Friday, February 26, 2010


ဥရောပ သံတမန်များနှင့် NLD ခေါင်းဆောင်များတွေ့
Friday, 26 February 2010 18:30 ကိုထွေး
E-mail Print
ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံများမှ သံတမန်များသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များနှင့် ယနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားကို မေးမြန်းကြကြောင်း သိရသည်။

[၂၀၀၉ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် NLD၏ ၂၁ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)]

၂၀၀၉ ခုနှစ် စက်တင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် NLD၏ ၂၁ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - AP)
ရန်ကုန် အခြေစိုက် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ နော်ဝေ၊ အီတလီ သံတမန် များသည် အမေရိကန် သံတမန်များနှင့် အတူ ရန်ကုန်ရှိ NLD ရုံးသို့ သွားရောက်ပြီး ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေတို့နှင့် ၁ နာရီ ကျော် ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ဥရောပ ပါလီမန်က ရွေးကောက်ပွဲ နီးလာတဲ့ အခါမှာ သူတို့ အနေနဲ့ ဘယ်လို ဆောင်ရွက် ပေးနိုင်မလဲပေါ့၊ ကျနော်တို့ကို ထောက်ခံ အားပေး နေပေမယ့် ပါတီ သဘောထားက ဘယ်လို ပြက်ပြက် ထင်ထင် ရှိတယ် ဆိုတာ သိရင် သူတို့ဘက်က ဘာတွေ ကူညီနိုင်မလဲ ဆိုတဲ့ အနေ အထားနဲ့ လာတာပါပဲ” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

ယခုနှစ်အတွင်း စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်ရေး၊ မ၀င်ရေးနှင့် ပတ်သက်၍ “ဆုံးဖြတ်ရန် အချိန် မကျသေး” ဟူသော ဒေါ်အောင်ဆန်းစုကြည်၏မူကို NLD က ကိုင်စွဲထားသည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သူက ရှင်းပြသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) အဖွဲ့ဝင်များ စုံညီ တွေ့ဆုံပြီးမှ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် CEC တွေ့ဆုံရန် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရန် ပိုမို အရေးကြီးကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

NLD သည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင်ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။ ထိုကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

EU သံတမန်များသည် ၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို သီးခြားစီ တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတို့ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

UWSA ခေါင်းဆောင် စစ်အစိုးရနှင့် တွေ့မည်
Thursday, 25 February 2010 19:20 ရန်ပိုင်
E-mail Print
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်းသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် အတွက် စစ်အစိုးရနှင့် ဆွေးနွေးရန် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့သို့ ယနေ့ ရောက်ရှိလာကြောင်း တရုတ် မြန်မာ နယ်စပ် အရေး စောင့်ကြည့်သူများက ပြောသည်။

[၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)]

ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း (ဓာတ်ပုံ - ခေတ်ပြိုင်)
တပ်အသွင် ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်သူဟု စစ်အစိုးရက ယူဆထားသည့် ဦးပေါက်ယူချန်းသည် ဆွေးနွေးပွဲ တက်ရောက်ရန် ဖိအားပေး ခံနေရသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“အရင်က ( ဦးပေါက်ယူချန်း) ကျန်းမာရေး မကောင်းလို့ မတွေ့နိုင်ဘူးလို့ ပြောထားတာ အခု တရုတ်က ဖိအားပေးလို့ သွားတယ်လို့ ပြောတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် ဦးစိန်ကြည်က ဧရာဝတီကို ပြောသည်။

တန့်ယန်းတွင် ဦးပေါက်ယူချန်းနှင့် တွေ့မည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် မကြာသေးမီက ယူနန်ပြည်နယ်သို့ သွားရောက်၍ UWSA ကို ဖိအားပေးရန် တရုတ်အစိုးရကို အကူအညီ တောင်းခံခဲ့သည်ဟု အတည် မပြုနိုင်သည့် နယ်စပ်သတင်းများ အရ သိရသည်။

သို့သော်လည်း စစ်သည် အင်အား ၃၀၀၀၀ ၀န်းကျင် ရှိသည်ဟု ယူဆရသည့် UWSA တပ်ဖွဲ့ အသွင်ပြောင်းရေးကို ဦးပေါက်ယူချန်း တဦးတည်း သဘောဖြင့် လုပ်ဆောင်၍ မရနိုင်ကြောင်း တရုတ် မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော်ခေါင်းဆောင်များက အပစ်ရပ်အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N) အဖွဲ့မှ ဥက္ကဋ္ဌ ဦးလွယ်မောင်း နှင့် တပ်မဟာ ၃ တပ်မှူး ဗိုလ်မှူးကြီး လှမြင့်တို့သည် အင်္ဂါနေ့က တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် ဆွေးနွေးခဲ့ကြောင်း ဦးစိန်ကြည်က ပြောသည်။ သို့သော်လည်း မည်သည့် ရလဒ်ထွက်ပေါ်ခဲ့သည်ကို မသိရသေးပေ။

ရှမ်းပြည်နယ် အခြေစိုက် မိုင်းလား တပ်ဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ခေါင်းဆောင် ဦးစိုင်းလင်းသည် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မကြာမီ တွေ့မည်ဟု သိရသည်။

ပြီးခဲ့သည့် လကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရြဲမင့်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များကို မြစ်ကြီးနားမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

KIA အဖွဲ့က ၁၉၄၇ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် တွင် ပါဝင်သည့် အချက်အလက်များအတိုင်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဆိုလျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်ဟု တုံ့ပြန်ထားသည်။

စစ်ရေးတင်းမာမှု ဖြစ်ပွားနေချိန်တွင် KIAက အပစ်အခတ် ရပ်စဲသည့် ၁၆နှစ်ပြည့် အထိမ်းအမှတ်ပွဲကို အင်္ဂါနေ့က ပြုလုပ်ရာ စစ်ရေးပြပွဲများ ပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ်တွင်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA)၊ ဗိုလ်ချုပ်ထိန်မောင် ဦးစီးသော ကရင်ငြိမ်းချမ်းရေးကောင်စီ တို့သည် အရှေ့တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် ယခုလအတွင်း တွေ့ဆုံခဲ့သည်ဟု DKBAတာဝန်ခံ တဦးက ပြောသည်။

စစ်အစိုးရနှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် DKBA အဖွဲ့ခေါင်းဆောင် အများစုက နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံလိုခြင်း မရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ယခုလကုန်တွင် အပြီးသတ် အကောင်အထည်ဖော်ရန် စစ်အစိုးရက အချိန်ကာလ သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ် အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး ယခုအချိန်အထိ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) နှင့် ကိုးကန့် အထူးဒေသ(၁) စသည့် အဖွဲ့ ၃ ဖွဲ့သာ နယ်ခြားစောင့် တပ်များ အဖြစ် ပြောင်းလဲခဲ့သည်။

