အဓိကရည်ရွယ်ချက်မှာ ရခိုင်ပြည်သူများ၏ ဆင်းရဲမွဲတည်မူကို တိုက်ဖျက်ရန်နှင့် ရခိုင်စာပေ ယဉ်ကျေးမူ အနုပညာများကို မြှင့်တင်ရန် ဖြစ်သည်ဟု ခေါင်းဆောင် တဦးက ပြောသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မှတ်ပုံတင်ပြီးနောက် ၂၀၁၀ ခုနှစ် နအဖမှ ပြုလုပ်မည့် ရွှေးကောက်ပွဲသို့ ၀င်မည့် ရခိုင်ပြည်နယ်မှ ပါတီ ၃ ခုရှိသွားပြီ ဖြစ်သည်။

အဆိုပါ ပါတီ ၃ ခုမှာ မြို(ခေါ်) ခမိ အမျိုးသား ညီညွတ်ရေး အဖွဲ့ (မ.ခ.မ.ည.ဖ) ပါတီ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီ နှင့် ယခု အသစ် ထွက်ပေါ်လာသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ တို့ ဖြစ်သည်။

မြို (ခေါ်) ခမိ အမျိုးသား ညီညွတ်ရေးအဖွဲ့သည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင်ကို ၂၀၁၀ ခုနှစ် ဧပြီလ ၉ ရက်နေ့ လျှောက်ထားပြီး ဧပြီလ ၂၈ ရက်နေ့တွင် ရွှေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ပြု ခဲ့သည်။

မ.ခ.မ.ည.ဖ ပါတီ၏ ဥက္ကဌမှာ ဦးစံသာအောင်နှင့် အထွေထွေ အတွင်းရေးမှူးမှာ ဦးလာဘွေး ဖြစ်ပြီး ၎င်းပါတီသည် ၉၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အမတ် တစ်နေရာ ရရှိခဲ့သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု ပါတီမှာ ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ခွင့်ပြုချက်ရသည်။ ပါတီ၏ ဥက္ကဌမှာ ဦးအေးကြိုင် ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည်။

မေလ ၅ ရက်နေ့ထိ ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့ ၃၀ ရှိပြီး ထိုအထဲမှ ၂၄ ဖွဲ့ကို နအဖ ရွှေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပြုလိုက်ပြီ ဖြစ်သည်။
နိုင်ငံအနှံ့ အပူချိန် လွန်ကဲ၊ သောက်သုံးရေ ခက်ခဲ
သဲသဲ Saturday, May 08, 2010
မြန်မာနိုင်ငံနေရာအနှံ့ အပူချိန်လွန်ကဲမှုဒဏ် ခံစားနေရကာ မြို့ပြများတွင် လျှပ်စစ်မီးလာချိန်မမှန်သည့်အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေရကြောင်း သိရသည်။

“မီးမမှန်တော့ ရေလည်းပျက်တာပေါ့။ ရေတွင်းကလည်း ပူတော့ခမ်းကုန်တယ်လေ။ အဲ့ဒီတော့ ၀ယ်သုံးရတယ်။ ရေက တစည်ကို ကျပ် ၆၀၀ ပေးရတယ်။ တချို့ကျတော့လည်း ရှိတဲ့အိမ်မှာ သွားချိုးကြရတာပေါ့"ဟု ရန်ကုန်တိုင်း သန်လျင်မြို့တွင် နေထိုင်သူတဦး က ပြောသည်။

မန္တလေးမြို့ခံတဦးကလည်း“ရေက ည ၁၁ နာရီဆို ပုံမှန်လွှတ်ပေးနေကျ အဲ့ဒါကို မမှန်တော့ဘူး။ အခု တော်တော်ဆိုးတယ်။ တကယ်လို့ လာပြီဆိုရင် မော်တာ ရှိတဲ့သူကလည်း မော်တာနဲ့မောင်းဖြည့်ပေါ့။ မရှိတဲ့သူ ကျတော့လည်း ခပ်ထည့်ကြပေါ့။ အဲ့ဒီအချိန်မှာ မီးပျက်သွားတယ်ဆိုရင် နောက်နေ့အတွက် သုံးစရာ ရေမရှိဘူး။ မီးမပျက်ပါစေနဲ့ ဆုတောင်းရတာပေါ့"ဟု ဆိုသည်။

မန္တလေးမြို့ကျုံးမြောက်ပြင်ရှိ လမ်းထောင့်များတွင် ထားရှိသော အများသုံးရေကန်များမှာ ပုံမှန် နွေရာသီကာလများတွင် အများပြည်သူများ သုံးစွဲရန်အတွက် ရေလွှတ်ပေးထားသော်လည်း ယခုအခါတွင် အဆိုပါ ရေကန်များတွင် ရေမရှိကြောင်း ၎င်းကဆက်ပြောသည်။

အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများသာမက လူငယ်ပိုင်းများအထိ သေဆုံးမှုများရှိကြောင်းလည်း သိရသည်။

“လူကြီးတွေကတော့ ဦးနှောက်သွေးကြောပြတ်တဲ့ ရောဂါများတယ်။ လူငယ်တွေကတော့ ရေချိုးမှားတာတို့၊ တချို့အရက် အလွန် အကျွံ သောက်လို့ သေတာတွေများတယ်"ဟု နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ဧရာဝတီကိုပြောသည်။

အလွန်ပူပြင်းသောကြောင့် လူကြီး၊ လူငယ်များနှင့် ကလေးသူငယ်များတွင် မိတ်၊ ယားနာ အများအပြားပေါက်ကြကြောင်း သိရသည်။

“လူလတ်ပိုင်းတွေ လူငယ်ပိုင်းတွေကတော့ ခံနိုင်သေးတာပေါ့။ အသက်ကြီးပိုင်းနဲ့ ကလေးတွေကျတော့ လုံးဝမခံနိုင်ဘူး။ ကလေးတွေဆို ည မအိပ်နိုင်ကြဘူး"ဟု အထက်ပါ သန်လျင်မြို့ခံက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော မြင်းမူမြို့၏ ဧပြီ ၂၃ ရက်နေ့အမြင့်ဆုံးအပူချိန်မှာ ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်(၁၁၅ ဒသမ ၇ ဒီဂရီဖာရင်ဟိုင်)သည် လွန်ခဲ့သော နှစ်ပေါင်း ၂၇ နှစ်အတွင်း ၎င်းမြို့၏ ဧပြီလ အတွက် အမြင့်ဆုံးအပူချိန် စံချိန်သစ် ဖြစ်ကာ ယခင် စံချိန်ဟောင်းမှာ ၂၀၀၆ ခုနှစ် ဧပြီ ၁၂ ရက်တွင် ၄၆ ဒသမ ၀ ဒီဂရီ စင်တီဂရိတ်(၁၁၄ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) ဖြစ်ကြောင်း၂၀၁၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ပဲခူးတိုင်းအတွင်းရှိ ရေတွင်း ရေကန်များတွင်လည်း အပူချိန်လွန်ကဲမှုကြောင့် ရေများ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အ၀င်လမ်းဘေးရှိ လူအများသောက်သုံးရေကန်အဖြစ် အသုံးပြုရုံသာမက ညောင်ရွှေမြို့ မြောက်ဘက်ပိုင်းရှိ လယ်ယာခြံမြေများ ကိုပါ စိုက်ပျိုးရေပေးဝေနေသည့် အဓိက ကန်ကြီးနှစ်ကန်မှာလည်း မြေသားအက်ကွဲသည် အထိ ခန်းခြောက်ခဲ့ကြောင်း ယခုတပတ်ထုတ် ၀ီးကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အပူချိန် မြင့်တက်ခြင်းမှာ မိုးမရွာသွန်းသဖြင့် အပူချိန်မှာ နေ့စဉ်ရက်ဆက်ဖြစ်လာသောကြောင့်ဟု သိရသည်။