ရှမ်းပြည်နယ် လောက်ကိုင်အခြေစိုက် ကိုးကန့် လက်နက်ကိုင် တပ်များကို ၂၀၀၉ သြဂုတ်လက စစ်အစိုးရ တပ်များ ၀င်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်းတွင် ကိုးကန့် အထူးဒေသ(၁) သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။

နယ်ခြားစောင့် အစီအစဉ်ကို လက်ခံခြင်း မပြုသည့် တိုင်းရင်းသား တပ်ဖွဲ့များကို စစ်အစိုးရက စစ်ရေးနည်းဖြင့် ဖြေရှင်းဖွယ်ရှိသည်ဟုလည်း အကဲခတ်တချို့က ခန့်မှန်းကြသည်။

မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးစီးပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၈ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟူသော လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများမှာ စစ်ရေး ပြင်ဆင်ခြင်း၊ နယ်မြေခံလူထုအား စည်းရုံးခြင်း ဖြစ်သည်ဟု အကဲခတ်များက ပြောသည်။

Wednesday, February 24, 2010

လယ်မြေများ စစ်တပ်က ဆက်လက် သိမ်းပိုက်နေ

2/23/2010

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို ဒေသခံ စစ်တပ် တပ်ရင်းများက ဆက်လက် သိမ်းပိုက်နေသည်ဟု သိရှိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှ စပြီး ပုဏ္ဏားကျွန်း အခြေစိုက် ခလရ ၅၅၀ တပ်ရင်းက သိမ်းယူ နေခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသူ မြေတိုင်း စာရေးတဦးက ယခုကဲ့သို့ ပြောသည်။

“သိမ်းတာက ခမရ ၅၅၀ တပ်ရင်းက ဒီနှစ် နှစ်ဆန်းပိုင်းက စလို့သိမ်းပိုက် တာပါ။ ပုဏ္ဏား ကျွန်းမြို့နယ် ထဲက သိမ်းတဲ့ လယ်မြေဧက ၂၀၀ ကျော် လောက်ရှိပါတယ်။ ဘာကြောင့် ထပ်သိမ်းတယ် ဆိုတာကို အတိအကျ မသိရပေမယ့် အယင်တုန်းက သိမ်းထားတဲ့ လယ်မြေတွေ ရထားလမ်း ဖေါက်လုပ်တဲ့ နေရာမှာ ပါဝင်သွားတဲ့ အတွက် အစားထိုးလိုတဲ့ သဘောနဲ့ သိမ်းတာ ဖြစ်နိုင်ပါတယ်”။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှ အသိမ်းခံရသော လယ်မြေများထဲတွင် မာလာရွာမှ ၃၆ ဧက၊ ခွဆုံမှ ၇၃ ဧက၊ မြင်းတောကျေးရွာမှ ၆၀ ဧက၊ သဲတက်ကျေးရွာမှ ၃၀ ဧက၊ တောက်ဆုံ ကျေးရွာမှ ၈၀ ဧက၊ ဘဲခို (ပြိုင်ချောင်း) ကျေးရွာမှ ၅၀ ဧက၊ ကျွဲလမ်းချောင်းကျေးရွာမှ ၃၀ ဧက၊ ၀မ်းတိမ်းကျေးရွာမှ ၁၀ ဧကနှင့် ငပြောက်ဆည်ကျေး ရွာမှ ၁၃ ဧကပါဝင်သည်။

အလားတူ စစ်တွေ အခြေစိုက် ခမရ ၂၃၂ တပ်ရင်းမှ ဒေသခံများပိုင်ဆိုင်သော လယ်မြေများကို တပ်ပိုင် လယ်မြေ များအဖြစ် ဆက်လက် သိမ်းဆည်းနေသည်ဟုလည်း သူက ယခုကဲ့သို့ ဆက်ပြောသည်။

“ခမရ ၂၃၂ တပ်ရင်းက ဆိုလို့ရှိရင် စစ်တွေမြို့နယ်ထဲက ကျေးတောရွာလယ်မြေတွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ် ထဲက ယိုးတရုတ်၊ ဘဲငါးရာတောင်နားရွာနဲ့ အောင်ဆိပ်ကျေးရွာတွေက လယ်မြေ တွေကိုလည်း သိမ်းထားတာရှိပါတယ်။”

ခမရ ၂၃၂ တပ်ရင်းမှ သိမ်းဆည်းထားသော လယ်မြေဧကမှာ ကျေးတောကျေးရွာမှ ၉ ဧက၊ ဘဲငါးရာ တောင်နားရွာမှ ၁၁ ဧက၊ ယိုးတရုတ်မှ ၄၅ ဧကနှင့် အောင်ဆိပ်ကျေးရွာမှ ၅ ဧက သိမ်းဆည်း ထားသည်ဟု သိရှိရသည်။

ဒေသခံ စစ်တပ် တပ်ရင်းများသည် ယခင်က သိမ်းဆည်းထားသော လယ်မြေများတွင် စစ်တပ် ရိက္ခာအတွက် စပါးစိုက်ရန် ဖြစ်ပြီး တောင်ကုန်းများတွင်မူ ကြက်ပေါင်စေး (ရော်ဘာခင်း)များကို စိုက်ပျိုး ထားသည်ဟု သိရှိရသည်။

ယခုအခါ ရခိုင်ပြည်နယ် တခုလုံးရှိ ဒေသဆိုင်ရာ စစ်တပ် တပ်ရင်းများမှ သိမ်းယူထားသော လယ်မြေ ဧရိယာမှာ ရခိုင်ပြည်ရှိ လယ်ဧရိယာ စုစုပေါင်း၏ တ၀က်နီးပါးခန့် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။
ဘူးသီးတောင်ထောင်ရှိ နိုင်ငံခြားသားအကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြနေဆဲ

2/22/2010

တာကလူး (နိရဉ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင်အကျဉ်းထောင်ထဲရှိ နိုင်ငံခြားသားအကျဉ်းသားများသည် ထောင်အာဏာပိုင်များမှ ခွဲခြားဆက်ဆံသည်ဟုဆိုကာ ယနေ့ထိ အစာငတ်ခံ ဆန္ဒပြနေကြဆဲ ဖြစ်ကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။

နိုင်ငံခြားသားအကျဉ်းသားများက ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တေးနား ဘူးသီးတောင် အကျဉ်းထောင်သို့ လည်ပတ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ(၁၈)ရက်နေ့တွင် စတင်ခဲ့ကြခြင်း ဖြစ်သည်။

“အဲဒီအကျဉ်းသားတွေက ဒီနေ့ထိ အစာငတ်ခံ ဆန္ဒပြနေဆဲပဲ ဖြစ်ပါတယ်။ ကင်တားနား လည်ပတ်ပြီးလို့ နောက်နေ့မှာပဲ စတင်ခဲ့ကြတာပါ။ ဒီနေ့ဆိုရင် (၅)ရက်တောင် ရှိနေပါပြီ။ ထောင်အာဏာပိုင်တွေကလဲ ဘာမှ အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့ ကြားပါတယ်” ဟု အမည်မဖော်လိုသူ ၄င်း ဘူးသီးတောင်မြို့ခံက တနင်္လာနေ့ ညနေပိုင်းတွင် နိရဉ္စရာသို့ပြောသည်။