“ဒီမှာက မိုးတိမ်တွေက တော်တော်လေးပါးနေတာပေါ့နော်။ ရာသီဥတုက အယ်လ်နီညိုဖြစ်နေတော့ မိုးတိမ်တွေက အရှေ့တောင် အာရှတခုလုံးမှာ တော်တော်လေးနည်းနေတယ်။ ဒါပေမယ့် အပူချိန်ပြန်ကျတာ နှစ်ရက်လောက်တော့ရှိပြီ။ အခု ရန်ကုန်မှာ မိုးတွေ တောင်ချိန်းနေပြီ။ အပူရှိန်က သိသိသာသာ ပြန်ကျသွားပြီ။ အဓိကကတော့ မိုးမရွာလို့ပါ"ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။

Wednesday, May 5, 2010


ရွေးကောက်ပွဲကာလ သတင်းလွတ်လပ်ခွင့် မရှိနိုင်ဟု RSF ထုတ်ပြန်
ခက်ထန် Tuesday, May 04, 2010
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆိုးရွားစွာ ဖိနှိပ်သူများ ထဲတွင် စစ်အစိုးရ ခေါင်းဆောင်သည် အပါအဝင် ဖြစ်နေဆဲဟု သတင်း လွတ်လပ်ခွင့် စောင့်ကြည့်သည့် အဖွဲ့တခုက ထုတ်ပြန် လိုက်သည်။

[ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့က အလေးပြု ခံနေသော စာနယ်ဇင်း လွတ်လပ်ခွင့် ဖိနှိပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)]

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့က အလေးပြု ခံနေသော စာနယ်ဇင်း လွတ်လပ်ခွင့် ဖိနှိပ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
၂၀၁၀ တွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မေလ ၃ ရက်နေ့၌ ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် နေ့တွင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကာလတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခြင်း မပြုနိုင်ရန် ဂျာနယ်လစ်၊ ဘလော့ဂါနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကျဉ်းချထား သည်ဟု RSF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NLD ခေါင်းဆောင် တဦးဖြစ်ပြီး ဝါရင့် သတင်းစာဆရာလည်း ဖြစ်သူ ဦးဝင်းတင်က ရွေးကောက်ပွဲနှင့် လိုက်လျောညီထွေ ရှိသော လွတ်လပ်သည့် အတိုင်းအတာ ရှိသင့်သည်ဟု သုံးသပ်သည်။

“လွတ်လပ်ခွင့်ဆိုတာက ရိုက်ချိုးခံရတဲ့ အခါလည်း ရှိတယ်၊ လွတ်လပ်ခွင့်ဆိုတာ ရုန်းကန်မှုရှိရတယ်၊ ကိုယ့်အပေါ်လာပြီး တင်းကျပ် ဖိနှိပ်တာတွေကို ငုံ့မခံရဘူး”ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲမှ မဟုတ်၊ မည်သည့် ရွေးကောက်ပွဲကာလမဆို ပြည်သူများ၏ လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ဖော်ထုတ်ခွင့် ရှိသင့်သည်ဟု ဆိုကြောင်း၊ စစ်အစိုးရ စာပေစိစစ်ရေးမှူးကမူ ရွေးကောက်ပွဲ ပြီးသွားမှသာ စာပေစိစစ်ရေး မရှိနိုင်တော့ဟု ပြောကြောင်း ဦးဝင်းတင်က ဆိုသည်။

“စာပေစိစစ်ရေးမှူး ပြောတာက သည်းခံပါတဲ့၊ ရွေးကောက်ပွဲပြီးသွားရင်တော့ စာပေစိစစ်ရေးဆိုတာလည်း ရှိတော့မှာ မဟုတ် ဘူးတဲ့၊ အခုတော့ ရှိနေတယ်၊ ဒါကို ဆင်ခြေမတက်နဲ့၊ ဒီအတိုင်းပဲ လက်ခံလို့ ပြောတဲ့သဘောဖြစ်နေတယ်”ဟု ဦးဝင်းတင်က ဝေဖန်သည်။

နိုင်ငံရေး သတင်းများကို ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များက စတင်ဖော်ပြလာခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ သတင်းတချို့ကို မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် အစည်းအဝေး မတိုင်ခင် မှစ၍ ဖော်ပြခွင့်ပြုကြောင်း သိရသည်။

ပြည်တွင်းမှ ဂျာနယ်လစ်တဦးက“ဂျာနယ်တွေမှာ နိုင်ငံရေး အချပ်ပို ထည့်ကြတယ်၊ စီးပွားရေးအရဆိုရင် ဂျာနယ်ဈေးကွက်မှာ အချိန်ကိုက် စီးပွားရှာတဲ့ သဘောပါပဲ၊ လက်ရှိ လူစိတ်ဝင်စားမှု များနိုင်တဲ့ အကြောင်းအရာကို ဖော်ပြတာပဲ၊ နောက်တခုက နိုင်ငံရေး(လက်ရှိမှာ ရွေးကောက်ပွဲ)ဆိုင်ရာ သတင်းအချက်အလက်တွေကို စာဖတ်ပရိသတ်ကို ချပြပေးတာပါ”ဟု ပြောသည်။

သို့သော် စာပေစိစစ်ရေးအနေနှင့် အစိုးရမူဝါဒကို ဆန့်ကျင်မှုထက် ထောက်ခံမှု ပိုများသည့် အရေးအသားဆိုလျှင် ဆင်ဆာ ပိုလွတ်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ဖော်ပြရာတွင် ပြည်တွင်းဂျာနယ်များ၌ ဘက်လိုက်သည့် သဘော ရှိနေမှုများနှင့် ပတ်သက်၍ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က“စာပေစိစစ်ရေးက တဖက်သတ်ခွင့်ပြုလို့ တဖက်သတ် ဖော်ပြထားတာ နေမှာပေါ့၊ တဖက်ပိတ်ထားသော လွတ်လပ်ခွင့်ပေါ့၊ ဆင်ဆာရှိနေသရွေ့ဘယ်လိုလုပ် လွတ်လပ်တယ် ပြောလို့ရမလဲ၊ ဆင်ဆာအောက်က လွတ်လပ်ခွင့်ပေါ့” ဟု ပြောသည်။

သို့သော် ပြည်တွင်းမှ အယ်ဒီတာ တဦးကမူ“ရှုထောင့် နှစ်ခုက ရေးပေမယ့် စိစစ်ရေးက တဖက်ကို ဖြုတ်ပစ်လိုက်ရော၊ counter လုပ်ထားတာကို ဖြုတ်လိုက်တော့ တဖက်စောင်းနင်း ရေးသလို ဖြစ်သွားတာ ကြုံရတယ်”ဟု ဆိုသည်။

စာရေးဆရာ၊ အယ်ဒီတာ မောင်ဝံသက အစိုးရကိုယ်တိုင် စိတ်ဝင်စားနေသဖြင့် ဆင်ဆာ မဖြတ်တောက်ဖြင်း ဖြစ်နိုင်သည်ဟု ပြောဆိုသည်။