၎င်း နိုင်ငံခြားသားအကျဉ်းသားများက ထောင်တွင်း အစာရေစာ လုံလောက်စွာ ထောက်ပံ့ မပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုမရှိခြင်း၊ သူတို့၏ သက်ဆိုင်ရာ နိုင်ငံ အာဏာပိုင်များသို့ အရေးတယူ အကြောင်းကြားပေးခြင်းမရှိခြင်း နှင့် ကင်တားနား လာရောက် လည်ပတ်ခဲ့စဉ်အတွင်း သူတို့၏ အခက်အခဲများကို တင်ပြခွင့် မရရှိခဲ့ခြင်း တို့ကြောင့် ခွဲခြား ဆက်ဆံသည်ဟု ဆိုကာ အစာငတ်ခံ ဆန္ဒပြနေကြခြင်း ဖြစ်သည်။

ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် နိုင်ငံခြားသားအကျဉ်းသား(၇၁)ဦးရှိသည့်အနက် အများစုမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြပြီး ထိုင်း၊ တရုတ် နှင့် တိုင်ဝမ် နိုင်ငံသားများ လည်း ရှိကြောင်း ထောင်သတင်းရပ်ကွက်တစ်ခုက ပြောသည်။

ကင်တားနား လာရောက်လည်ပတ်စဉ်အတွင်း ၄င်းနိုင်ငံခြားသားအကျဉ်းသားများက သူတို့၏ အခက်အခဲများကို တင်ပြနိုင်ရန် တွေ့ဆုံခွင့်တောင်းခဲ့သော်လည်း ထောင်အာဏာပိုင်များက လိုက်လျော့မပေးခဲ့ပဲ ထောင်တွင်းရှိ သီးခြား အခန်း တစ်ခုထဲတွင် စုပုံ ပိတ်လှောင်ထားခဲ့သည် ဟု ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်ထဲတွင် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ပေးမှုများ အလွန်ညံ့ဖျင်းမှုကြောင့် ထောင်သားအများစုမှာ ပြင်မှ ထောင်ဝင်စာ လာတွေ့သည့် ဆွေမျိုး မိတ်ဆွေများ၏ ထောက်ပံ့ပေးမူ အပေါ် မှီခို အားထားနေကြရသည်။

ထိုသို့ ထောင်အာဏာပိုင်များမှ ထောင်သားများအပေါ် ဖြစ်သလို ကျွေး၊ ဖြစ်သလို ပစ်ထားသည့်အတွက်ကြောင့် ဘူးသီးတောင်ထောင်ထဲရှိ ထောင်သားအများစုမှာ ပြသနာပေါင်းများစွာနှင့် ရင်ဆိုင်နေကြရကြောင်းလည်း သိရှိရသည်။

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်စပ်ရှိ ဘူးသီးတောင်အကျဉ်းထောင်သည် ထောင်အာဏာပိုင်များမှ အကျဉ်းသားများ အပေါ် လူသားမဆန်စွာ ဆက်ဆံ ဖိနှိပ်နေမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အကျဉ်းထောင်တစ်ခုဖြစ်သည်။

Tuesday, February 23, 2010

လူပေါင်းတစ်သိန်းကျော်တက်ရောက်သည့်တရားပွဲတခု စစ်တွေမြို့ဝေသာလီရင်ပြင်တွင်ကျင်းပပြုလုပ်
ရခိုင်ပြည်၊ စစ်တွေမြို့တော် ဝေသာလီရင်ပြင်၌ လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သော တရားပွဲတခုအား ဖေဖော်ဝါရီလ (၂၀-၂၁) ရက်နေ့အထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ တရားပွဲတွင် ဆရာတော် အသျှင် သုမင်္ဂလာမှု မြန်မာနိုင်ငံကို အုပ်ချုပ်နေသည့် စစ်အစိုးရ၏ လုပ်ရပ်များ၊ အပြုအမှုများနှင့် အခြားဏ္ဍများကို ထောက်ပြပြောဆို ဟောပြောခဲ့ကြောင်း Arakan Review မှ စုံစမ်း သိရှိရသည်။

စစ်တွေဒေသခံတစ်ဦးအား တရားပွဲနှင့်ပတ်သက်၍မေးမြန်းရာ သူက “လူသိန်းနဲ့ချီပြီး တက်ရောက်နားကြားတဲ့ တရားပွဲကို တစ်ခါမှ မကြုံဖူးဘူးဗျာ၊ တော်တော် အံ့သြစရာပဲ၊ တကယ့်လို့ အာဏာပိုင်တွေသာ မသွားရဘူး ပိတ်ပင်ထားခဲ့မယ်ဆိုရင်တော့ ဒီလောက်ထိ အများကြီး ရောက်လာနိုင်မယ်လို့ မထင်ဘူး”ဟု ပြောပြခဲ့သည်။

ဆရာတော် ဦးသုမင်္ဂလာသည် ရခိုင်ပြည်သို့ ကြွရောက်ရန်အတွက် လွန်ခဲ့သော (၂) လခန့်က ပင် စီစဉ်ကြိုးပမ်းခဲ့သည်။ အစပိုင်းတွင် ဆရာတော်၏ အစိုးရနှင့် အာဏာပိုင်များအပေါ်တွင် ဝေဖန်မှု၊ ပြည်သူများအပေါ်တွင် ဖိနှိပ်မှုများကို ထောက်ပြ ဝေဖန်မှုတို့ကြောင့် တရားပွဲအား ပိတ်ပင်ထားခဲ့သည်ဟု လည်း သိရှိရသည်။

ဆရာတော် စစ်တွေသို့ မကြွရောက်လာမှီ တောင်ကုတ်၊ သံတွဲ၊ မြေပုံ ကမ်းထောင်းကြီး သို့ ဘုရားဒေသနာတော် စာရွက်များအား ဖြန့်ဝေခဲ့သည်။ ထိုစာရွက်များတွင် လူများ၏ ကောင်းမှု၊ မကောင်းမှုများကို ထောက်ပြထားပြီး ဒေသဆိုင်ရာအာဏာပိုင်များအား အပြုသဘောဆောင်ဝေဖန်ထောက်ပြမှုများ ပါရှိကြောင်းလည်း သိရှိရသည်။

သံတွဲမြို့တွင် ပြုလုပ်ခဲ့သော တရားပွဲအား အစပိုင်းတွင် တားမြစ်ပိတ်ပင်ထားခဲ့သော်လည်း ပြည်သူများ၏ ဆန္ဒပြင်းပြစွာ တရားနာလိုမှုကြောင့် နောက်ဆုံးတွင် အာဏာပိုင်များက ခွင့်ပြုခဲ့ရသည်ဟု သိရသည်။ စစ်တွေ ဝေသာလီရင်ပြင် တရားပွဲသို့ ရခိုင်ပြည်ရှိ ဒေသအသီးသီးမှ မြို့သူ၊ မြို့သားများ တစ်သိန်းကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အာဏာပိုင်များလည်း လာရောက်ကာ မှတ်တမ်းဓာတ်ပုံများလည်း ရိုက်ယူသွားခဲ့သည်ဟု ၎င်းတရားပွဲတွင် တာဝန်ကျ လုံခြုံရေး အရာရှိတဦးက ပြောပြခဲ့သည်။

“စစ်တွေတမြို့လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတော့ တိုင်းမှူးက လူထုအုံကြွမှု တခုခု ဖြစ်သွားမှာကို စိုးရိမ်နေတယ်။ ဒီလောက်များတဲ့ လူအုပ်ကြီးတခုလုံး တနေရာတည်းမှာ စုစည်းနေတာ။ ဒါကြောင့် တပ်မှာရော၊ ရဲဘက်ရော ရှိတဲ့ အင်အားတွေ အကုန်လုံးကို ခေါ်ပြီး လုံခြုံရေးချထားတယ်။ တခြား နေရာတွေကနေပြီးတော့ လူတွေစုပြီး ဝေသာလီရင်ပြင်ရှေ့ကို ဦးတည်မလာရအောင်လည်း တခြားလူတွေ စုနိုင်တဲ့ နေရာတွေမှာ အကုန်လုံး ကင်းချထားတယ်။ ပြီးတော့ ဗိုလ်အဆင့်ရှိတဲ့ အရာရှိတွေကိုလည်း ကင်မရာတွေ ပေးထားပြီး အကုန်ရိုက်ခိုင်းထားတယ်” ဟု ပြောသည်။

ဆရာတော်သည် အာဏာပိုင်များကြောင့် သွယ်ဝိုက်ပြီး ဖြစ်ပွါးလျက်ရှိသော ပြည်သူလူထု၏ အခက်အခဲ၊ အကျပ်အတည်းများကိုလည်း ထောက်ပြ ပြောဆိုခဲ့ကြောင်း ၊ ယခုကဲ့သို့ လူပေါင်း တစ်သိန်းခန့် တက်ရောက်ကြခြင်းမှာ ဆရာတော် ဟောကြားချက်များသည် ပြည်သူများ၏ ခံစားချက်နှင့် တထပ်တည်း ကျနေခြင်းကြောင့်ဟူ ဒေသခံများက ပြောဆိုနေကြကြောင်း သိရှိရသည်။ ယခု စစ်တွေ ဝေသာလီရင်ပြင်တွင် လူပေါင်း တစ်သိန်းကျော် တက်ရောက်ခဲ့သော တရားပွဲသည် ရခိုင်ပြည်တွင်သာမက မြန်မာတနိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ပြောစမှတ်တခု ဖြစ်နေကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူပေါင်း သိန်းချီသော တရားပွဲမျိုး စစ်တွေတွင် ပေါ်ပေါက်လာရခြင်းသည် (၂၀၀၇) ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအား အစပြုခဲ့သည့် စစ်တွေမြို့နေ သံဃာတော်များနှင့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သော ရခိုင်လူမျိုးများ၏ နောက်ခံ သမိုင်းကြောင်းများကို ဆရာတော် အနေဖြင့် အကျအန လေ့လာပြီးမှ ဤတရားပွဲကို ဆင်နွှဲရန် မဖြစ်မနေ ကြိုးပမ်းခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။

Monday, February 22, 2010

ကလေးစစ်သား စုဆောင်းသူ ၄၄ ဦး အရေးယူခံရ
Monday, 22 February 2010 18:47 လွင်ကို
E-mail Print
အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း အရေးယူခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ကျော်မြင့်က ပြောသည်ဟု ဆိုသည်။ မည်သို့ အရေးယူသည်ကို ဖော်ပြထားခြင်း မရှိပေ။

အာဏာပိုင်တို့က မြန်မာ့တပ်မတော်ရှိ အသက်မပြည့်သေးသူ အများအပြားကိုလည်း မိသားစုထံ ပြန်လည် အပ်နှံလိုက်သည်ဟု ဆိုသည်။

“၂၀၀၈ ခုနှစ်အတွင်း အသက် ငယ်ရွယ်သူ ၈၃ ဦးကို မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်မြင့်က ပြောကြောင်း Weekly Eleven တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဥပဒေအရ တပ်မတော်တွင် တာဝန် ထမ်းဆောင်မည့် သူသည် အနည်းဆုံး အသက် ၁၈ နှစ် ရှိရမည် ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရသည်ဟု ဆိုသော ပဲခူးမြို့မှ ဒသမတန်း ကျောင်းသား မောင်ဝေဦးချိုနှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများ၏ ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု အာဏာပိုင်တို့က ပြောကြောင်း ရန်ကုန်မြို့ထုတ် ဂျာနယ်တချို့က ရေးသားနေကြသည်။

အာဏာပိုင်တို့၏ ဖြေရှင်းချက်မှာ ရှေ့နောက် ညီညွတ်ခြင်း မရှိဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောသည်။

“၂၀၀၄ခုနှစ်ထဲက အရေးယူမှုတွေရှိတယ်ဆိုတော့ ဒီနှစ်တွေ မတိုင်ခင် ကတည်းက ကလေးစစ်သားတွေ ဘယ်လောက်တောင် ရှိနေမလဲ စဉ်းစားစရာပဲ” ဟု သူက သုံးသပ်သည်။

တပ်မတော်တွင် စစ်သားအဖြစ် နည်းမျိုးစုံ သိမ်းသွင်းခံ ထားရသော ကလေး အများအပြား ရှိနေကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် စစ်သက် ၄ နှစ် ရှိပြီဖြစ်သည့် စစ်သားငယ် တဦးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ တပ်ထဲမှာ အသက် မပြည့်တာ အများကြီးပဲ၊ ကျနော့်ကိုပဲ ကြည့်ပါ၊ အသက် ၁၆ ကတည်းက စစ်ထဲ ရောက်နေတာ” ဟု ၎င်းက ဆိုသည်။
ဧရာဝတီသတင်း

စစ်တကောင်း တောင်တန်းနယ်တွင် ကာဖျူးထုတ်
တိုက်ခိုက်မူ အတွင်း အနည်းဆုံး ဒေသခံ ၅ ဦးထက် မနည်းသေဆုံး

2/20/2010

မြန်မာနိုင်ငံနှင့် ကပ်ရပ် တည်ရှိသော ဗုဒ္ဓဘာသာဝင်များ အများဆုံး နေထိုင်ရာ ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း တောင်တန်းနယ်တွင် ပြင်ပ ဒေသမှ အခြေချနေထိုင်ရန် လာရောက်လာသူ ဘင်္ဂလီများနှင် ဒေသခံများအကြား အပြန်အလှန်တိုက်ခိုက်မူ ဖြစ်ပွားရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အိမ် ၂၀၀ ခန့် မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။