“အစိုးရ ကိုယ်တိုင်က ၉၀ မှာ အဓိက နိုင်ထားတဲ့ ပါတီကြီး မှတ်ပုံမတင်တာကို သိချင်ပုံ၊ စိတ်ဝင်စားပုံရတယ်၊ ဦးခင်မောင်ဆွေ တို့က ဝင်မယ်ဆိုတဲ့ လိုင်းကို တင်တာကို၊ ဒီတော့ ဦးခင်မောင်ဆွေတို့ ဘာပြောမလဲ၊ သူတို့ ရည်ရွယ်ချက် ဘာရှိမလဲ၊ သိချင်ပုံ ရတယ်၊ စာဖတ်တဲ့သူထက် အာဏာပိုင်တွေက ပိုသိချင်ပုံရတယ်၊ ဒါကြောင့် ခွင့်ပြုတာ ဖြစ်မယ်”ဟု မောင်ဝံသက ပြောသည်။

ပြည်တွင်းမှ ဘလော့ဂါ တဦးက“ပြည်တွင်း သတင်းတွေက လွတ်လပ်မှု မရှိတော့ ဖတ်ရတဲ့လူပါ လွတ်လပ်မှု မရှိသလို ခံစား ရလို့ မဖတ်ဖြစ်တော့တာ ကြာပြီ၊ သူငယ်ချင်းတွေ ဝယ်လာရင်တော့ ဖတ်ဖြစ်တာပေါ့လေ၊ အင်တာနက်ပေါ်ကပဲ အများဆုံး ဖတ်ပါတယ်”ဟု ဆိုသည်။

လျှောက်ထားသည့် ပါတီများ မှတ်ပုံတင် ကျလာလျှင် ပြည်တွင်းဂျာနယ်များက ပိုမို ရေးသား ဖော်ပြလာကြဖွယ် ရှိသည်ဟု အယ်ဒီတာတဦးက သုံးသပ်သည်။

“ဆင်ဆာရှိတော့ ဆင်ဆာနဲ့ လွတ်မယ့် လမ်းကြောင်းလောက်ပဲ လုပ်ကြတာပဲလေ၊ ပါတီတွေက လျှောက်ထားဆဲရှိသေးတယ်၊ မှတ်ပုံတင်ကျပြီးရင် ဒီထက်ပိုပြီး ရေးလာကြမယ်၊ ရှေ့လျှောက် ပိုများလာမယ် ထင်တယ်”ဟု ယင်းအယ်ဒီတာက ပြောသည်။

မီဒီယာအများစုက ဘက်မလိုက်ဘဲ လုပ်လိုကြောင်း၊ ဘက်လိုက်သူလည်း ရှိကြောင်းနှင့် ပါတီများကလည်း ချဉ်းကပ်လာနိုင် ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်း အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်ရေးသို့ ကြိုတင် စိစစ်မှုခံယူ ရန် မလိုဘဲ ထုတ်ဝေနိုင်ကြောင်း မတ်လကုန်တွင် စစ်အစိုးရက ပါတီများကို အသိပေးခဲ့သည်။

“ပါတီတွေကိုလည်း ထုတ်ဝေခွင့် ပေးမယ် ပြောထားပြီးသားလေ၊ ဆင်ဆာ မတင်ရဘူး၊ ထုတ်ဝေပြီးမှ ကော်ပီတင်လိုက်ရုံပဲ၊ မကြိုက်ရင်တော့ အဲဒီစာစောင်ကို ပိတ်မှာပေါ့”ဟု ဂျာနယ်လစ်တဦးက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အကျဉ်းချခံထားရသူများထဲတွင် လူရွှင်တော် ဇာဂနာ၊ ဘလော့ဂါ နေဘုန်းလတ်၊ ကဗျာဆရာ စောဝေ စသည်တို့ ပါဝင်သည်။

ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခံရသော ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာနမှ ရုပ်သံ သတင်းထောက် တဦး ဖြစ်သူ မလှလှဝင်း၏ အယူခံကို မကွေးတိုင်း တရားရုံးက ဧပြီလ ၂၈ ရက်နေ့တွင် ပယ်ချခဲ့သည်။

ပြည်ပသို့ သတင်းများပို့သည်၊ ဗီဒီယိုများ ပို့သည်ဟု သံသယရှိသူများကိုလည်း စစ်အစိုးရက ဖမ်းဆီးလျက်ရှိရာ နောက်ဆုံး ဖမ်းဆီးခံရသူများမှာ သတင်းထောက် ဦးဇေယျနှင့် သားဖြစ်သူ စည်သူဇေယျတို့ ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ ရန်ကုန် ဗုံးပေါက်ကွဲမှုတွင် ဓာတ်ပုံရိုက်သဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တောင်ပေါ်သား လူနည်းစုများကို ပေါ်တာ အဖြစ် နအဖ စစ်တပ်မှ ခိုင်းစေနေ

5/4/2010

မောင်အေး (နိရဉ္စရာ)
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက ပြောသည်။

“စစ်တပ်တွေက ရွာတွေကို အဖွဲ့လိုက် အထမ်းသမားတွေ အတင်း တောင်းပီး ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေ အနေနဲ့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားဈေးက ရိက္ခာတွေကို ဒိုးတန်း တောင်ကို ဖြတ်ပြီး ၀ါးနက်ရုံစခန်းနဲ့ နဟုံးနဟန်း ရှေ့တန်း စခန်းတွေကို ပို့ပေးရပါတယ်။ ခရီးက အသွားအပြန်က ၂ ရက် ကြာပါတယ်။ တခါတခါ ပိုက်ဆံ တကျပ်မှ မရပါ။ တခါတခါ တလေကျတော့လည်း စစ်ဗိုလ်တွေက တယောက်ကို ၁၀၀ ကျပ် အဲသလိုမျိုးပေးတာ ရှိပါတယ်။ တနေ့လုပ်အားခ ကျပ် ၁၀၀၀ ရှိတဲ့ နေရာမှာ ကျပ် ၁၀၀ ရလို့ကတော့ ဘာမှ ထူးတာ မဟုတ်ပါဘူး။”

ဝါးနက်ရုံ စခန်းနှင့် နဟုံးနဟန်း ရှေ့တန်း စခန်းများ နအဖ စစ်တပ်၏ အမာခံ ခြေကုတ် ရှေ့တန်း စခန်းများ ဖြစ်ပြီး ဘူးသီတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေသော စခန်းများ ဖြစ်ကြသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် အဓိက နေထိုင်သော ရခိုင်မျိုးနွယ်စုများမှာ ဒိုင်းနက်နှင့် မြို လူမျိုးများ ဖြစ်ကြပြီး သူတို့ကို စစ်တပ် အတွက် ရိက္ခာများ သယ်ယူရာတွင် အမြဲ ခိုင်းစေနေကြောင်း သူက ပြောသည်။

“အခုက မိုးရာသီ လာတော့မယ်ဆိုတော့ စစ်တပ်က ရိက္ခာတွေကို အလုံအရင်းနဲ့ ရှေ့တန်းစခန်း တွေကို တင်ပို့နေပါတယ်။ မိုးရာသီဆိုရင် စိုင်းတင် ချောင်းက ရေစီးသန်တဲ့ အတွက် အဲဒီ ချောင်းကို ဖြတ်ပီး ရှေ့တန်း စခန်းတွေကို ရိက္ခာတွေ တင်ပို့လို့ မရဘူး။ ဒါကြောင့် စစ်တပ်က ကျေးရွာတွေ အလိုက် လူတွေကို ဆင့်ခေါ်ပီး ရိက္ခာတွေကို အခု ရှေ့တန်း စခန်းတွေကို ပို့ပေးနေတာ ဖြစ်ပါတယ်။”