ပြဿနာ ဖြစ်ပွားရာ နေရာဒေသမှာ စစ်တကောင်းနယ် ရန္ကာမတီ ခရိုင် ဘာဂဟက်မြို့နယ်တွင် စတင် ဖြစ်ပွားခဲ့ပြီး ယခုအခါ အဆိုပါ မြို့နယ်တွင် ကာဖျူးထုတ်ထားသည်ဟု သိရသည်။

သေဆုံးသူများအားလုံးမှာ စစ်တကောင်းတောင်တန်းနယ်တွင်နေထိုင်သော ဒေသခံ သက်အမျိုးသားများ ဖြစ်ပြီး အခင်းဖြစ်ပွားရာတွင် ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ ပစ်ခတ် သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေသထုတ် သတင်းစာများက ဖေါ်ပြသည်။

သက်ဆိုင်ရာရဲအဖွဲ့က သေဆုံးသူ နှစ်ဦးသာ ရှိကြောင်း ပြောဆိုသော်လည်း ဒေသခံများက ၆ ဦးထက် မနည်း သေဆုံးကြောင်း ပြောဆိုသည်။

ဘင်္ဂလာဒေခ်ျ့ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော သက်တော်လှန်ရေး အဖွဲ့ PCJSS က သေဆုံးသူမှာ ၈ ဦးရှိပြီး ဒဏ်ရာ ရသူ ၂၅ ဦးခန့်ရှိကြောင်း ပြောသည်။

ယနေ့ထုတ် The Independent တွင် ၅ ဦးသေဆုံးကြောင်း ဖေါ်ပြသည်။

The Daily Star သတင်းစာက ယနေ့ ဖေါ်ပြရာတွင် လွန်ခဲ့သော သောကြာနေ့ကတည်းက စစ်တကောင်းတောင်တန်းနယ်တွင် အခြေချရန် လာရောက်သူ ဘင်္ဂလီများက မြေယာ အငြင်းပွားမူကြောင့် ဒေသခံများ ပိုင်ဆိုင်သော အိမ် ၄၀ ကျော်ကို စတင် မီးရှို့ရာမှ ပြဿနာ စတင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

အခြေချနေထိုင်ရန် လာရောက်သူ ဘင်္ဂလီများသည် ဘင်္ဂလာ စစ်တပ်၏ အကူအညီကို နောက်ခံထားပြီး ယခုကဲ့သို့ မီးရှို့ခြင်း ဖြစ်ကြောင်း ဒေသခံများ စွပ်စွဲချက်ကို ကိုးကားပြီး သတင်းစာက ပြောသည်။ သို့သော်လည်း ဘင်္ဂလာဒေခ်ျ့စစ်တပ်က ယခုစွပ်စွဲချက်ကို ငြင်းဆိုပြီး ဒေသခံများသည် မိမိအိမ်ကို မိမိ မီးရှို့ပြီး ပြဿနာဖြစ်အောင် တမင် နိုးဆွခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ယခုအခါ စစ်တပ်နှင့် ဒေသခံများ အကြား အပြန်အလှန် စွပ်စွဲမူများ ပေါ်ပေါက်နေကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း အချိန်ထိ အခြေချနေထိုင်ရန် ရောက်ရှိလာသူ ဘင်္ဂလီများသည် ဒေသခံများ၏ နေအိမ်များကို ဆက်လက်မီးရှို့နေပြီး ယခုအချိန်ထိ အိမ်ခြေ ၂၀၀ ကျော်မီးရှို့ခံခဲ့ရကာ ထိုအထဲတွင် ဘုန်းတော်ကြီးကျောင်း တကျောင်းနှင့် ခရစ်ယာန် ဘုရားကျောင်း တခုလည်း ပါဝင်သွားခဲ့သည်ဟု သိရသည်။

မီးရှို့မူကို အများဆုံးထိခိုက်ခံခဲ့ရသော ကျေးရွာများမှာ ရွာပေါင်း ၁၃ ရွာရှိပြီး တချို့ရွာများကို ဘင်္ဂလီ အခြေချသူများက သိမ်းပိုက်ထားသဖြင့် သက်အမျိုးသားများ၏ အလောင်းများကို ထုတ်မယူနိုင်သေးဘဲ ရှိနေကြောင်း The Daily Star သတင်းစာ ဖေါ်ပြသည်။

ဒေသခံ တောင်ပေါ် တိုင်းရင်းသားများ နေထိုင်ရာ စစ်တကောင်းတောင်တန်းနယ်တွင် ခရိုင်သုံးခုရှိပြီး အဆိုပါ ခရိုင်များတွင် မြေပြန့်တွင် နေထိုင်သူ ဘင်္ဂလီ လူမျိုး အများအပြားကို ဇီယာ အစိုးရ လက်ထက်တွင် အခြေချနေထိုင်ခွင့် ပြုပေးခဲ့သည်။ ၎င်းနောက်ပိုင်း စစ်တကောင်းတောင်တန်းနယ်တွင် ဘင်္ဂလီလူမျိုးများ အခြေချနေထိုင်မူ အထူးတိုးပွားလာရာမှ ယခုကဲ့သို့ ဒေသခံများနှင့် အဓိဂရုဏ်းများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

Saturday, February 20, 2010


ဗမာမိသားစု ၁၇၉ စု ရွှေကျေးရွာများတွင် အခြေချရန် ရောက်ရှိ

2/20/2010

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တည်ဆောက်ထားသော ရွှေနတလနှင့် ရွှေဟင်္သာ နတလ စံပြ ကျေးရွာ နှစ်ရွာတွင် အခြေချနေထိုင်ရန်အတွက် ဗမာမိသားစု ၁၇၉ စုသည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ဘူးသီးတောင် မြို့နယ်သို့ ရောက်ရှိ လာသည်။

အမည်မဖေါ်လိုသူ ညောင်ချောင်းကျေးရွာသား တဦးက “ သူတို့ကို သင်္ဘောနှစ်စီးနဲ့ စစ်တွေက ယူဆောင်လာပါတယ်။ သူတို့ဇာတိကတော့ ရန်ကုန်က ဖြစ်ပါတယ်။ သူတို့ကို ညောင်ချောင်းကျေးရွာ အနီးမှာ တည်ဆောက်ထားတဲ့ ရွှေနတလနှင့် ရွှေဟင်္သာ ကျေးရွာတွေမှာ အခု အနေချထား လိုက်ပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

ညောင်ချောင်းကျေးရွာမှာ ဘူးသီးတောင်မြို့တောင်ဘက် မေယူမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး စစ်တွေနှင့် ဘူးသီးတောင် အကြား ခုတ်မောင်းနေသော သင်္ဘောများ ဆိပ်ကပ်သော ဆိပ်ကမ်း တည်ရှိသည်။