ယခု စစ်တပ်မှ ရိက္ခာသယ်ရန် ပေါ်တာ အထမ်းသမားများ ခေါ်ယူ ခံနေကြရသော ကျေးရွာများမှာ ပန်းကုံးမ၊ ချောင်းရှည်၊ ပေါက်ကျပ်ဝ၊ စအုန်းခါး၊ ဘိုလီဖြူ၊ ပဲသတူ၊ ဂုတ်ပ်ီနှင့် သရဂူကျေးရွာများ ဖြစ်ကြသည်ဟု သူက ပြောသည်။

“ယခု လက်ရှိ ၀ါးနက်ရုံစခန်းမှာ စခန်းထိုင်နေတာကတော့ ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်း ဖြစ်ပါတယ်။ များမကြာမီ ရက်ပိုင်းအတွင်း ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ တပ်ရင်းနဲ့ အလဲအလှယ် ပြုလုပ်မယ်လို့ သိရပါတယ်။ တပ်ရင်း အလဲအလှယ် လုပ်ရင်လည်း ကျွန်တော်တို့ ဒေသခံတွေကို ပိုက်ဆံ တပြားမှ မပေးဘဲ အထုတ်အပိုးတွေကို သယ်ခိုင်းပါတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း သယ်ခိုင်းပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲသို့ ကျေးရွာသားများကို စစ်တပ်မှ ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြုနေသဖြင့် ဒိုင်းနက်နှင့် မြိုလူမျိုး အများစုမှာ မိုးရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း တောင်ယာ လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု သိရသည်။
မွန် ၁ဝ၃ ဦးကို ထိုင်းရဲက ပြန်လွှတ်ပေး
မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မေလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရက်ကြာဖမ်းဆီးပြီးနောက် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁ဝ၃ ဦးအား ထိုင်းလုံခြုံရေးများက ယမန်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် ၁၂ မိုင်ကျော် ကွာဝေးသည့် ကန်ချနပူရီခရိုင် စံခလပူရီမြို့အနီး ဇာလီဖောင်းကျေးရွာ တောစပ်တွင် မေ ၃ ရက်နေ့က နယ်ခြားစောင့်တပ်နှင့် ရဲများပူးပေါင်းဖမ်းဆီးခဲ့ပြီး စံခလပူရီ ရဲစခန်းတွင် ချုပ်ထားရာမှ ယမန်နေ့ မနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူများသည် အသက် ၂ဝ နှစ်မှ ၄ဝ နှစ်ကြား အမျိုးသား ၄ဝ ဦးနှင့် အမျိုးသမီး ၆၃ ဦး ဖြစ်ကြပြီး မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်မှ ဖြစ်သည်။

“သူတို့ကိုခေါ်တဲ့ ပွဲစား (၄ဦး) တွေက တာဝန်ယူပေးတယ်။ မနေ့ မနက်ပိုင်းက ပြန်လွတ်လာကြတယ်” ဟု ထိုင်းအခြေစိုက် ကောင်းဝါ မွန်သတင်းဌာနမှ အယ်ဒီတာတဦးဖြစ်သူ မင်းစိုင်းနွန်ဒေါက မဇ္ဈိမကို ပြောသည်။
လွတ်မြောက်လာသူများသည် မြန်မာပြည်သို့ ပြန်သွားပါက ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် စံခလပူရီ တောတွင်းတနေရာ၌ သောင်တင်နေသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတွင် အလုပ်ရလျှင် ဝန်ဆောင်ခအဖြစ် မြန်မာငွေ ကျပ် ၅ သိန်း သို့မဟုတ် ထိုင်းဘတ်ငွေ ၁၇ဝဝဝ အား မိဘထံမှတဆင့် ပွဲစားခ ပေးဆောင်ရမည်ဟု သဘောတူကာ လာရောက်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်မှုကြောင့် မွန်တိုင်းရင်းသားများ အဖမ်းဆီးခံရမှု ၁ဝ ကြိမ်ခန့်ရှိခဲ့သော်လည်း ယခုတခေါက်သည် အများဆုံး ဖမ်းဆီးမှုဖြစ်သည်။

(ဆလိုင်းထွန်း သတင်းပေးပို့သည်။)
ကမ်းဘဲလ်နှင့် တွေ့ခွင့်ရရန် အတိုက်အခံများလိုလား
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၀၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် Kurt Campbell နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် အတိုက်အခံများက လိုလားနေကြသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ ထွက်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိသည့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်အနေဖြင့် စစ်အစိုးရနှင့် ဒီမိုကရေစီလိုလားသော အင်အားစုများအကြား ပိုမိုကြားဝင်ဆောင်ရွက်စေလိုနေကြသည်။

“အမေရိကန်ကိုယ်စားလှယ်နဲ့ အစိုးရတွေ့၊ အမေရိကန်ကိုယ်စားလှယ်နဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားတွေတွေ့၊ ပြီးရင် စစ်အစိုးရနဲ့ NLD နဲ့တွေ့၊ အဲဒါကို ဖန်တီးပေးပါ။ ညှိပေးပါ။ အဲဒီလိုလုပ်မှ တကယ်ဖြေရှင်းရာ ရောက်မယ်” ဟု NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ဒေသဆိုင်ရာ အစည်းအဝေးတခုသို့ သွားရောက်ရန်ရှိပြီး ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့လည်း ဝင်ရောက်ဖွယ်ရှိသည်။

အမေရိကန်အစိုးရ ကိုယ်စားလှယ် လာရောက်မည့်အချိန်သည် ရွေးကောက်ပွဲဥပဒေအရ NLD ပါတီ အလိုအလျောက် ပျက်ပြယ်သွားမည့် အချိန်နှင့်လည်း ကိုက်ညီနေသည်။

မစ္စတာကမ်းဘဲလ် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီများနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

“အကုန်လုံးကို တွေ့ဆုံတယ်ဆိုလို့ရှိရင် ထိရောက်ပြီးတော့ အကျိုးရှိတဲ့ လုပ်ငန်းမျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ မြင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ထောင်ကျနေသော ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံခွင့်ရရန်နှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေး ဖြစ်ထွန်းရန်အတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို တိုက်တွန်းလိုကြောင်း သူက ဆက်ပြောသည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာ ရရှိပြီး၊ NLD ပြီးလျင် ဒုတိယ မဲအများဆုံး ရရှိသော တိုင်းရင်းသား နိုင်ငံရေးပါတီကြီးဖြစ်သည့် SNLD က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများသည် ဒီမိုကရေစီ မကျသည့်အပြင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်ခြင်း မရှိခြင်းကြောင့် ယခုနှစ် ရွေးကောက်ပွဲကို မဝင်ရန် ဆုံးဖြတ်ထားသည်ဟု ဦးစိုင်းလိတ်က ပြောသည်။

မစ္စတာကမ်းဘဲလ်၏ ခရီးစဉ်အပြီး စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ လွှတ်ပေးလိမ့်မည်ဆိုသော ကောလာဟလများလည်း ထွက်ပေါ်နေသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ “နအဖဘက်က နိုင်ငံရေးအကျဉ်းသားတွေ၊ တိုင်းရင်းသားတွေကို နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်ပေးဖို့ လိုလားတယ်ဆိုရင်တော့ ဘယ်သူ့ခရီးစဉ်မှ စောင့်စရာ မလိုဘူး။ လွှတ်ပေးသင့်တယ်” ဟု ပြောသည်။