“သူတို့ (နတလ) စံပြကျေးရွာသားတွေအတွက် နစက တပ်ဖွဲ့ လယ်မြေတွေကို သိမ်းနေပါတယ်။ လယ်ကာနီ ၃၀၀ လောက်ကို ရခိုင်နဲ့ ကုလားတွေဆီက သိမ်းထားပီး သူတို့ကို ဝေပေးပါတယ်။ လယ်မပေးနိုင်ဘူးလို့ ပြောတဲ့ လယ်သမားတွေကို ရခိုင် ဖြစ်ဖြစ် ကုလားဖြစ်ဖြစ် ရိုက်နှက် ညှဉ်းပမ်းမူတွေ လုပ်ပါတယ်။ ပိုက်ဆံတွေ လျော်ခိုင်း ပါတယ်။” ဟုသူက ဆက်ပြောသည်။

ရခိုင်တွင် လယ်ကို တကာနီ၊ တကျပ် စသဖြင့် ခေါ်ဝေါ်လေ့ရှိပြီး တဧကတွင် နှစ်ကာနီ ခွဲရှိပြီး လယ်တကျပ်တွင် ၁၆ ကာနီရှိသည်။

ယခုအခါ အသစ်ရောက်ရှိလာသော စံပြကျေးရွာများ လုံခြုံရေးအတွက် နစက တပ်ဖွဲ့ တဖွဲ့ကိုလည်း ညောင်ချောင်း အလယ်တန်းကျောင်း အနီးတွင် အခြေစိုက်ထားပြီး အဆိုပါ တပ်ဖွဲ့မှ လယ်မြေများကို သိမ်းယူနေခြင်း ဖြစ်သည်။

၎င်းပြင် နစက တပ်ဖွဲ့မှ ကျေးရွာသားများကို အမိန့်ထုတ်ထားပုံကိုလည်း သူက ယခုကဲ့သို့ ပြောသည်။

“မင်းတို့ကုလားတွေရော ရခိုင်တွေရော နတလ ကျေးရွာတွေဆီကို မသွားရဘူး။ နတလ စံပြကျေးရွာသားတွေ ရောင်းချတဲ့ လယ်တွေနဲ့ ဘာတခုကိုမှ မင်းတို့ မ၀ယ်ရဘူး။ ၀ယ်ရင် အားလုံးကို ပြန်သိမ်းမယ်ဆိုပီး ပြောပါတယ်။ မင်းတို့ဆီက သူတို့ လာဝယ်ရင်တော့ ဘာပစ္စည်းကို မဆို မင်းတို့ ရောင်းပေးရမယ်လို့ ပြောပါတယ်။”

နတလ စံပြကျေးရွာသားများအတွက် စံပြကျေးရွာအနီးရှိ ကျေးရွာများမှ လယ်သမား တဦးစီ အနေဖြင့် လယ် (၅) ကာနီစီ ခွဲဝေပေးရပြီး အများစုမှာ လယ်သိမ်းခံနေရသဖြင့် လုပ်ကိုင် စားသောက်ရန် အခက်ကြုံနေရသည်ဟု သိရသည်။

Friday, February 19, 2010


လေးစားအပ်ပါသော ရခိုင်အပေါင်းရို့
အခုပိုင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ တပ်မတော်အကြောင်းတိကို မျိုးချစ်ရခိုင်များ သိစေရန်အတွက် (တနည်းအားဖြင့်) ရခိုင်ပြည်ထဲကပင် သိစေရန်အလို့ငှာ အေ blog ကိုတင်ရခြင်းဖြစ်ပါရေ။
ရခိုင်ကျောင်းသားလူငယ်တိ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တစုံတရာ အကူအညီပီးနိုင်ပင်လျှင်
ရခိုင်သားသမီးပီသသည်ဟု ဒေ ဘလော့ဒ်(blog)ကို ရေးသားသူ၏ ရင်ထဲတွင် ခံစားမိပါသည်။
လေးစားအပ်ပါသော ရခိုင်မျိုးချစ်အပေါင်းရို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)
တို့၏အကြောင်းကို (ရခိုင်ပြည်ထဲမှ) တစုံတရာ သိစေရန်အလို့ငှာ ရွီးသားဖေါ်ပြရခြင်းဖြစ်ပါသည်။
ပြည်တွင်းက ရခိုင်လူငယ်တိပြောကြားချက်အရ ”ကျနော်ရို့ အခုပိုင်ရခိုင်စစ်သားတိအေလောက်အများကြီးဟိစွာကို
ကျုနော်ရို့ အခုမှ သိရရေလို့ပြောလာလို့” ဒေဘလော့ဒ်ကို ရွီးသားဖြေပြသူ၏ရင်ထဲမှာ အတိုင်းအထက်အလွန်ခံစားစေရပါသည်။
ယင်းကြောင်းဒေ ဘလောဒ်ကို ပိုကောင်းလာအောင် ဖန်တီးကြီုးစားနီပါရေ။
လေးစားလျှက်
မျိုးချစ်ရခိုင်

Wednesday, February 17, 2010



ပထမဆုရ ရခိုင်အလှမယ် မဖြူချေနဲ့ ၃ မိနစ်တာ

2/16/2010

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့ဘဇားမြို့ခေါ် ဖလောင်းချိတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား ပေါင်းစုံ အလှမယ် ပြိုင်ပွဲမှာ ဖလောင်းချိတ်မြို့ ကျောင်းနားရပ်သူ မဖြူမချေ (မလှသန်း)က ပထမဆု ရရှိခဲ့ပါတယ်။ မဖြူချေကို နိရဉ္စရာက တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါတယ်။

မေး။ ။ အခုပြိုင်ပွဲမှာ ပထဆုရတဲ့ အတွက် စိတ်ထဲမှာ ဘယ်လိုခံစားရပါလဲ။

ဖြေ။ ။ ဒီလိုပထမဆုကို ရရှိခဲ့တဲ့အတွက် အရမ်းပျော်ပါတယ်။ တဘက်မှာလည်း ၀မ်းနည်းမိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမရဲ့ အောင်မြင်မူတွေကို အဘာနဲ့ အမင် ( အမေအဖေ) တွေ မြင်သွားခွင့် မရသွားတဲ့ အတွက် ဖြစ်ပါတယ်။ အမေနဲ့ အဖေရှိရင်တော့ တအားပျော်ကြမှာပါ။ ဆုရတဲ့အတွက် ပျော်မိပေမယ့် တဘက်လည်း ခုလို အခြေအနေတွေကြောင့် ၀မ်းနည်းမိရတာပါ။

မေး။ ။ ပြိုင်ပွဲဝင်တဲ့ အမျိုးသမီးတွေ တော်တော်များလား။

ဖြေ။ ။ ဘင်္ဂလာဒေခ်ျ့မှာ မှီတင်းနေထိုင်တဲ့ လူမျိုး ၁၈ မျိုးထဲက အမျိုးသမီးငယ် ၁၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၀င်ပြိုင်တဲ့ အမျိုးသမီးတွေလည်း လူတိုင်း လိုလို ချောကြပါတယ်။

မေး။ ။ ဒီပြိုင်ပွဲကို ပါဝင်ဆင်နွဲဖို့ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ခဲ့ပါသလဲ။

ဖြေ။ ။ ကျမအနေနဲ့ ဒီအလှမယ် ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဘာမှ ပြင်ဆင်မှု မရှိခဲ့ပါဘူး။ ပီးတော့ ကျမတို့ လူမျိုးတွေ အနေနဲ့ ခုလို ပွဲတွေမှာ ယှဉ်ပြိုင်တဲ့ အစဉ်အလာလည်း မရှိပါဘူး။ ဒါကြောင့် ပထမတော့ ရခိုင် အကအဖွဲ့မှာ ၀င်ကဖို့ လောက်ဘဲ အစီ အစဉ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အပေါင်း အသင်းတွေ မိသားစုတွေက ၀င်ပြိုင်ဖို့ တိုက်တွန်းတဲ့အတွက် ပြိုင်မယ့်နေ့မှာဘဲ ဓါတ်ပုံရိုက်ပီး ပြိုင်ပွဲဝင်ဖို့ စာရင်းသွင်း လိုက်တာပါ။

မေး။ ။ ဒီလို တိုင်းရင်းသား ပေါင်းစုံ ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ အတွက် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှာ ပြုလုပ်နေတဲ့ လှယဉ်ကျေးမယ်နဲ့ မော်ဒန်ပြိုင်ပွဲတွေမှာ ပါဝင် ယှဉ်ပြိုင်ဖို့ ဆန္ဒရှိပါလား။

ဖြေ။ ။ ဟုတ်ကဲ့ ။ ပြိုင်ဖို့ဆန္ဒတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။

မေး။ ။ ပြိုင်ပွဲမှာ ဘယ်လို မေးခွန်းတွေကို မေးပါလဲ။ ဘယ်မေးခွန်းက ဖြေဖို့ ခက်ခဲ ပါလဲ။

ဖြေ။ ။ ကျမအနေနဲ့ သိပ်ခက်ခဲတာတော့ မတွေ့ခဲ့ ရပါဘူး။ သူတို့မေးတာက အမည် ပညာအရည် အချင်း နောက်ပြီး ဘာလုပ်ချင်လဲ။ တခြားလူတွေကို ဘယ်လိုကူညီချင်လဲ ဆိုတာတွေကို မေးတယ်။ ကျမကလည်း အလုပ်လုပ်ရင်းနဲ့ ဆင်းရဲသားတွေကို ကူညီချင်တယ်။ ကျမကိုယ်တိုင် ကလည်း ဆင်းဆင်းရဲရဲနဲ့ ပညာ သင်နေရတာဆိုတော့ ဆင်းရဲတဲ့ ကလေးတွေကို ပညာသင်ဖို့ အကူအညီ ပေးချင်တယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြခဲ့တယ်။

မေး။ ။ ပြိုင်ပွဲမှာ ဘယ်လို အနေအထား ပုံစံမျိုးတွေ ပြိုင်ခဲ့ရပါသလဲ။

ဖြေ။ ။ ကျမတို့ တယောက်ချင်းစီ လမ်းလျှောက် ရပါတယ်။ နောက်ပြီး ပရိသတ်ရှေ့မှာ ရပ်ဖို့ ၇ စက္ကန့်လောက် အချိန်ပေးပါ တယ်။ အဲဒီအထဲက ပရိသတ်တွေကို ဘယ်လိုဆွဲဆောင်နိုင်သလဲ စတာတွေကို လုပ်ခိုင်းပါတယ်။ လှည့် တဲ့ အခါ ခြေအနေအထားတွေကို ကြည့်ပါတယ်။ ခန္ဓာကိုယ်၊ အရပ်အမောင်း၊ စကားပြောတာက အစ အကုန်လုံးကို အမှတ်ပေးပါတယ်။

မေး။ ။ ပထမဆုအဖြစ် ဘာတွေ ရရှိခဲ့ပါလဲ

ဖြေ။ ။ တာကာငွေ ၂၅၀၀၀ ( မြန်မာကျပ်ငွေနဲ့ ဆိုရင် ၄ သိန်း) နဲ့ သရဖူ ဆုတခုရယ်၊ နောက်ပီး လက်မှတ် တခုနဲ့ စလွယ်တခုလည်း ရပါတယ်။

မေး။ ။ အခုလက်ရှိ အလုပ်ကိုင်ကို ပြောပြပေးပါ။

ဖြေ။ ။ အခုလက်ရှိ အလုပ်က ရခိုင် အမျိုးသား ဖွံ့ဖြိုးရေး အဆောက်အအုံ (RDF)က ဖွင့်လှစ် ထားတဲ့ U KAW SAN LA BUDDSHBIBAR ကျောင်းမှာ ၃ နှစ်ကနေ ၆ နှစ် အထိ ကလေးတွေကို ဘင်္ဂလီစာနဲ့ အင်္ဂလိပ်စာ သင်ပြ ပေးနေပါတယ်။

မေး။ ။ ပညာအရည်အချင်း သိပါရစေ။

ဖြေ။ ။ ဖလောင်းချိတ်ကောလိပ် BBS တတိယနှစ် ကျောင်းသူပါ။ အသက် ၂၄ နှစ်။

(ကိုမောင်အေးက မေးမြန်းသည်။)

ကင်တားနား ဘူးသီးတောင်သို့ ရောက်ရှိ

2/17/2010


ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တားနားသည် ယနေ့နံနက်တွင် စစ်တွေမှ တဆင့် ဘူးသီးတောင်သို့ ရောက်ရှိလာကြောင်း သိရသည်။

ဘူးသီးတောင် သင်္ဘောဆိပ်တွင် နေထိုင်သူ တဦးက “ သူတို့ မနက် ၁၀ နာရီခန့်မှာ ယူအန်က စပိဘုတ်တွေနဲ့ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ရေတပ်သင်္ဘောတွေလည်း ရေလမ်းတလျာက်နဲ့ ဘုတ်ဆိပ်၊ သင်္ဘောဆိပ်မှာ လုံခြုံရေး ယူထားတာကို တွေ့ရပါတယ်။ ရောက်ရင်ချက်ချင်းဘဲ အသင့်စောင့်နေတဲ့ ကားတွေနဲ့ ဘူးသီးတောင် ထောင်ဘက်ကို ထွက်ခွာသွားပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်က မျက်မြင်များ အပြောအရ နံနက်ပိုင်းက ထောင်ကို သွားရောက်လည်ပတ်ခဲ့ပြီး ထောင်သားများနှင့် တွေ့ဆုံခဲ့သည်။