နိုင်ငံတဝှန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ ကျာ်အနက် တိုင်းရင်းသား အကျဉ်းသား ၂ဝဝ ကျော်ရှိသည်ဟု AAPP-B က ပြောသည်။

မစ္စတာ ကမ်းဘဲလ်နှင့် သူ၏ လက်ထောက် စကော့ မာဆီယယ် Scot Marciel တို့သည် ပြီးခဲ့သည့်နှစ် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့က စစ်အစိုးရ၏ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းစဉ်သည် တိုးတက်မှုမရှိသဖြင့် စစ်အာဏာပိုင်များနှင့် ဆွေးနွေးမည်ဆိုသည့် အမေရိကန်၏ မူဝါဒအသစ်အား ပြန်လည်သုံးသပ်မည်ဟု မစ္စတာ ကမ်းဘဲလ်က ပြောဆိုခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Wednesday, April 28, 2010



ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး စင်္ကာပူတွင် ဆေးကုနေရ
ရန်ပိုင် Wednesday, April 28, 2010
စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသည့် အတွက် စင်္ကာပူ နိုင်ငံတွင် ဆေးကုသမှုခံယူ နေရကြောင်း ရန်ကုန် သံတမန် အသိုင်းအ၀ိုင်းမှ သိရသည်။

[ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး(၀ဲ အစွန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ပြီးလျှင် ဒုတိယ) (ဓာတ်ပုံ - Getty Images)]

ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့် ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး(၀ဲ အစွန် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ပြီးလျှင် ဒုတိယ) (ဓာတ်ပုံ - Getty Images)
ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦးသည် အသက် ၆၀ အရွယ်ရှိပြီး နှလုံးရောဂါကြောင့် စက်တပ်ဆင် ထားရသည်ဟု ဆိုသည်။ လက်ရှိ ကျန်းမာရေး အခြေအနေကိုမူ မသိရှိရသေးပေ။

ယမန်နေ့က ပြုလုပ်သည့် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲများတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ယခုရက်ပိုင်း အတွင်း စစ်တပ် တာဝန်မှ နုတ်ထွက် လိုက်သော ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ တက်ရောက် သည်များကို အစိုးရ သတင်းစာများတွင် ဖော်ပြထား သော်လည်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး ကို မတွေ့ရပေ။

အဆိုပါ အလှူပွဲများနှင့် မကြာသေးမီက သွားရောက်သည့် ဗိုလ်ချုပ်မှူးကြီး ၏ ခရီးစဉ်နှင့် ပတ်သက်၍ ဖော်ပြသည့် သတင်း မျက်နှာစာများတွင် ထိုသို့ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးကို မတွေ့ရသည့်အတွက် ရန်ကုန်နိုင်ငံရေး အသိုင်း အ၀န်းတွင် ကောလာဟလ အမျိုးမျိုးပြောဆိုနေကြသည်။

အတွင်းရေးမှူး(၁)ကို ဧပြီလ အတွင်း ဗီယက်နမ်ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး မောင်အေး၏ ရှမ်းပြည်နယ်ခရီးစဉ် နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ဗီယက်နမ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်များ နောက်ပိုင်း စစ်အစိုးရ၏ သတင်းစာများတွင် မတွေ့ရတော့ပေ။

စင်္ကာပူနိုင်ငံသည် မြန်မာနိုင်ငံမှ စစ်တပ်ခေါင်းဆောင်များ၏ ဆေးဝါး ကုသရာ နေရာတနေရာဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယခင်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်စိုးဝင်းတို့ သွားရောက် ဆေးကုသ ဖူးသည်။

လုံခြုံရေး တိုးမြှင့်ရန် လုံထိန်းတပ်သား ၁၀၀ ကျော် စစ်တွေပို့

4/27/2010

မင်းအောင် (နိရဉ္စရာ)
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ရန်အတွက် ဘူးသီးတောင် အမှတ် ၁၃ လုံထိန်း တပ်ရင်းမှ တပ်သား ၁၀၀ ကျော်ကို ယမန်နေ့က စစ်တွေသို့ ပို့ဆောင်လိုက်သည်ဟု သိရသည်။

လုံထိန်း တပ်ရင်းနှင့် နီးစပ်သူ တဦးက “ဘူးသီးတောင်ကနေ သူတို့ကို သင်္ဘောနဲ့ ယူဆောင် သွားပါတယ်။ ဦးဆောင်ပါသွားတာက တပ်ခွဲမှူး ခင်မောင်ထွေး ဖြစ်ပါတယ်။ လုံထိန်းတပ်ရင်းက လာတဲ့ သတင်းအရ စစ်တွေက အရေးကြီးတဲ့ နေရာတွေမှာ သူတို့ကို လုံခြုံရေး ချထားမှာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဘူးသီးတောင် လုံထိန်းတပ်ရင်းမှ တပ်သားများကို စစ်တွေသို့ ယူဆောင်သွားခြင်းမှာ ဧပြီလ ၂၁ ရက်နေ့က စစ်တွေ ကုန်တန်း ရပ်ကွက်တွင် အမျိုးသမီးများ ဆန္ဒပြမူနှင့် ဆက်စပ် မူရှိကြောင်း စစ်တွေမြို့ခံများက ပြောသည်။

စစ်တွေ ကုန်တန်းရပ်ကွက်မှ အမည်မဖေါ်လိုသူ တဦးကလည်း “ကျွန်တော် တို့ ကုန်တန်းရပ်ကွက်မှာ လုံခြုံရေးတွေကို လမ်းဆုံ လမ်းခွတိုင်းမှာ ရဲသားတွေ လုံထိန်းတွေနဲ့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ ပုသိမ်ကျောင်း အပါအ၀င် ဘုန်းတော်ကြီးကျောင်းတွေ အနီးတ၀ိုက်မှာလည်း ယူနီဖေါင်း ၀တ်တွေကို ချထားတာကိုတွေ့ရပါတယ်။ ခုလို ချတာက အမျိုးသမီးတွေ ဆန္ဒပြတဲ့ နောက်တရက်နေ့က စပီး ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တွေကုန်တန်းတွင် အမျိုးသမီးများက လျှပ်စစ်မီး မရရှိသည့် အပြင် မီတာအိုးစောင့်ရှောက်ခ၊ မီတာခ စသဖြင့် ငွေကောက်ခံရာမှ မကျေနပ် သဖြင့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် တခြား ရပ်ကွက်များတွင်လည်း အလားတူ မကျေနပ်ချက်များကို ဖွင့်လှစ်ပြသသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာမည်ကို အာဏာပိုင်များက စိုးရိမ်နေသဖြင့် ဘူးသီးတောင်မှ လုံထိန်းတပ်သားများဖြင့် အားဖြည့်ကာ စစ်တွေ လုံခြုံရေးကို တိုးမြှင့် ချထားခြင်း ဖြစ်သည်။

တခြား စစ်တွေမြို့ခံ မျက်မြင် တဦးကလည်း စစ်တွေ ဝေသာလီကွင်းတွင် လုံထိန်း တပ်သား အများအပြားဖြင့် သက်ဆိုင်ရာမှ အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်းကို ပို့ချနေကြောင်း ပြောသည်။