“ သိရသလောက် ကိုဌေးကြွယ်တို့နဲ့ တွေ့တယ်လို့ သိရပါတယ်။ သာမန်လူတွေက ထောင်နားကိုတောင် မကပ်ရတော့ ဘယ်သူနဲ့ တွေ့တယ်ဆိုတာကို တိတိကျကျ ပြောဖို့ ခက်ခဲပါတယ်။ ထောင်အနီးတ၀ိုက်မှာလည်း လုံခြုံရေးတွေ အများကြီးချထားတာကို တွေ့ရပါတယ်။”
နိရဉ္စရာ သတင်း

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ယခုအခါ ဘူးသီးတောင်ရှိ ယူန်အန်အိပ်စီအာရ်နှင့် အေဇက်ဂျီ အပါအ၀င် နိုင်ငံခြား အန်ဂျီအိုများမှ အရာရှိများနှင့် တွေ့ဆုံနေသည်ဟု သိရသည်။

ယနေနေ့လည် ပိုင်းတွင် ဘူးသီးတောင်မှ စစ်တွေသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်ဟု သိရသည်။ စစ်တွေမှ တဆင့် မနက်ဖြန်တွင် ရန်ကုန်သို့ ပြန်မည် ဖြစ်သည်။ ယမန်နေ့က စစ်တွေသို့ ရောက်လျှင် ရောက်ချင်း ကင်တားနားသည် စစ်တွေထောင်သို့ သွားရောက် လည်ပတ်ခဲ့သည်ဟု သိရသည်။

ကုလ ကိုယ်စားလှယ် ကင်တားနား စစ်တွေကို ရောက်ပြီ

2/16/2010

မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ယနေ့နံနက်က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိလာသည်။

ယခုအခါ ကင်တားနားမှာ စစ်တွေဟိုတည်တွင် တည်ခိုနေသည်ဟု ဟိုတယ် စာရေးမ တဦးက အတည်ပြု ပြောကြားသည်။

“ ဒီမှာ တည်ခိုးဖို့ ရောက်ရှိလာတာ မှန်ပါတယ်။ ဘယ်ကို သွားမယ် ဘယ်သူနဲ့ တွေ့မယ် ဆိုတာကို ကျွန်မတို့ မသိပါဘူး” ဟု ပြောသည်။

စစ်တွေမြို့ခံ တဦးက စစ်တွေထောင်ကို သွားမည် ဖြစ်ကြောင်း ယခုကဲ့သို့ ပြောသည်။

“ သူက စစ်တွေထောင်ကို သွားပါလိမ့်မယ်။ ထောင်သားတွေနဲ့ သူတွေ့မှာ ဖြစ်ပါတယ်။ သူမလာမှီ ဟိုတနေ့ကတည်းက ထောင်အာဏာပိုင်တွေက ပုဒ်မ ၁၄၄ တပ်ပြီး ထောင်အနီးမှာ ကပ်ထားတဲ့ အနီရောင် ဆိုင်းဘုတ်တွေ၊ လမ်းပိတ်ဆို့ထားတာကို ရုတ်သိမ်းထားတာတွေကို တွေ့ရပါတယ်။”

ပုဒ်မ ၁၄၄ ထုတ်ပြီး ကပ်ထားသော ဆိုင်းဘုတ်များတွင် “ ဖြတ်သန်းသွားလာခွင့် မပြု၊ ဖြတ်သန်းက ပစ်ခတ်မည်” ဟု ရေးသားထားသည်ဟု သိရသည်။

ယခုအခါ ကင်တားနား ခရီးစဉ်ကြောင့် စစ်တွေတွင် လုံခြုံရေးကို တင်းကျပ်ထားပြီး အထူးသဖြင့် ရဲသားများကို အရေးကြီးသော နေရာများနှင့် မူဆလင် ရပ်ကွက်များတွင် တိုးချဲ့ချထားသည်ဟု မျက်မြင်များက ပြောသည်။

မစ္စတာ ကင်တာနားသည် မနက်ဖြန်တွင် ဘူးသီးတောင်သို့ သွားရောက်မည် ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် ဒေသခံ မူဆလင် ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်သည်ဟု သိရသည်။

Monday, February 15, 2010


ဘင်္ဂလာဒေခ်ျ့ ကျေးလက် အမျိုးသမီးများဘ၀ကို လေ့လာစဉ် ထိုင်းမင်းသမီး သီရိဒုံ သက်ကယ်တဲတွင် နေထိုင်သွားမည်

2/15/2010

ထိုင်းမင်းသမီး သီရိဒုံသည် ကျေးလက် ဒေသ အမျိုးသမီးများ နှင့် ကလေးငယ်များ၏ ဘ၀ကို လေ့လာစဉ် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကျေးလက် ဒေသတခုတွင် သူမအတွက် ဆောက်လုပ်ထားသော သက်ကယ်တဲ အတွင်း နေထိုင်သွားမည်ဟု သတင်းရရှိသည်။

သူမသည် ယနေ့တွင် ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ သို့လေကြောင်း ခရီးဖြင့် ရောက်ရှိလာမည် ဖြစ်ပြီး မနက်ဖြန်တွင် သူမ လေ့လာရန် စီစဉ်ထားသည့် နိုင်ငံ မြောက်ပိုင်းမှ ဂိုင်ဘန်ဒါ ခရိုင်ကို သွားရောက်မည် ဖြစ်သည်။

အဆိုပါ ခရိုင်အတွင်းရှိ ယမုံနာမြစ် အတွင်းတည်ရှိသော ရာချပူရ်ကျွန်းငယ်တွင် သူမအနေထိုင်မည့် တဲငယ်အား တခြားတဲငယ် ၃၄ ဦးနှင့် အတူ တည်ဆောက် ထားပြီး ၅ ရက်ကြာနေထိုင်မည် ဖြစ်သည်။

ထိုင်းမင်းသမီး သီရိဒုံသည် အမေရိကန် အခြေစိုက် ဂျွန်ဟုက်ကိန်း (John Hopkins) တက္ကသိုလ် ရှိ ဘလုံဘခ် (Bloomberg) ကျောင်း လူထုကျန်းမာရေး ဌာန ၏ သုတေသန အဖွဲ့ဝင် တဦး အနေဖြင့် လိုက်ပါလာမည် ဖြစ်ပြီး သူမနှင့် အတူ အဖွဲ့ဝင် ၃၄ ဦး ပါဝင်မည် ဖြစ်သည်။

သူမနှင့် အတူ ထိုင်းဘုရင့် ဆွေတော် မျိုးတော် ၅ဦးလည်း အတူ လိုက်ပါလာမည်ဟု သိရသည်။

သူမနေထိုင်မည့် သက်ကယ်တဲ ခြံဝင်း အတွင်း လှပသော ပန်းခြံတခုကိုလည်း တည်ဆောက်ထားကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

ထိုင်းမင်းသမီး သီရိဒုံသည် အဆိုပါ လေ့လာရေးခရီးစဉ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံကျေးလက်ဒေသရှိ မိခင်များ၏ ဘ၀နှင့် ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေများကို အဓိက လေ့လာ သုတေသန ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။