“ကျွန်တော်တွေ့တာက လုံထိန်းကားအစီး ၁၂ စီးကို ရပ်ထားတာ တွေ့ရတယ်။ ဒါနဲ့ မေးမြန်း ကြည့်တော့ အဓိဂရုဏ်းနှိမ်နှင်းရေး သင်တန်း လုပ်နေတယ်လို့ သိရပါတယ်။ ဒိုင်းကာတွေနဲ့ လုံထိန်းတပ်သား ၃၀၀ ခန့် လေ့ကျင့်နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စစ်တွေတွင် လုံထိန်း အမှတ် (၁၂) တပ်ရင်းရှိသော်လည်း အဆိုပါ တပ်ရင်း တရင်းတည်းဖြင့် လုံခြုံရေးကို မထိန်းသိမ်းနိုင်သဖြင့် ယခုကဲ့သို့ ဘူးသီးတောင် အခြေစိုက် အမှတ် (၁၃) မှ တပ်သားများကို ခေါ်ဆောင် သွားခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ် ခြံစည်းရိုးကာရံမူ အပေါ် မြန်မာဘက်က အိမ်နီးချင်းနိုင်ငံကို တရားဝင် ရှင်းလင်း

4/24/2010

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် မြန်မာဘက်က ကာရံနေသော ခြံစည်းရိုးမှာ နှစ်နိုင်ငံ အကျိုးအတွက်သာ ဖြစ်ကြောင်း မြန်မာဘက်က လွန်ခဲ့သော သောကြာနေ့က တရားဝင် ရှင်းလင်း တင်ပြခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံဆိုင်ရာ မြန်မာ့ သံအမတ် ဦးဖေသန်းဦးက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်ပြီး အဆို ရှင်းလင်းမူကို တရားဝင် ပထမဆုံး အကြိမ်အဖြစ် တင်ပြ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သံအမတ် ဦးဖေသန်းဦးက ယခု မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်မြေ တလျှောက် ကာရံနေသော ခြံစည်းရိုးမှာ နယ်စပ်မျဉ်းမှ ကိုက် ၅၀ အကွာအဝေးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး တချို့ နေရာများတွင် ကိုက် ၁၀၀၀ အကွာအဝေးတွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

၎င်းပြင် ဦးဖေသန်းဦးက ခြံစည်းရိုးကာရံမူမှာ မြန်မာနိုင်ငံတည်း အတွက် အကျိုး မဟုတ်ဘဲ ကျွန်တော်တို့၏ မိတ်ဆွေ နိုင်ငံ ဖြစ်သော ဘင်္ဂလာဒေခ်ျ့ အတွက်လည်း အကျိုးရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဦးဖေသန်းဦးမှ ယခုခြံစည်းရိုးကာရံနေမူမှာ စစ်ရေးအတွက် ဘန်ကာများ တည်ဆောက်နေခြင်း မဟုတ်ကြောင်းနှင့် မူးယစ် မှောင်ခို လုပ်ငန်း အပါအ၀င် တခြား မှောင်ခို လုပ်ငန်းများကို နှိမ်နှင်းရန်နှင့် လူမှောင်ခို ကုန်ကူးမူကို တားဆီးလို၍ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဦးဖေသန်းဦး၏ ရှင်းလင်းပြောကြားချက်ကို နိုင်ငံခြားရေးရာ ၀န်ကြီး Dr Hasan Mahmud ကိုရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Dr Hasan Mahmud ကမူ ဦးဖေသန်းဦး တင်ပြသော အဆိုပါ ခြံစည်းရိုးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ချပြောကြားခြင်း မရှိသော်လည်း လွန်ခဲ့သော တနင်္လာနေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် နယ်စပ် စီရိုမျဉ်းမှ ကိုက် ၁၀၀ အကွာ မြန်မာဘက်တွင် ခြံစည်းရိုးကာရံသည်ဟု ဆိုလျှင် မိမိတို့ အနေဖြင့် တစုံတရာ ပြောကြားလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ဘက်မှ အဆိုပါ ခြံစည်းရိုးကာရံနေမူနှင့် ပတ်သက်ပြီး အငြင်းပွားမူများ မြှင့်တက်လာပြီးနောက် တရားဝင် ရှင်းလင်းပေး မြန်မာဘက်ကို တနင်္လာနေ့က တောင်းဆိုရာမှ ဦးဖေသန်းဦးက သောကြာနေ့တွင် တရားဝင် လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာ မိုင်ပေါင်း ၁၆၈ မိုင် အရှည်ရှိပြီး နတ်မြစ်ဝမှ စတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းထိ မိုင် ၄၀ ခြံစည်းရိုးကာရံမူကို ပြုလုပ်နေရာ ယခုအခါ ပြီးစီးလုနီးပြီ ဖြစ်သည်ဟု သိရသည်။

မြန်မာ စစ်အစိုးရသည် ယခုအခါ မောင်တောနှင့် ဘူးသီးတောင်အကြားရှိ နယ်စပ်တလျှောက်တွင်လည်း ခြံစည်းရိုး စတင်ကာရံရန် စီစဉ်နေပြီး အဆိုပါ ဒေသသို့ စစ်သား အများအပြား ရောက်ရှိနေကြောင်း နယ်စပ်မှ လာသော သတင်းများအရ သိရသည်။

Monday, April 26, 2010


ပြည်ပရောက် မြန်မာတို့၏ဆု ကျော်သူ ရရှိ
ဝါးရှီးဖော Monday, April 26, 2010
မြန်မာနိုင်ငံ အတွင်း လူမှုရေး လုပ်ကိုင်သူများ အတွက် ပြည်ပရောက် မြန်မာပြည်သားတို့ ပထမဆုံး အကြိမ် ၀ိုင်းဝန်း ချီးမြှင့်သည့် “ပြည်သူ့ ဂုဏ်ရည်ဆု” ကို ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက ရရှိသွားသည်။

နိုင်ငံတကာရောက် မြန်မာတို့ အများဆုံး အဆို တင်သွင်းကြသည့် လူမှုရေး လုပ်ငန်း လုပ်ဆောင်သူ ၅ ဦးကို အင်တာနက်မှ တဆင့် ရွေးချယ်ရာတွင် ဦးကျော်သူက မဲအများဆုံး ရရှိခဲ့ကြောင်း စနေနေ့က အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် ပြုလုပ်သည့် ဆုပေးပွဲ အခမ်းအနားတွင် ဆုရွေးချယ်ရေး အဖွဲ့က ကြေညာလိုက်သည်။

ဒုက္ခရောက်နေသူများကို ကူညီမှု အတွက် ရသည့်ဆု ဖြစ်သောကြောင့် အလွန် အထွတ်အမြတ် ထားသည်ဟု ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

“ပြည်တွင်းမှာ ရှိတဲ့ မြန်မာတွေရဲ့ လူမှုရေး စွမ်းဆောင်ချက်တွေကို ပြည်ပရောက် မြန်မာတွေက အခုလို မြန်မာ ပီသစွာနဲ့ အားပေး ချီးမြှင့်တာဟာ ကျနော်တို့ အတွက် အဖိုး မဖြတ်နိုင်တဲ့ အားဆေး တခွက် ဖြစ်တယ်” ဟု နာရေးကူညီမှု အသင်းကို တည်ထောင်ပြီး ၁၀ နှစ်ကြာ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ဦးကျော်သူက ပြောသည်။

ဦးကျော်သူနှင့်အတူ နာရေးကူညီမှု အသင်းကို ဦးဆောင်နေသည့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်ကလည်း ယခု ရရှိသည့် လူမှုရေးဆုကို ရုပ်ရှင်ထူးချွန်ဆုထက် ပိုမို တန်ဖိုးထားမိသည်ဟု ဆိုသည်။

“သူ အကယ်ဒမီ ရခဲ့တာတွေ အတွက် ကျမ အဲဒီလောက် ဂုဏ် မယူခဲ့မိဘူး။ ဒီဟာ ကျတော့ ကျမ ကိုယ်တိုင်လည်း ပါဝင်တယ်၊ အသင်းသူ အသင်းသား အားလုံးရဲ့ ကိုယ်စား ကိုကျော်သူ ရတဲ့ အတွက် ကျမ ဂုဏ်ယူပါတယ်” ဟု ဒေါ်ရွှေဇီးကွက်က ဧရာဝတီကို ပြောသည်။

ဂုဏ်ပြုဆုနှင့်အတူ ငွေသားဆု အမေရိကန် ဒေါ်လာ ၇၀၀၀ လည်း ပါဝင်သည်ဟု သိရသည်။ ဆန်ခါတင်အဆင့်အထိ ပါဝင်ခဲ့သူ အခြား ၄ ဦးအတွက်လည်း ဂုဏ်ပြုဆုများနှင့် ငွေသားဆု ဒေါ်လာ ၁၀၀၀ စီ ချီးမြှင့်ခဲ့သည်။ ထို ပုဂ္ဂိုလ် ၄ ဦးမှာ နာဂစ်ဒေသ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသော လူရွှင်တော် ဇာဂနာ၊ သီတဂူ ဆရာတော် ဦးဉာဏိသရ၊ HIV/AIDS ဝေဒနာရှင်များကို ကူညီသူ မဖြူဖြူသင်း၊ ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ဖြစ်သည်။

ဆုများ ပေးအပ်နိုင်ရန် အမေရိကန် မြို့ကြီး ၁၄ မြို့နှင့် နိုင်ငံတကာမှ မြန်မာတို့က ကူညီ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။

ယခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆုအတွက် နိုင်ငံပေါင်း ၅၀ ကျော်တွင် ရောက်ရှိနေသူ မြန်မာပြည်သားတို့က ယခု လဆန်းပိုင်းမှ စတင်ပြီး ဆန္ဒမဲပေါင်း ၂ သိန်းကျော် ပေးပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မဲအများဆုံး ပေးသူများမှာ အမေရိကန် နှင့် စင်္ကာပူတွင် ရောက်နေသော မြန်မာပြည်သားများဖြစ်ကြောင်း သိရသည်။

ဆုကို လူမှုရေး လုပ်ငန်းများ လုပ်ဆောင် ရာတွင် ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ကျယ်ပြန့် ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင်လောက အတွက် စံပြဖြစ်မှု တို့ကို အခြေခံပြီး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ လာမည့် နှစ်များတွင်လည်း “ပြည်သူ့ ဂုဏ်ရည်ဆု” ကို ချီးမြှင့်ဦးမည်ဟု စီစဉ်သူများက ပြောသည်။

NLD အလံနှင့် ဆိုင်းဘုတ် ဖြုတ်လိမ့်မည်မဟုတ်
ခိုင်သွယ် Monday, April 26, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနှင့် လာမည့် မေလ ၆ ရက်နေ့တွင် ပါတီမှတ်ပုံတင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ဆိုင်းဘုတ်ဖြုတ်ခြင်း၊ အလံဖြုတ်ချခြင်းတို့ ပြုလုပ်မည် မဟုတ်ကြောင်း ယနေ့ ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

“ပြည်သူလူထု အကျိုးပြုတဲ့ လူမှုရေးလုပ်ငန်းတွေကိုပဲ ကျနော်တို့ NLD က ဆက်လက် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်” ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က မီဒီယာများသို့ ပြောဆိုလိုက် သည်။

လက်ရှိ အနေအထားအရ NLD အနေနှင့် စစ်အစိုးရအတည်ပြုခဲ့သည့် အခြေခံဥပဒေကို လက်မခံနိုင်သည့်အတွက် ပါတီမှတ်ပုံတင်ခြင်း ပြုလုပ်မည် မဟုတ်သကဲ့သို့ နိုင်ငံရေးလုပ်ငန်းများကိုလည်း လုံးဝ ရပ်ဆိုင်း ထားရမည့် အခြေအနေ ဖြစ်နေကြောင်း၊ သို့ရာတွင် ဆိုင်းဘုတ်မဖြုတ်၊ အလံမချခြင်းမှာ NLD အနေဖြင့် ဆက်လက်ပြီး ပြည်သူလူထုအပေါ် စေတနာ ထားရှိနေဆဲ၊ ရှင်သန်နေဆဲဖြစ်သည်ဟု ပြသနေခြင်းဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ မပြီးဆုံးသေးဟု မှတ်ယူနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ရေပက်ဖျန်းစဉ် (ဓာတ်ပုံ - AP)
“ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ဆန္ဒကတော့ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်” ဟု သူက ဆက်ပြောသည်။

NLD ဗဟို အမျိုးသမီးအဖွဲ့ကလည်း မေလ ၄ ရက်နေ့အထိ ရုံးရှေ့တွင် ဆွမ်း ဆက်လက် ကပ်လှူသွားမည်ဖြစ်ပြီး မေလ ၇ ရက်နေ့ နောက်ပိုင်း အစီအစဉ်များကို မေလ ၄ ရက်နေ့တွင် ပြုလုပ်မည့် အစည်းအဝေးဆုံးဖြတ်ချက်အပြီး ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း NLD အမျိုးသမီးအဖွဲ့ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာမေ၀င်းမြင့်က ဆိုသည်။

လူမှုအထောက်အကူပြု အဖွဲ့မှ လုပ်ငန်းများကိုမူ မေလ ၇ ရက်နေ့ နောက်ပိုင်းတွင်လည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

နယ်စပ် ခြံစည်းရိုးကာရံမူ အပေါ် မြန်မာဘက်က အိမ်နီးချင်းနိုင်ငံကို တရားဝင် ရှင်းလင်း

4/24/2010

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် မြန်မာဘက်က ကာရံနေသော ခြံစည်းရိုးမှာ နှစ်နိုင်ငံ အကျိုးအတွက်သာ ဖြစ်ကြောင်း မြန်မာဘက်က လွန်ခဲ့သော သောကြာနေ့က တရားဝင် ရှင်းလင်း တင်ပြခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံဆိုင်ရာ မြန်မာ့ သံအမတ် ဦးဖေသန်းဦးက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်ပြီး အဆို ရှင်းလင်းမူကို တရားဝင် ပထမဆုံး အကြိမ်အဖြစ် တင်ပြ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သံအမတ် ဦးဖေသန်းဦးက ယခု မောင်တောမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း နယ်မြေ တလျှောက် ကာရံနေသော ခြံစည်းရိုးမှာ နယ်စပ်မျဉ်းမှ ကိုက် ၅၀ အကွာအဝေးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး တချို့ နေရာများတွင် ကိုက် ၁၀၀၀ အကွာအဝေးတွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

၎င်းပြင် ဦးဖေသန်းဦးက ခြံစည်းရိုးကာရံမူမှာ မြန်မာနိုင်ငံတည်း အတွက် အကျိုး မဟုတ်ဘဲ ကျွန်တော်တို့၏ မိတ်ဆွေ နိုင်ငံ ဖြစ်သော ဘင်္ဂလာဒေခ်ျ့ အတွက်လည်း အကျိုးရှိကြောင်း ပြောဆိုသည်ဟု ဆိုသည်။

ဦးဖေသန်းဦးမှ ယခုခြံစည်းရိုးကာရံနေမူမှာ စစ်ရေးအတွက် ဘန်ကာများ တည်ဆောက်နေခြင်း မဟုတ်ကြောင်းနှင့် မူးယစ် မှောင်ခို လုပ်ငန်း အပါအ၀င် တခြား မှောင်ခို လုပ်ငန်းများကို နှိမ်နှင်းရန်နှင့် လူမှောင်ခို ကုန်ကူးမူကို တားဆီးလို၍ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ဦးဖေသန်းဦး၏ ရှင်းလင်းပြောကြားချက်ကို နိုင်ငံခြားရေးရာ ၀န်ကြီး Dr Hasan Mahmud ကိုရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

Dr Hasan Mahmud ကမူ ဦးဖေသန်းဦး တင်ပြသော အဆိုပါ ခြံစည်းရိုးကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ချပြောကြားခြင်း မရှိသော်လည်း လွန်ခဲ့သော တနင်္လာနေ့က သတင်းထောက်များနှင့် တွေ့ဆုံစဉ် နယ်စပ် စီရိုမျဉ်းမှ ကိုက် ၁၀၀ အကွာ မြန်မာဘက်တွင် ခြံစည်းရိုးကာရံသည်ဟု ဆိုလျှင် မိမိတို့ အနေဖြင့် တစုံတရာ ပြောကြားလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ဘက်မှ အဆိုပါ ခြံစည်းရိုးကာရံနေမူနှင့် ပတ်သက်ပြီး အငြင်းပွားမူများ မြှင့်တက်လာပြီးနောက် တရားဝင် ရှင်းလင်းပေး မြန်မာဘက်ကို တနင်္လာနေ့က တောင်းဆိုရာမှ ဦးဖေသန်းဦးက သောကြာနေ့တွင် တရားဝင် လာရောက် ရှင်းလင်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှာ မိုင်ပေါင်း ၁၆၈ မိုင် အရှည်ရှိပြီး နတ်မြစ်ဝမှ စတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းထိ မိုင် ၄၀ ခြံစည်းရိုးကာရံမူကို ပြုလုပ်နေရာ ယခုအခါ ပြီးစီးလုနီးပြီ ဖြစ်သည်ဟု သိရသည်။

မြန်မာ စစ်အစိုးရသည် ယခုအခါ မောင်တောနှင့် ဘူးသီးတောင်အကြားရှိ နယ်စပ်တလျှောက်တွင်လည်း ခြံစည်းရိုး စတင်ကာရံရန် စီစဉ်နေပြီး အဆိုပါ ဒေသသို့ စစ်သား အများအပြား ရောက်ရှိနေကြောင်း နယ်စပ်မှ လာသော သတင်းများအရ သိရသည်။
ဝ ဒေသ တိုက်ပွဲဖြစ်မည်ကို ဒေသခံများ စိုးရိမ်
ရန်ပိုင် Monday, April 26, 2010
စစ်အစိုးရနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့အကြား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စ တင်းမာမှုများကြောင့် ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များရှိ ဒေသခံပြည်သူများမှာ စားနပ်ရိက္ခာ စုဆောင်းနေကြပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သိရသည်။

တာချီလိတ်မြို့ ရဲတပ်ဖွဲ့မှ တာဝန်ခံတဦးက “၂၈ရက်နေ့နောက်ပိုင်း တောင်ပိုင်း ၀ပြည်နယ်ကို သွားမယ့်လမ်းတွေ၊ ဂိတ်တွေ ပိတ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် လူတွေက စားသောက်ကုန်တွေ ၀ယ်နေကြတယ်” ဟု ဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားမည်ဟူသည့် ထင်မြင်ချက် များကြောင့် ထိုင်းမြန်မာနယ်စပ် ပုံပါကျင်နှင့် မိုင်းတုံဒေသများတွင် ဒေသခံ ပြည်သူများ စားနပ်ရိက္ခာ စုဆောင်းနေသည့်အပြင် ထိုင်းနိုင်ငံသို့ ထွက်ပြေးရန် ပြင်ဆင်မှုများ ရှိကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ မိုင်းတုံမြို့နယ်အတွင်းရှိ ဟွေအော့၊ နမ့်ယွန်း နှင့် ပုံပါကျင်မြို့ အနီးတ၀ိုက်ရှိ ၀ ကျေးရွာများမှ ဒေသခံ များသည် ထိုင်းနိုင်ငံ ချင်းတောင်းမြို့နယ် မိန်းလအုပ်စု မျက်နှာချင်းဆိုင်ရှိ နောင်ဝှန်းကျေးရွာသို့ ရွှေ့ပြောင်းလာကြောင်း သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

စစ်အစိုးရ၏ တင့်ကားနှင့် သံချပ်ကာကားများကိုလည်း တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်၊ ကျိုင်းတုံ ဒေသများတွင် တွေ့ရှိ လာရသည့် အတွက် ဒေသခံများ ပိုမို စိုးရိမ်လာကြောင်း၊ ထို့ကြောင့် စားနပ်ရိက္ခာများ ပိုမို စုဆောင်းလာခြင်းဖြစ်ကြောင်း တာချီလိတ် မြို့ခံ ကုန်သည် တဦးက ပြောသည်။

“၀ နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်မယ်ဆိုတဲ့ ကြောက်စိတ်နဲ့ လူတွေက ဈေးတွေ တအား ၀ယ်ထားတယ်” ဟု ၎င်းကဆိုသည်။

ဒေသခံများအနေဖြင့် နှစ်ဘက်ဖြစ်ပွားမည့် တိုက်ပွဲများထက် တိုက်ပွဲဖြစ်လျှင် ကုန်ဈေးနှုန်း တက်လာမည်ကို ပိုမို ကြောက်ရွံ့ကြောင်း၊ လွန်ခဲ့သည့် နှစ်လခန့်ကလည်း ဒေသခံပြည်သူများသည် စားနပ်ရိက္ခာများကို ၀ယ်ယူစုဆောင်းကြ သေးကြောင်း အဆိုပါ မြို့ခံက ဆက်လက်ပြောဆိုသည်။

တာချီလိတ်မြို့ ဝန်းကျင်ဒေသတွင် ကြက်သွန်နီဈေးနှုန်းမှာ ပြီးခဲ့သည့် တပတ်အတွင်းက တကီလိုလျှင် ၂၁ ဘတ် (ကျပ် ၆၀၀ ကျော်) မှ ယခုရက်ပိုင်းတွင် ၂၇ ဘတ် (ကျပ် ၈၀၀ ကျော်)၊ ကုလားပဲတကီလို လျှင် ၂၅ ဘတ် (ကျပ် ၇၅၀ ဝန်းကျင်) မှ ၄၀ ဘတ် (ကျပ် ၁၂၀၀ ဝန်းကျင်) အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း၊ ဆန်မှာ ၀ယ်ယူစုဆောင်းမှု များပြားသော်လည်း ထိုင်းနိုင်ငံမှ ပုံမှန် ၀င်ရောက်နေသည့် အတွက် ဈေးမတက်သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း မိုင်းဆတ်မြို့အရှေ့ဘက် မိုင်းတုန်းတောင်ကြော ဒေသတွင်လည်းကောင်း၊ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ ဖန်မြို့ မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖာဟုံဘုတ် တောင်ကြောတွင် စစ်အစိုးရတပ်များနှင့် ၀ တပ်ဖွဲ့များကြား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်တွင် ရေးသားထားသည်။

စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အပစ်အခတ်ရပ် အဖွဲ့များကို လာမည့် ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန်နှင့် အကြောင်းမပြန်ပါက မတရားအသင်း အဖြစ် ကြေညာမည်ဟု သတိပေးထားသည်။